
မီဇိုရမ်ပြည်နယ်၊ Lawngtlai ခရိုင်မှာ အိမ်နီးချင်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကနေ တရားမဝင် ဝင်ရောက်လာသူတွေ များပြားလာတာကြောင့် ဖြစ်ပေါ်လာတဲ့ စိုးရိမ်ရမယ့် အခြေအနေတွေကို ဖြေရှင်းနိုင်ဖို့အတွက် ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုတွေ လုပ်ဆောင်သွားဖို့ ဒုတိယခရိုင်ဝန် Donny Lalruatsanga ဦးဆောင်တဲ့ အတိုင်ပင်ခံအစည်းအဝေးတစ်ခုမှာကို ပြီးခဲ့တဲ့ ဇန်နဝါရီ (၁၉) ရက်နေ့က Lawngtlai မြို့မှာ ဆွေးနွေးခဲ့တယ်လို့ Times of India မှာ ဖော်ပြပါတယ်။
အဲဒီအပြင် တရားမ၀င် ၀င်ရောက်မှု ပြဿနာဟာ နောင်တစ်ချိန်မှာ ပြည်နယ်အတွက် ပိုပြီး ကြီးမားတဲ့ အခက်အခဲတွေ ဖြစ်လာနိုင်တာကြောင့် အုပ်ချုပ်ရေးပိုင်းတင်မကဘဲ ရဲတပ်ဖွဲ့၊ အာသံရိုင်ဖယ် (Assam Rifles) နဲ့ ဒေသခံ အရပ်ဘက်အဖွဲ့အစည်းတွေ အားလုံး ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြဖို့ ဒုခရိုင်ဝန် Donny Lalruatsanga ကတိုက်တွန်းခဲ့ပါတယ်။
အဲဒီအစည်းအဝေးမှာ မြန်မာစစ်ဘေးရှောင်တွေ အပါအဝင် တရားမဝင် ဝင်ရောက်လာသူတွေနဲ့ ပတ်သက်ပြီး စည်းကမ်းမဲ့ ကုန်သွယ်မှုတွေကို စနစ်တကျ အရေးယူ ဆောင်ရွက်နိုင်ဖို့အတွက် လုပ်ထုံးလုပ်နည်း (SOP) မူကြမ်းရေးဆွဲရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့ကြပြီး အဲဒီ SOP ကို လာမယ့် ဖေဖော်ဝါရီလလယ်မှာ အပြီးသတ်နိုင်ဖို့ ရည်မှန်းထားပါတယ်။
ဒုတိယခရိုင်ဝန်က လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်တွေကို အသိအမှတ်ပြုပေမယ့်လည်း နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာမှုတွေနဲ့ ပတ်သက်လို့ အချိန်မီ အရေးယူ ဆောင်ရွက်ဖို့ ပျက်ကွက်မယ်ဆိုရင် ရေရှည်မှာ ဆိုးကျိုးတွေ ရှိလာနိုင်တာကြောင့် ပြည်နယ်အစိုးရရဲ့ လမ်းညွှန်ချက်အတိုင်း လိုအပ်တဲ့ အဆင့်ဆင့်ကို လုပ်ဆောင်သွားမှာဖြစ်တယ်လို့ အလေးပေး ပြောကြားခဲ့ပါတယ်။

