
By ဒေါ်ကျိန်ထိတ်ကိမ် (ခ) ကိမ်နူး အထက်တန်းရှေ့နေ
ချင်းဓလေ့ထုံးတမ်းအရ အချို့ဒေသများတွင် အကြီးဆုံးသား သို့မဟုတ် အငယ်ဆုံးသားကသာ အမွေဆက်ခံခွင့်ရှိပြီး ကျန်သည့် သားသမီးများမှာ အမွေဆက်ခံခွင့် ဆုံးရှုံးကြသည်ဟု ယူဆထား သည့် အလေ့အထများ ယနေ့အထိ တည်ရှိနေဆဲဖြစ်ပါသည်။
သို့ရာတွင် တည်ဆဲဥပဒေများနှင့် တရားရုံးစီရင်ထုံးများအရ အမျိုးသမီးများ၊ အထူးသဖြင့် ခရစ်ယာန်ဘာသာဝင် ချင်း အမျိုးသမီးများ၏ အမွေဆက်ခံခွင့်နှင့် ပတ်သက်၍ သိမှတ်ဖွယ်ရာ ဥပဒေရေးရာအချက်အလက်များကို ဖော်ပြလိုပါသည်။
၁။ ဓလေ့ထုံးတမ်းဥပဒေ နှင့် အက်ဥပဒေ (Customary Law vs Act) ဥပဒေရေးရာအခြေခံသဘောတရားအရ ဓလေ့ထုံးတမ်းဥပဒေသည် ပြဋ္ဌာန်းထားသည့် အက်ဥပဒေနှင့် ဆန့်ကျင်ပါက အက်ဥပဒေကို ဦးစားပေး အသုံးချရပါသည်။
ဓလေ့ထုံးတမ်းဥပဒေ (Customary Law) ဆိုသည်မှာ လူ့အဖွဲ့အစည်းတစ်ခုအတွင်း ရှေးယခင်ကတည်းက လက်ခံကျင့်သုံး လာခဲ့သည့် အလေ့အထများ၊ စံနှုန်းများကို အခြေခံထားသော ဥပဒေဖြစ်ပါသည်။ အက်ဥပဒေ (Act) ဆိုသည်မှာ နိုင်ငံတော်၏ အာဏာပိုင်အဖွဲ့ အစည်းမှ အတည်ပြုပြဋ္ဌာန်းထားသော တရားဝင်ဥပဒေဖြစ်ပါသည်။
၂။ ချင်းဝိဒေသတိုင်း (ပြင်ဆင်ချက်) ဥပဒေအရ အမွေ ဆက်ခံခွင့် ချင်းဝိဒေသတိုင်း (ပြင်ဆင်ချက်) ဥပဒေ ပုဒ်မ ၃၁၊ ဇယားအပိုဒ် ၃ တွင် ဒေသတစ်ခုလုံး၏ ထုံးတမ်းစဉ်လာဥပဒေတွင် မည်သို့ပင်ရှိစေကာ မူ သားသမီးအားလုံးသည် အမွေဆက်ခံခွင့် ရှိရမည် ဟု အတိအလင်း ပြဋ္ဌာန်းထားပါသည်။
ဤပြဋ္ဌာန်းချက်ကို မောင်ဇော်လင်းထွန်းပါ ၃ နှင့် ဦးဇော်လ (၂၀၁၉ မတစ၊ ၂၄) အမှုတွင် တရားရုံးက အတည်ပြုထားပြီး၊ ဓလေ့ ထုံးတမ်းအရ အမျိုးသားများကိုသာ အခွင့်အရေးပေးထားသည်ဟု ယူဆထားသော်လည်း တည်ဆဲဥပဒေအရ သားနှင့် သမီး မခွဲခြားဘဲ သားသမီးအားလုံးကို တန်းတူအမွေဆက်ခံခွင့် ပေးရမည် ဖြစ်ကြောင်း ဖော်ညွှန်းထားပါသည်။
ဥပမာအားဖြင့် ချင်းပြည်နယ်အတွင်း မိဘနှစ်ပါးက သေတမ်းစာ (will) မ ရေးသားထားဘဲ ကွယ်လွန်သွားပြီး သားသုံးဦးနှင့် သမီးနှစ်ဦး ကျန် ရှိခဲ့ပါက၊ ချင်းဓလေ့ထုံးတမ်းအရ အကြီးဆုံးသားကသာ အိမ်နှင့် မြေယာအမွေကို ဆက်ခံရမည်ဟု ယူဆကာ သမီးများ၏ အမွေ ဆက်ခံခွင့်ကို မပေးခဲ့သဖြင့် အငြင်းပွားမှု ဖြစ်ပွားလာနိုင်ပါသည်။
ထိုအခြေအနေတွင် သမီးများက မိမိတို့၏ အမွေဆက်ခံခွင့်ကို တောင်းဆို၍ တရားရုံးသို့ လျှောက်ထားခဲ့ပါက၊ တရားရုံးအနေဖြင့် ဓလေ့ထုံးတမ်းကိုသာ အခြေခံ၍ ဆုံးဖြတ်မည်မဟုတ်ဘဲ ချင်းဝိဒေသတိုင်း (ပြင်ဆင်ချက်) ဥပဒေ ပုဒ်မ ၃၁ နှင့် သက်ဆိုင်ရာ စီရင်ထုံးများကို အခြေခံ၍ ဆုံးဖြတ်ရမည်ဖြစ်ပါသည်။
ထိုသို့ ဆုံးဖြတ်ရာတွင် သားနှင့် သမီး မခွဲခြားဘဲ သားသမီးအားလုံးသည် တန်းတူအမွေဆက်ခံခွင့် ရှိကြောင်းကို အတည်ပြုပေးနိုင်ပါသည်။ ထို့ကြောင့် ချင်းဓလေ့ထုံးတမ်းအရ အမျိုးသမီးများ အမွေဆက်ခံ ခွင့် မရှိဟု ယူဆနေကြသော်လည်း လက်တွေ့တွင် တည်ဆဲဥပဒေ များနှင့် တရားရုံးစီရင်ထုံးများအရ ချင်းအမျိုးသမီးများသည် သားသမီးတစ်ဦးအဖြစ် မိမိတို့၏ အမွေဆက်ခံခွင့်ကို တောင်းဆိုနိုင် ခွင့် အပြည့်အဝ ရှိပါသည်။
ဤသည်မှာ အမျိုးသားနှင့် အမျိုးသမီး တန်းတူအခွင့်အရေးကို အကာအကွယ်ပေးရန် ဥပဒေက ရည်ရွယ် ထားခြင်းဖြစ်ပါသည်။

ကိုးကား
ခရစ်ယာန်ဘာသာဝင်များ ထိမ်းမြားခြင်း၊ ကွာရှင်းခြင်း၊ အမွေ ဆက်ခံခြင်း အက်ဥပဒေများနှင့် သိကောင်းစရာ မှတ်စုများ (ဦးအယ်လ်တိမ်းဘောမ် ညွှန်ကြားရေးမှူး (ငြိမ်း))

