
ဇန်နဝါရီလ ၂၄ ရက်။
အာဏာသိမ်းစစ်ကောင်စီ(စစ်ကော်မရှင်)ခန့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နဲ့ ပြည်နယ်ဝန်ကြီးတွေဟာ ယမန်နေ့ဇန်နဝါရီ ၂၃ မွန်းလွဲပိုင်းက ဟားခါးမြို့က ချင်းပြည်နယ်လွှတ်တော်ရုံးသို့သွားရောက်ပြီး ချင်းပြည်နယ်လွှတ်တော်ရုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့တယ်လို့စစ်ကောင်စီလက်အောက်ခံ ပြန်ကြား ရေးဝန်ကြီးဌာနက ဒီကနေ့ ဇန်နဝါရီလ ၂၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နဲ့ ပြည်နယ်ဝန်ကြီးတွေဟာ လွှတ်တော်အစည်းအဝေးခန်းမ၊ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌရုံးခန်းများ၊ ရေးရာရုံးခန်းများနှင့် ချင်းပြည်နယ်လွှတ်တော်ရုံးပိုင် မန်းထားရိပ်သာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို စစ် ဆေးပြီးလိုအပ်တာများမှာကြားခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြန်ကြား ရေးဝန်ကြီးဌာနက ဒီကနေ့ ဇန်နဝါရီလ ၂၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဟားခါးခရိုင်စုပေါင်းရုံးဝန်းအတွင်း (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားနှင့် (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ် ဆေးခဲ့တယ်လို့လည်း စစ်ကောင်စီလက် အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။
ဒီဇင်ဘာလ ၂၈ ရက်က ချင်းပြည်နယ် ဟားခါးနဲ့တီးတိန်မြို့နယ်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအပိုင်း (၁) မှာ ချင်းပြည်နယ်လွှတ်တော်နေရာမှာ အနိုင်ရသူအကုန်ယူစနစ်/အချိုးကျကိုယ်စားပြုစနစ်နဲ့ အနိုင်ရတဲ့ကိုယ်စားလှယ် ၁၁ ယောက်စာရင်းကို ဇန်နဝါရီလ ၅ ရက်နေ့မှာ စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေငြာခဲ့ပြီး ချင်းပြည်နယ်လွှတ်တော်နေရာမှာ အနိုင်ရရှိတဲ့လွှတ်တော်ကိုယ်စားလှယ် ၁၁ ယောက်ဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီက ၆ ယောက်နဲ့ ဇိုမီးအမျိုးသားပါတီက ၄ ယောက်နဲ့ ချင်းပြည်သစ်ကွန်ဂရက်ပါတီက ၁ ယောက် တို့ဖြစ်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က လာမယ့်မတ်လမှာ လွှတ်တော် ခေါ်ယူပြီးအနိုင်ရတဲ့ပါတီကိုအာဏာလွဲ ပြောင်းပေးမယ်လို့ ပြောထားပါတယ်။
အာဏာသိမ်းစစ်ကော်မရှင်က ကျင်းပတဲ့ ၂၀၂၅ ပါတီစုံ ရွေးကောက်ပွဲမှာအနိုင်ရရှိတဲ့ ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၁ ယောက် နဲ့တပ်မတော်သားကိုယ်စားလှယ် ၆ ယောက် တို့ပါဝင်တဲ့ချင်းပြည်နယ်လွှတ်တော်ကို မတ်လအတွင်းမှာကျင်းပမှာဖြစ်ပါတယ်။

