Headlines

ပလက်၀သား ချင်းအမျိုးသားခေါင်းဆောင် သီရိပျံချီဦးထပ်လှိုင်း

Salai Okla Bik

ဗိုလ်တထောင်သတင်းစာအဟောင်းထဲက နိုင်ငံတော်သမ္မတကြီး ဗိုလ်ချုပ်ကြီးနေဝင်းကိုယ်စား ချင်းပြည်နယ်ပြည်သူ့ကောင်စီ ဥက္ကဌဒုတိယဗိုလ်မှူးကြီးအီးကေကင်ငင်းမှ သီရိပျံချီဦးထပ်လှိုင်းအား နိုင်ငံ့ဂုဏ်ရည်ဘွဲ့ပထမအဆင့်ပေးအပ်ချီးမြှင့်သည့် သတင်းစာဖြတ်ပိုင်း မထင်မှတ်ဘဲ မှတ်စုစာအုပ်ကြား၌ ​ရတနာတစ်ပါးအလားတွေ့မြင်သောအခါ အတိုင်းမသိဝမ်းမြောက်ဂုဏ်ယူနေပါသည်။ စာအုပ်စာပေချစ်မြတ်နိုးသော အညတြကျွန်တော့်အတွက်ကား အမှိုက်ထဲကရွှေ နွံနစ်ထဲကပတ္တမြားလိုဘဲ။ ထို့ကြောင့်တွေ့ဆုံမေးမြန်းချက်ထဲက အခြားစာအုပ်စာစောင်တွေထဲကလေ့လာသမျှ သူ့ဘဝပုံရိပ်ကောက်ကြောင်း တစေ့တစောင်း အရိုအသေပေးဂါရဝပြုသည့်အနေဖြင့် ဆောင်းပါးမတိုမရှည် စာကလောင်သွေးနေရခြင်းဖြစ်သည်။

သူသည် ၁၉၀၇ခုနစ်မတ်လတွင် ပလက်ဝမြို့နယ်လောင်းကဒူးရွာတွင် ဦးကိန်ထုန်းနှင့်ဒေါ်အန်ဆောက်တို့က မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ထာ့လဲန်းဖြစ်သည်။ မွေးချင်းငါးယောက်အနက် သုံးယောက်မြောက်သားဖြစ်သည်။ ငယ်စဥ်ကပလက်ဝမြို့၌ စတင်ပညာသင်ယူခဲ့သည်။ စစ်တွေစာစစ်ဌာနမှ သတ္တမတန်းအောင်မြင်သည်။ ထို့နောက်ပလက်ဝမြို့ပေါ်၌ ပြောင်းရွှေ့ကာ အခြေချခဲ့သည်။

သူ့အသက်ဆယ်နှစ်ကျော်အရွယ်တွင် ဗုဒ္ဓဘာသာထုံးတမ်းစဥ်လာအတိုင်း ရှင်ပြုရလေသည်။ သူ့ညီအစ်ကိုများနှင့်အတူ ရှင်ပြုမင်ဂလာပြုသည်။ သူတိုရှင်ပြုမင်ဂလာပြုသည် ထိုအချိန်က ပလက်ဝမြို့ပေါ်၌ အခမ်းနားအကြီးကျယ်ဆုံး ဖြစ်လေသည်။ မြို့ပေါ်ဆွေမျိုးများ၊ မြို့နီးနားရှိမိတ်သင်ဂဟများဖြင့် အလွန်စည်ကားသိုက်မြိုက်လှသည်။ ကိုရင်ဘဝ၌သူသည် ဆရာတော်ဘုရားထံမှဗုဒ္ဓစာပေ၊အခြေခံဓမ္မ၊ဝိနည်း၊ ကျမ်းစာပေများ လေ့လာသင်ယူခဲ့သည်။ တစ်လပြည့်သောအခါ လူထွက်ခဲ့သည်။

ထိုသို့ကျောင်းထွက်ခဲ့ပြီးနောက် ဆမီးအမက၌ မူအုပ်အဖြစ် သုံးနစ်ထမ်းဆောင်ခဲ့သည်။ ထို့နောက် စိုက်ပျိုးရေးဌာနသို့ပြောင်းရွှေ့ခဲ့သည်။ ကျောက်တော်၊ စစ်တွေမြို့၌ သင်တန်းတက်ရောက်ခဲ့သည်။ ၁၉၃၁ခုနစ်မှ ၁၉၄၅ခုနစ်အထိ ပြည်သူ့ရဲတပ်ဖွဲ့၌ ရဲအုပ်အဆင့်ဖြင့် ထပ်မံထမ်းဆောင်ခဲ့သည်။ ထိုစဥ်ကလူကြီးနယ်လှည့်ခရီးစဥ်များ၌ လုံခြုံရေးအဖြစ် ရခိုင်ပြည်နယ် မင်းပြား၊ ကျောက်တော်၊ စစ်တွေအထိလည်း သွားရောက်ခဲ့သည်။ ချင်းပြည်နယ်မတူပီနယ်၊ လည်မျို၊ ပိုင်ချောင်းတစ်ဝိုက် ရောက်ရှိခဲ့သည်။၁၉၃၅ ခုနစ်တွင် ဒို့ဗမာအစည်းအရုံးနှင့်လည်းတိတ်တဆိတ်ဆက်သွယ်ခဲ့သည်။ ၁၉၄၅ခုနစ်မှ ၁၉၄၇ခုနစ်အထိ တိုက်အုပ်အဖြစ် ထပ်မံထမ်းဆောင်ခဲ့သည်။

ဒုတိယကမ္ဘာစစ်ကြီးကာလအတွင်း ပလက်ဝနယ် ဆမီးချောင်းတစ်ဝိုက်၌ ခိုးသားဓားပြများဆူးပူလှုပ်ရှားနေကြသည်။ မိဘပြည်သူများအလုပ်အကိုင်ပျက် နေကြသဖြင့် စားနပ်ရိက္ခာမရှိရှားပါးဆင်းရဲလာသည်။ အခြားရွာချင်းလည်းအဆက်အသွယ် ပြတ်သည်။ ထိုစဥ်ကမတူပီ၌ တပ်စွဲထားသော ချင်းလဲဗီးတပ်တို့က သွားရောက်နှိမ်နင်းခဲ့သည်။ စိုးနီကနောင်ရွာတွင်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ ထို့နောက်မကြာမီ ပလက်ဝနယ်မှ ရဲအုပ်ထပ်လှိုင်းနှင့်အဖွဲ့ရောက်လာပြီး နယ်မြေအေးချမ်းသာယာရေး၊ လူငယ်များပညာသင်ကြားရေး၊မိဘပြည်သူများ စိတ်အေးချမ်းသာစွာ အသက်မွေးဝမ်းကျောင်းနိုင်ရေးအတွက် ပညာ​ပေး စည်းရုံးနှိုးဆော်ခဲ့သည်။

၁၉၄၅ခုနစ်ဧပြီလကုန်ပိုင်းတွင် အရှေ့တောင်အာရှ မဟာမိတ်တပ်ပေါင်းစု စစ်သေနာပတိဂျင်နရယ် လော့ဒ်မောင့်ဘက်တန်သည် ပလက်ဝမြို့နယ်မှလူကြီးများဆန္ဒသဘောထားသိရှိကြားနာလိုသဖြင့် လူကြီးခုနစ်ဦးတို့အား စေလွှတ်ပေးရန်သက်ဆိုင်ရာသို့အကြောင်းကြားခဲ့သည်။ ထိုစဥ်ကပလက်ဝနယ်အရေးပိုင် မစ္စတာဆီယာသည် မြို့မိမြို့ဖများခေါ်ဖိတ်ပြီး အရေးပိုင်ရုံး၌တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဦးထပ်လှိုင်း၊ ဦးထိန်ကုန်း၊ ဦးစိုးဝန်း၊ ဦးမောင်ညှာ၊ ဦးတိန်ထူး၊ဦးထွန်းမြ၊ ဦးစောလှတို့အား တရားဝင်စေလွှတ်ခဲ့ကြသည်။

ရန်ကုန်မြို့တွင် အဆိုပါကိုယ်စားလှယ်များနှင့်တွေ့ဆုံခဲ့ကြစဥ် နန်းရင်းဝန်က မကြာမီဒုတိယကမ္ဘာစစ်ကြီးပြီးရင် မြန်မာပြည်ကိုလွတ်လပ်ရေးပေးဖို့ ဂတိရှိသည့်အတိုင်းတစ်ချိန်ချိန်တွင် ပေးနေမည်ဖြစ်သည်။

သို့ဖြစ်၍ပလက်ဝမြို့နယ်မှလူကြီးခုနစ်ဦး၏ ဆန္ဒရယူလိုသဖြင့်ခေါ်ယူရခြင်းဖြစ်သည်။ ဤသို့ဆန္ဒရယူရန် ခေါ်ယူရခြင်းမှာ ပလက်ဝမြို့နယ်အား ချင်းတောင်တန်းနှင့်ပေါင်းမလား၊ ရခိုင်တောင်တန်းနှင့်ပေါင်းမလား ။ဤကိစ္စကိုဆန္ဒရယူလိုသဖြင့်ခေါ်ယူရခြင်းဖြစ်ကြောင်း လူကြီးမင်းကဆက်ပြောကြားခဲ့သည်။ ဤသို့ပြောကြားပြီးဆန္ဒသဘောထားခံယူခဲ့ရာ နစ်ဦးက ရခိုင်နှင့်ပူးပေါင်းရန်ထွက်ဆိုသည်။ ဦးထပ်လှိုင်းနှင့်အဖွဲ့တို့ကမူ ချင်းနှင့်ပူးပေါင်းရန်ဆန္ဒပြုခဲ့ကြသည်။

၁၉၄၅ခုနစ်သြဂုတ်လတွင် ရန်ကုန်၌ ကျင်းပသောနေသူရိန်ညီလာခံ၌လည်း ပါဝင်တက်ရောက်ခဲ့သည်။ ၁၉၄၆ခုနစ်နိုဝင်ဘာလတွင် ဦးဘဆိုင်၊ ဦးဝမ်းသူမောင်နှင့်ဖဆပလအဖွဲ့ကိုယ်စားလှယ်တို့သည် ဖလမ်းမြို့သို့ရောက်ရှိခဲ့ကြကာ တွေ့ဆုံပွဲ​ပြုလုပ်ခဲ့ကြသည်။

တောင်တန်းပြည်မလွတ်လပ်ရေးအတူတူ ဆွတ်ခူးရယူရန်သဘောတူကြသဖြင့် ချင်းတောင်တန်းကော်မရှင်ဖွဲ့စည်းကာ ဦးထပ်လှိုင်း၊ ဦးဂျွန်ဆန်နိန်းတို့လည်း ရွေးချယ်ခဲ့ကြသည်။ ၁၉၄၇ခုနစ်ဖေဖော်ဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်းကြီးမှူးဦးဆောင်မှုဖြင့် ပင်လုံညီလာခံကျင်းပခဲ့သည်။ ထိုညီလာခံသို့ အာရကန်တောင်တန်းစီရင်စုခေါ်သည့်ပလက်ဝမြို့နယ်မှ ဦးထပ်လှိုင်းကိုယ်တိုင်ဦးဆောင်လျက် ဦးထွန်းမြ၊ဦးလွန်းပူ၊ ဦးဇော်လှ၊ ဦးဝင်းညို၊ ဦးဗိုလ်မောင်၊ ဦးသာအောင်တို့သွားရောက်ခဲ့ကြသည်။ သို့သော်နောက်ကျသဖြင့် မတက်ရောက်ဖြစ်ချေ။ ရန်ကုန်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်နု၊ ဦးကျော်ငြိမ်း၊ဦးဝမ်ကိုဟောတို့နှင့်တွေ့ဆုံကြလျက် လွတ်လပ်ရေးရပြီးနောက်ပိုင်း ပလက်ဝမြို့နယ်အရေး တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အောင်ဆန်း အက်တလီစာချုပ်အပိုဒ်(၈)အပိုဒ်ခွဲ (ဃ) အရ မြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်ရေးဆွဲရာ၌ နယ်ခြားဒေသများပေါင်းစည်းဆက်ဆံနိုင်ရန် အကောင်းဆုံးစနစ်ရှာဖွေနိုင်ရန်အတွက် စုံစမ်းရေးကော်မတီတစ်ခုချက်ချင်းဖွဲ့စည်းရမည်ဟူ၍ ပါရှိခဲ့သည်။ သို့ဖြစ်၍ဗြိသိသျှအစိုးရအနေဖြင့် လေဘာပါတီမှ ဗြိသိသျှပါလီမန်အောက်လွှတ်တော်အမတ် လက်ဖတင်ကာနယ်ရိစ်ဝီလီယမ်ကို စေလွှတ်ခဲ့ပြီး တောင်တန်းဒေသစုံစမ်းရေးကော်မတီကို အဖွဲ့ဝင်ကိုးဦးဖြင့်ဖွဲ့စည်းခဲ့သည်။၁၉၄၇ခုနစ်မတ်လ၁၉ရက်မှ ၂၆ရက်နေ့အထိ ရန်ကုန်၌ရုံးထိုင်ခဲ့သည်။ထို့နောက်မေမြို့(ယခုပြင်ဦးလွင်)၌ ဆက်လက်ကျင်းပခဲ့သည်။

အဆိုပါကော်မရှင်နှင့်တွေ့ဆုံရန် အာရကန်တောင်တန်းစီရင်စု ပလက်ဝမြို့နယ်မှ ဦးထပ်လှိုင်းဦးဆောင်လျက် ဦးထွန်းအောင်၊ဦးပတ်ဝဲ၊ ဦးဌေးတူ၊ ဦးလွန်းပူ၊ ဦးမောင်မျှား၊ ဦးထွန်းမြ၊ဦးစောလှ၊ ဦးသာအောင်တို့ သွားရောက်ခဲ့ကြသည်။ ၁၉၄၇ခုနစ်မတ်လ ၁၉ရက်နေ့တွင်ရန်ကုန်မြို့၌ ကော်မရှင်အဖွဲ့နှင့်တွေ့ဆုံခဲ့ကြသည်။

မေးမြန်းချက်အရ ဟားခါးနှင့်ကန်ပက်လက်ချင်းတို့သည် ဝန်ကြီးများအုပ်ချုပ်သော မြန်မာနိုင်ငံနှင့်ပူးပေါင်းလျှင် မိမိတို့လည်း ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း၊ မိမိတို့ဒေသနှင့်ပိုမိုနီးကပ်သော ဟားခါးချင်းတို့ဆောင်ရွက်သမျှကို မိမိတို့လိုက်ပါဆောင်ရွက်ကြမည်ဖြစ်ကြောင်းထွက်ဆိုသည်။ အဆိုပါပုဂ္ဂိုလ်များအားလုံးသည် ပလက်ဝနယ်အားချင်းတောင်တန်းနှင့်ပူးပေါင်းပြီး ချင်းဝိ​သေသတိုင်းကိုထူထောင်ရန်သဘောတူကြကြောင်း ၄င်းတောင်တန်းဒေသစုံစမ်းရေးကော်မရှင်အဖွဲ့၏ အစီရင်ခံချက်၌ ရေးသားဖော်ပြထားသည်။

၁၉၄၇ခုနစ် ဧပြီလ ၄ရက်ပလက်ဝမြို့တွင် လူထုစည်းဝေးကြီးပြုလုပ်ကြကာ ဦးထပ်လှိုင်းအားတိုင်းပြပြည်ပြုလွှတ်တော်အမတ်အဖြစ် တညီတညွတ်တည်း ရွေးချယ်ခဲ့ကြသည်။ပထမအကြိမ် တိုင်းပြုပြည်ပြုလွှတ်တော်အစည်းအဝေးကို ထိုနစ်ဇွန်လတွင် ရန်ကုန်မြို့၌ကျင်းပရာ သူလည်းတက်ရောက်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာ၌ ချင်းလူမျိုး ဦးဝမ်ကိုဟော၊ ဦးဝမ်းသူမောင်၊ ကပ္ပတိန်မန်တုန်နုန်း၊ဦးငွန်တိုး၊ ဦးဆဝစ်တို့နှင့်တွေ့ဆုံခဲ့ကြလျက် တစ်စိတ်တစ်ဝမ်းတည်း သဘောထားအမြင်ချင်းဖလှယ်ခဲ့ကြသည်။

သူသည်၁၉၄၇ခုနစ်ဇူလိုင်လ ၁၉ရက် မနက်တွင် အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အား သွားရောက်ဂါရဝပြုလျက် ပလက်ဝမြို့နယ်အရေးကိစ္စ ပြောပြပေးခဲ့သည်။ ထို့နောက် မြန်မာပြည်ဘုရင်ခံကောင်စီဝင် ဦးဝမ်ကိုဟောထံ ထပ်မံသွားတွေ့ခဲ့ရာ နာဂတောင်တန်းခေါင်းဆောင်များနှင့်လည့်း အတူတွေ့ဆုံခဲ့ကြပြီး ပလက်ဝမြို့နယ်အရေး၊ လွတ်လပ်ရေးရပြီးနောက် အုပ်ချုပ်ရေးဖက်တွင် အရေးပိုင်၊ ခရိုင်ဝန်အဆင့်ဆက်လက်ထားရှိရေးတင်ပြအကြံပြုခဲ့သည်။ ဤသူတို့နှင့်တွေ့ဆုံခဲ့ကြသဖြင့် ဘုရင်ခံ၏အမှုဆောင်ကောင်စီ ဒုတိယအတိုင်ပင်ခံ ချင်းရေးရာ ဝန်ကြီးဦးဝမ်ကိုဟောသည် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနောက်ဆုံး ဦးဆောင်ကျင်းပခဲ့သော အတွင်းဝန်ရုံးများ ရုံးအတွင်း . အစည်းအဝေး ကြီး နောက်ကျသဖြင့်ကံကောင်းသူဝန်ကြီးအဖြစ် မြန်မာ့သမိုင်း၌ အမည်တွင်ခဲ့ခြင်းဖြစ်သည်။ လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ နိုင်ငံတော်စျာပနအခမ်းအနား၌လည်း ပါဝင်တက်ရောက်ခဲ့သည်။ ထိုသို့သူတို့ခေတ်က ကိုလိုနီလက်အောက်နိုင်ငံ ကျရောက်နေစဥ် ကိုယ်ကျိုးမဖက် တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်ဖြင့် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် ကြေးမုံမှန်ပမာ ထင်ဟပ်တွေ့မြင်ကြရသည်။

ဤသို့ ပလက်ဝမြို့နယ် ပြည်သူလူထု၏သဘောတူညီချက်ဖြင့် တောင်တန်းဒေသကော်မရှင်ထံ အဖွဲ့သားများနှင့်အတူလက်တွဲတင်ပြတောင်းဆိုခဲ့သည်။ တဖန်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး ကော်မရှင်၌ကိုယ်ပါဝင်သည်မက ဥပဒေဘောင်အတွင်းမှတင်ပြချက်အရ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း ၉၊ အပိုဒ် ၅၊ ပုဒ်မ ၁၉၆အရ ရခိုင်တောင်တန်းခရိုင်နှင့် ချင်းတောင်တန်းခရိုင်တို့ပူးပေါင်းပြီး ချင်းဝိ​သေသတိုင်းဖြစ်လာသည်။ ၁၉၄၇ခုနစ် စက်တင်ဘာလ ၂၄ရက်နေ့ ဖဆပလညီလာခံတွင် တညီတညွတ်တည်း အတည်ပြုခဲ့ကြသည်။ ထိုစဥ်က အမတ်ဦးထပ်လှိုင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မရှင် ချင်းအမျိုးသားများထဲကဦးဝမ်ကိုဟော၊ ဦးဝမ်သူးမောင်၊ကပ္ပတိန်မန်တုန်နုန်းနှင့်အဖွဲ့အား ကျေနပ်ဝမ်းမြောက်စွာ ညစာဖြင့်တည်ခင်းဧည့်ခံခဲ့ကြသည်။

၁၉၄၈ခုနစ်ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့သည်။ သူသည်ပြိုင်ဖက်မရှိ တိုင်းပြုပြည်ပြုလွှတ်တော်အမတ်ဖြစ်လာသည်။ ၁၉၄၈ခုနစ် ဖေဖော်ဝါရီလ ၁၉ရက်မှ ၂၂ရက်နေ့အထိ ဖလမ်းမြို့၌ကျင်းပသော ချင်းအမျိုးသားညီလာခံသို့ ပလက်ဝမြို့နယ်မှလူထုကိုယ်စားလှယ်ပေါင်း ၃၀ကျော်ဦးဆောင်လျက် ပါဝင်တက်ရောက်ခဲ့ကြသည်။

အဆိုပါပလက်ဝမြို့နယ်မှ ကိုယ်စားလှယ်များကို သူကိုယ်တိုင်း ဦးဆောင်လျက် ပါဝင်တက်ရောက်ကြသည့် အမည်စာရင်းကို ၁၉၇၃ခုနစ်ထုတ် ချင်းမဂ္ဂဇင်း ပလက်ဝကဏ္ဍ၌အပြည့်အစုံရေးထိုးထား မှတ်တမ်းတင်ထားခဲ့သည်။

ထိုညီလာခံ၌တီးတိန်လူထုကိုယ်စားလှယ် ဦးထောင်ဇကိုင်း၏အဆို သားစဥ်မြေးဆက် ဆက်ခံသော မြေရှင်စော်ဘွား တုက်အုပ်စနစ်ပယ်ဖျက်လျက် ပြည်သူလူထုကရွေးချယ်တင်မြှောက်သည့် တိုက်နယ်ကောင်စီဖြင့်အစားထိုးရန်အဆိုအပေါ် ဦးစွန်မန်း၊ ဦးထန်းမောင်း၊ဦးထပ်လှိုင်းတို့က ထောက်ခံဆွေးနွေးခဲ့ကြသည်။

၁၉၅၁ခုနစ်ဇွန်လ ပထမအကြိမ်အထွေထွေရွေးကောက်ပွဲ၌လည်း ပလက်ဝမြို့နယ်မှပြိုင်ဖက်မရှိ သူ့အားဆက်လက်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်၊ ဦးဘအားလူမျိုးစုလွှတ်တော်ကိုယ်စားလှယ်အဖြစ် တိုက်ရိုက်ရွေးချယ်တင်မြှောက်ခဲ့သည်။

၁၉၅၆ခုနစ်ဧပြီလ ဒုတိယအကြိမ်ရွေးကောက်ပွဲ၌ လည်းသူ့အား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်၊ ဦးစောလှအားလူမျိုးစု လွှတ်တော်အဖြစ် ရွေးချယ်ခဲ့ကြသည်။ ၁၉၆၀ပြည့်နှစ်ဧပြီလ တတိယအကြိမ် အထွေထွေရွေးကောက်ပွဲ၌လည်း ဤလူကြီးနှစ်ဦးကသာ ဆက်လက်အနိုင်ရရှိခဲ့သည်။ထိုခေတ်အခါက ချင်းဝိ​သေသတိုင်းမှ သူတစ်ဦးတည်းသာ အထွေထွေရွေးကောက်ပွဲသုံးကြိမ်စလုံး ပါလီမန်အမတ်အဖြစ် အနိုင်ရရှိလျက် ၁၉၄၈ခုနစ်မှ ၁၉၆၂ခုနစ်မတ်လ တော်လှန်ရေးကောင်စီတက်သည်အထိ တဆက်တစပ်တည်းထမ်းဆောင်ခဲ့သူ နိုင်ငံရေး မျိုးချစ်ခေါင်းဆောင်တစ်ဦးဖြစ်သည်။

လွတ်လပ်ရေးရခါစ ၁၉၄၉ခုနစ် ဒီဇင်ဘာလမှစပြီး ပလက်ဝမြို့သည် ပြည်သူ့ရဲဘော်အဖွဲ့လက်ထဲကျရောက်ခဲ့သည်။ဤသို့သောင်းကျန်းသူအဖွဲ့လက်ထဲကျရောက်သဖြင့် အုပ်ချုပ်ရေးယန္တရားမလည်ပတ်နိုင်၊ ပညာရေးလည်း နစ်နာဆုံးရှုံးခဲ့ကြသည်။၁၉၅၁ခုနစ်အထွေထွေရွေးကောက်လည်း မကျင်းပနိုင်ကြချေ။ ၁၉၅၃ခုနစ် သန်းခေါင်စာရင်းလည်း မကောက်ယူနိုင်ကြချေ။အစိုးရငွေတိုက်က ငွေကျပ် ၄၂၃၀၀ လည်းရန်သူတို့က သိမ်းယူခဲ့ကြသည်။

ထိုအချိန်က သူ့အနေဖြင့် ပလက်ဝမြို့နယ်အေးချမ်းသာယာရေးအတွက် ချင်းရေးရာကောင်စီအစည်းအဝေး၌လည်း သူကတင်ပြခဲ့သည်။ ပြည်ထောင်စုပါလီမန်အစည်းအဝေး၌လည်း တင်ပြဆွေးနွေးခဲ့ရာ စစ်တပ်အင်အားမလုံလောက်ဟု အကြောင်းပြလျက် မအောင်မြင်ခဲ့ချေ။လူမျိုးစုလွှတ်တော်အမတ် ဦးဘကလည်း တင်ပြဆွေးနွေးခဲ့သည်။

၁၉၅၂ခုနစ် အောက်တိုဘာလတွင် ဦးနန်းခင်ဦးဆောင်ကွပ်ကဲမှုဖြင့်လူထုတပ်သား သုံးရာခန့်ကတော်လှန်ခဲ့ကြရာ လူသူလက်နက်အင်အားချင်းမမျှတသဖြင့် အရေးနိမ့်ခဲ့သည်။ ခေါင်းဆောင်များအား ဖမ်းဆီးထောင်ချခဲ့ကြသည်။ ထိုအခါသူ့အနေဖြင့်မြို့ခံလူကြီးများနှင့် လျှို့ဝှက်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ သူကိုယ်တိုင်ဆမီးအထိ သွားရောက်ကာ စည်းရုံးရေးဝင်သည်။ ထိုမှဆမီးချောင်းတလျှောက် ကျေးရွာများသို့ စည်းရုံးရေးလုပ်ရန် လူယုံဆက်သားစေလွှတ်သည်။ စာကီး၊ ကယောက်၊ လီတုန်၊စိုးနီကနောင်၊ ပါမောင်စသည့်ကျေးရွာများမှ လူကြီးလူငယ်များ တူမီး၊ လေးမြှားလက်နက်ကိုယ်စီကိုင်ဆောင်လျက် စာကီးတောင်ရွာသား ဦးဟိုင်တွန်းဦးဆောင်ကွပ်ကဲမှုဖြင့် ကုလားတန်မြစ်ကို မိုးမလင်းခင် ဝါးဖောင်ဖြင့်ဖြတ်ကူးကာ မြို့ထဲဝင်ကြပြီး တိုက်ပွဲဝင်ကြသည်။ဤသို့ဖြင့်ပလက်ဝမြို့သည် ၁၉၅၃ ခုနစ်မေလတွင် ရန်သူလက်ထဲကပြန်လည် ရယူခဲ့ကြသည်။ထို့နောက် ဦးထပ်လှိုင်း၊ ဦးအောင်ဒိုင် ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့စောင့်ထိန်းသိမ်းရေးအဖွဲ့ စတင်ဖွဲ့စည်းခဲ့သည်။ ထို့နောက်တွင် ညချိန်သူက ရေလမ်းဖြင့်ကျောက်တော်၊ စစ်တွေ၊ ထိုမှလေကြောင်းဖြင့်ရန်ကုန်သို့ ရောက်ရှိသည်။ ထိုအခြေအနေအရပ်ရပ်ကို ချင်းရေးရာဝန်ကြီးဦးရှိန်းထန်းထံ ချက်ချင်းသွားရောက်သတင်းပို့သည်။ ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုနှင့်တကွ ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ ဦးမောင်ကလေးတို့နှင့်လည်း တွေ့ဆုံတင်ပြခဲ့သည်။ ထိုမှ ပလက်ဝပြန်ရောက်ခဲ့သည်။ မြို့မိမြို့ဖအဖွဲ့သူ့အိမ်၌ အစည်းအဝေးခေါ်ယူပြီး မြို့နယ်အဆင့် အုပ်ချုပ်ရေး၊ပညာရေးနှင့်ပတ်သက်သည်များ အဆင့်ဆင့်ဆောင်ရွက်လုပ်ကိုင်နိုင်လေသည်။

၁၉၅၅ခုနစ်တွင် နိုင်ငံတော်တရားသူကြီးချုပ်ဦးသိမ်းမောင် ဦးဆောင်မှုဖြင့် ဆိုဗီယက်ရုရှားနိုင်ငံသို့ချစ်ကြည်ရေး ခရီး၌ ပါဝင်သွားရောက်ခဲ့သည်။ အပြန်ခရီးစဥ်တွင် ရူမေးနီးယား၊ တရုတ်၊တုန်ကင်း၊ မြောက်ဗီယက်နမ်နိုင်ငံများလည်း ရောက်ရှိခဲ့သည်။

ပါလီမန်အမတ်အ​ဖြစ် ထမ်းဆောင်ခဲ့စဥ် အမတ်ဦးဆန်နိန်းက မင်းတပ်- မတူပီ -ပလက်ဝကားလမ်းဖောက်လုပ်ရန်၊ အစိုးရရုံး အဆောက်အဦးသစ်များဆောက်လုပ်ပေးရန် ချင်းရေးရာကောင်စီအစည်းအဝေး၌ တင်ပြခဲ့စဥ်သူက ထောက်ခံဆွေးနွေးခဲ့သည်။ ပလက်ဝအထက၊ ဆမီး၊ ရှင်းလက်ဝအလက၊ စာကီးတောင်အမကရရှိနိုင်ရေး၊ ပလက်ဝပြည်သူ့ဆေးရုံအသစ်ဆောက်လုပ်ရေး၊ ရဟတ်ယဥ်ကွင်း၊ ကီမိုတောင် သဘာဝအပန်းဖြေစခန်း ဘေးမဲ့တောအဖြစ်သတ်မှတ်ထားရှိရေး၊ ကျောက်တော် – ဆမီး၊ ပလက်ဝရေကြောင်းလမ်းပုံမှန်ပြေးဆွဲနိုင်ရေး၊ ဝန်ထမ်းသစ်ခေါ်ယူရာတွင်ဒေသခံများ ဦးစားပေးခန့်ထားရေး၊ စကောလားရှစ် ဘတ်ဂျက်ပိုမိုရရှိနိုင်ရေး၊ တရွန်အိုင်- မိတ်ဝပြည်တော်သာလမ်းဖောက်လုပ်ရေး ၊ကျေးလက် ကျန်းမာရေးဌာနတိုးချဲ့ဖွင့်လှစ်​​ရေး၊ အမက အလကနှင့်လူထုပညာရေး တိုးချဲ့ဖွင့်လှစ်နိုင်ရေး၊ ပလက်ဝမြို့နယ်အတွင်း ကျေးရွာ၊ မြစ်ချောင်းအမည်အချို့ဒေသအခေါ်အမည်ရင်းဖြင့်ခေါ်ဝေါ်သတ်မှတ်ရေး စသဖြင့် လည်းတင်ပြဆွေးနွေးခဲ့သည်။ အမတ်ဦးဝမ်သူးမောင်၊ ဦးရှိန်းတန်းတို့က ကန်ပက်လက်ခရိုင်ရုံးကို မင်းတပ်မြို့သို့ ရုံးပြောင်းရွှေ့ရေးအဆိုတင်သွင်းခဲ့သည်အပေါ် သူနှင့် ဦးဆန်နိန်းတို့က ထောက်ခံဆွေးနွေးသည်။ တဖန်အမတ်ဦးရိုထန်းက ချင်းဝိ​တေိုင်းမှ ချင်းပြည်နယ်ဖြစ်လာရေးအဆိုတင်သွင်းခဲ့ရာ၌လည်း ထောက်ခံဆွေးနွေးခဲ့သည်။ တစ်ခါက ချင်းရေးရာဝန်ကြီးဦးဇာရဲလျန်က နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုက ဗုဒ္ဓဘာသာကိုနိုင်ငံတော်အဖြစ်သတ်မှန်ရည်ရွယ်စိုင်းပြင်းသည်အပေါ် ဘယ်လိုရှုမြင်နေသလဲဟု မေးခဲ့၏။ ထိုအခါသူကလွတ်လပ်တဲ့နိုင်ငံမှာ၊ ဒီမိုကရေစီနိာင်တစ်နိုင်ငံမှာ လွတ်လပ်စွာကိုးကွယ်ခွင့်ရှိတယ်။ မဲဆွယ်တရားဟောတဲ့အခါ ပြောရင်တော့ကိစ္စမရှိဘူး၊ လွှတ်တော်၌ ပြည်ထောင်စုပါလီမန်မှာ ဆန္ဒမဲဖြင့်အဆုံးအဖြတ်လုပ်ရင် မကောင်းဘူးဗျို့။ ဘာသာရေးတစ်ခုထဲမဟုတ်လို့ ချစ်ကြည်ရေး၊ညီညွတ်ရေးထိခိုက်ပျက်ပြားနိုင်မယ်လို့ စိုးရိမ်နေပါကြောင်း။ သူ၏အဆိုပြု ချက်၊ ထောက်ခံ​ဆွေးနွေးချက်များအပေါ် အောင်မြင်အကောင်အထည်ဖော်သည်လည်းရှိပြီး အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းမပြီးပြတ်သည်လည်းများစွာ ရှိပါသည်။

၁၉၅၇ခုနစ်မှစတင်ကာ ပလက်ဝနယ်တွင် ဝါးသီးသီးခြင်း၊ ကြွက်ဘေးကြောင့်ယာစပါးသီးနှံဖျက်ဆီးသဖြင့် ချင်းရေးရာကောင်စီ၊ ပြည်ထောင်စုပါလီမန် အစည်းအဝေး၌လည်းတင်ပြခဲ့သည်။ ချင်းရေးရာဝန်ကြီးဦးရာလ်မှုန်း၊ ဦးဇာရဲလျန်၊ အတွင်းဝန်ဦးအာရ်တွန်မှုန်းတို့ထံ၌လည်း ကိုယ်တိုင်တင်ပြခဲ့သည်။ ကယ်ဆယ်ရေးနှင့်ကြွက်နှိမ်နင်ရေးဆေးဝါးများခွဲတမ်းရရှိသဖြင့် မြို့နယ်အတွင်းဖြန့်ဝေခဲ့သည်။

၁၉၅၇ခုနစ်မှဖဆပလနှစ်ခြမ်းကွဲခဲ့ရာသူက ဦးဗဆွေ၊ ဦးကျော်ငြိမ်းဖက်တည်မြဲဖဆပလဖက်ပါဝင်ခဲ့သည်။ ပလက်ဝမြို့နယ်တည်မြဲဖဆပလပါတီ ဥက္ကဌအဖြစ်လည်းရွေးချယ်သည်။၁၉၆၀ပြည့်နှစ်မှ ၁၉၆၂ခုနစ်မတ်လအထိ ချင်းရေးရာကောင်စီသဘာပတိအဖြစ် တမ်းဆောင်ခဲ့သည်။

ကိုလိုနီခေတ်တွင်ပလက်ဝမြို့နယ်ကို ခရိုင်ဝန်က အုပ်ချုပ်စီမံခန့်ခွဲသော်လည်း လွတ်လပ်ရေးရပြီးနောက် ခရိုင်အဆင့်မှ မြို့နယ်အဆင့်သို့ လျှောကျဆင်းခဲ့သည်။ ဤသည်တို့ကြောင့် ခရိုင်အဆင့်သတ်မှတ်နိုင်ရေး၊ ပလက်ဝမြို့နယ်အတွင်းမြို့သစ်များရရှိနိုင်ရေး သူကဆက်လက်အထက်သို့တင်ပြခဲ့သည်။ ထို့ကြောင့်ချင်းရေးရာဝန်ကြီးဌာန၏ ၁၈-၂-၁၉၅၅ရက်စွဲပါ အမိန်ကြေညာချက်အမှတ် ၁၉ဖြင့်ပလက်ဝနယ်ပိုင်ဝန်ထောက်အား ခရိုင်ဝန်လုပ်ပိုင်ခွင့်အာဏာတစ်ချို့အပ်နှင်းခဲ့ပြီး၊ တဖန်ချင်းရေးရာဝန်ကြီးဌာန၏ ၃- ၁၁ – ၁၉၅၅ရက်စွဲပါအမိန့်ကြေညာချက်အမှတ် ၃၇ဖြင့်ခရိုင်ဝန်လုပ်ပိုင်ခွင့်အာဏာ အားလုံးကိုအပ်နှံခဲ့သည်။ ၁၉၆၁ ခုနစ်နောက်ပိုင်းတွင် ပလက်ဝခရိုင်ခွဲအဖြစ်အုပ်ချုပ်ခဲ့လေသည်။

၁၉၆၂ခုနစ်မတ်လ တော်လှန်ရေးကောင်စီတက်လာခဲ့ပြီးနောက်ပိုင်း ပလက်ဝမြို့တွင် အခြေချလက် စိမ့်စမ်းရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ကိုင်လျက်သားသမီးများပညာရေးအတွက်ရုန်းကန်နေလေသည်။ ၁၉၆၈ခုနစ် နိုဝင်ဘာလ ၂၉ရက်နေ့တွင် တော်လှန်ရေးကောင်စီဥက္ကဌဗိုလ်ချုပ်ကြီးနေဝင်းက နိုင်ငံရေးခေါင်းဆောင်ပုဂ္ဂိုလ်ကြီး ၃၃ ဦးတွေ့ဆုံရာတွင် သူလည်းပါဝင်သည်။ ထိုနစ်ဒီဇင်ဘာလလေးရက်တွင် ကျေညာချက်အမှတ် ၇၂ကိုထုတ်ပြန်ခဲ့ပြီး ပြည်ထောင်စုမြန်မာနိုင်ငံ ပြည်တွင်းညီညွတ်ရေးအကြံပေးအဖွဲ့ ဖွဲ့စည်းရာတွင်လည်း ချင်းအမျိုးသားထဲကသူနှင့်ဦးလွန်ပုမ်တို့ ပါဝင်သည်။

၁၉၇၁ခုနစ်စက်တင်ဘာလတွင် အဖွဲ့ဝင်၉၇ဦးဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲရေးကော်မရှင်စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၇၃ခုနစ်ဒီဇင်ဘာလတွင့် ပြည်လုံးကျွတ်ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပခဲ့ကြစဥ်သူသည်လည်း ဗဟိုကော်မရှင်၌ ပါဝင်ရွေးချယ်ခဲ့သည်။ တစ်ဖန် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ၁၉၉၂ခုနစ်၊ဧပြီလ ၂၄ရက်ကြေညာချက်အမှတ် ၁၁/၉၂ထုတ်ပြန်လျက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲရေးအတွက် အခြေခံမူများချမှတ်ရန် အမျိုးသားညီလာခံကိုခေါ်ယူမည်ဖြစ်ကြောင်းကြေညာသည်။ ထိုနှစ်ဇူလိုင်လ ၁၀ရက်နေ့တွင် အမျိုးသားညီလာခံကိုယ်စားလှယ် ၇၂၀ကိုရွေးချယ်ခဲ့ရာ သူလည်းထပ်မံပါဝင်သည်။ ထိုစဥ်က ဆမီး၊ရှင်းလက်ဝ၊ သံထောင်စသည့်မြို့သစ်၊ မြို့နယ်သစ်အဖြစ်သတ်မှတ်ပြီး ပလက်ဝမြို့နယ်ကို ခူမီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်သတ်မှတ်ထားရှိရန် တင်ပြတောင်းဆိုခဲ့သည်။ ထိုစဥ်ကသူကအသက်အရွယ်ကြီးရင့် အိုမင်းလာပြီဖြစ်သဖြင့် ၂၀၁၄ခုနစ်တွင်အနားယူကာ သူ့သမီးဆရာမကြီးဒေါ်ဆာဆုက အဖ​ခြေရာတော်ဆက်ခံကာဆက်လက်ထမ်းဆောင်ခဲ့လေသည်။

ဤသို့တိုင်းပြည်နှင့်လူမျိုးအတွက် ကိုယ်ကျိုးမဖက် စွမ်းစွမ်းတမံ ကြိုးစားလုပ်ကိုင်သည်အပေါ် ၁၉၅၅ခုနစ်တွင်နိုင်ငံတော်သမ္မတဦးဘဦးက သီရိပျံချီဘွဲ့ပေးအပ်ချီးမြှင့်ခဲ့သည်။ တစ်ဖန်၁၉၈၀ပြည့်နှစ်တွင် နိုင်ငံတော်က နိုင်ငံ့ဂုဏ်ရည်ပထမအဆင့်နှင့်ဆုငွေ သုံးသောင်းချီးမြှင့်ခဲ့သည်။ အဆိုပါဘွဲ့တံဆိပ်ကို နိုင်ငံတော်သမ္မတကြီးကိုယ်စား ချင်းပြည်နယ်ပြည်သူ့ကောင်စီ ဥက္ကဌက ပလက်ဝ၊ ကီမိုခန်းမ၌ပေးအပ်ချီးမြှင့်ခဲ့သည်။ ဤနှစ်ဟားခါးမြို့တော်တွင် ကျင်းပပြုလုပ်သော ချင်းအမျိုးသားနေ့၌ ပြည်ထဲရေးနှင့်သာသသနာရေးဝန်ကြီးကိုယ်စား ချင်းပြည်နယ်ပြည်သူ့ကောင်စီဥက္ကဌမှ တစ်လုံးထိုးသေနတ်ဆု ပေးအပ်ချီးမြှင့်ကာ အဖိုးဦးဆန်နိန်း၊ ဦးကီယိုမန်းတို့နှင့်အတူ ကိုယ်တိုင်တက်ရော်ကာ လက်ခံရယူခဲ့သည်။သူကွယ်လွန်ပြီးနောက်

၂၀၂၅ခုနစ်တွင်လူမှုထူးချွန်ပထမအဆင့်ဖြင့် ထပ်မံဂုဏ်ပြုခဲ့သည်။ လူပင်သေသော်လည်အမည်ကားမသေ မျိုးချစ်နိုင်ငံရေးခေါင်းဆောင် လူထူးလူဆန်းပုဂ္ဂိုလ်ကျော် တစ်ပါးဖြစ်သည်။

၁၉၆၇ခုနစ်ပလက်ဝမြို့တွင် ချင်းဦးစီးအဖွဲ့ဦးဆောင်မှုဖြင့်ကျင်းပသော ချင်းအမျိုးသားနေ့အခန်းအနား၌လည်း ဧည့်သည်တော်အဖြစ်တက်ရောက်ခဲ့သည်။၁၉၇၇ခုနစ်ဖေဖော်ဝါရီလကုန်တွင်ကျင်းပသော ပလက်ဝမြို့ရာပြည့်သဘင်၌လည်းတက်ရောက်ခဲ့သည်။ ကုလားတန်မြစ်ပေါ်လှေလှော်ပြိုင်ပွဲ ပထမဆုရရှိသူနှင့်သစ်သီးဝလံပြသပြိုင်ပွဲပထမရရှိသူတို့အား ကိုယ်တိုင်ဆုချခဲ့သည်။ ၁၉၇၈ခုနစ်ပြုလုပ်သော စိမ့်စမ်း တွင်အော်တာလေယဥ်ကွင်းကွင်းသစ်ဖွင့်ပွဲအခန်းအနား၌လည်း ပါဝင်တက်ရောက်ခဲ့သည်။ ၁၉၈၆ခုနစ်ပလက်ဝမြို့နယ်စာတတ်မြောက်ရေးဖွင့်ပွဲ၌လည်း ပါဝင်တက်ရောက်ခဲ့သည်။ထို့အပြင် ၁၉၈၀ပြည့်နှစ် ရန်ကုန်မြို့တွင်ကျင်းပသော ဒို့ဗမာအစည်းအရုံးရွှေရတုသဘင်အထိမ်းအမှတ် အခမ်းအနား၌လည်း တရားင်ဖိတ်ကြားသဖြင့်တက်ရောက်ခဲ့သည်။

၁၉၃၁ခုနစ်တွင် ပျိုမေနာမောနှင့်တစ်သားတစ်ကိုယ်တည်းအိမ်ထောင်ပြုခဲ့သည်။ ကလေးမရသဖြင့် ပျိုမေနဒီ မန်းယို့နှင့်ထပ်မံအိမ်တောင်ပြုခဲ့သည်။ ခေတ်ပညာတတ်သားသမီးများထွန်းကားသည်။ သားသုံးယောက်၊ သမီးခြောက်ယောက်ထွန်းကားရာ ရာထူးကြီးသား၊သားမက်များ ရရှိကြသည်။ ၂၀၀၈ခုနစ်အောက်တိုဘာလ၂၈ရက်နေ့တွင်ပလက်ဝမြို့၊ရိက္ခာရပ်ကွက်မိမိနေအိမ်၌ ဘဝတပါးကူးပြောင်းခဲ့သည်။ နောက်ဆုံးစျာပနအခန်းအနားတွင် ကျွန်တော်ကမပီကလာ ပီကလာဖြင့်ရေးဖွဲ့သော ဂုဏ်ပြုကဗျာရှည်ကို ဆရာမမာဂရက်က ရှင်လူပရိသတ်ရှေ့တော်မှောက်၌ဖတ်ကြားခဲ့သည်။ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများက တရားတော်ဟောပြော ရေစက်ချ အမျှဝေခြင်း၊ ဆုတောင်းမေတ္တာပို့သခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

သူ့အားရည်စူးလျက် သတိရအောက်မေ့သောအားဖြင့် ပလက်ဝမြို့ပေါ်တွင် သီရိပျံချီထပ်လှိုင်းစာကြည့်တိုက်၊ ရိပ်သာ ဆောက်လုပ်လှူဒါန်းခဲ့ကြသည်။နောင်တွင်ချစ်သားသမီးများက ကျေးဇူးရှင်ဖခင်ကြီးကြီး၏ ကျေးဇူးဂုဏ်ကိုရည်စူးလျက် ထပ်လှိုင်းသားသမီးများကုမ္ပဏီလိမိတက် ထူထောင်လျက် ပညာရေး၊ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းဆောင်တာများ၊ လမ်းတံတားဖောက်လုပ်ခင်းထားခြင်းများ လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။ ၂၀၁၄ခုနစ်ဒီဇင်ဘာလတွင် အဆိုပါဖွင့်ပွဲပြုလုပ်ခဲ့ရာ ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာဘမောင်၊ သစ်တောရေးရာဝန်ကြီးဦးကျော်ငြိမ်း၊ သူရဦးအောင်ကိုနှင့်အဖွဲ့ တက်ရောက်လျက် ပရိသတ်၂၄၀၀ ကျော်က အားတက်သရောပါဝင်ခဲ့ကြသည်။

၂၀၀၃ခုနစ်မတ်လ ၁၅ရက်နေ့တွင် ပလက်ဝမြို့သူ့နေအိမ်သို့သွားရောက်ကာအဘအား ပြုံးပန်းဝေဆာစွာလက်ဆွဲနှုတ်ဆက်ခဲ့သည်။ တွေ့လိုသောသူနှင့်တွေ့လို့၊ မေးလိုသည်များ မေးမြန်းနိုင်လို့ ဝမ်းသာလွန်းလို့ မျက်ရည်သော်မှကျသည်။ ဤသို့မဟုတ်ပါက နေရာဒေသ၊ လူပုဂ္ဂိုလ်နှင့်တကွ သမိုင်းဝင်ခုနှစ်သက္ကရာဇ်တွေ သတ္တိရှိစွာကျနော် ရေးသားနိုင်မည်မဟုတ်ချေ။ ရှေ့နောက်မှီ သမိုင်းဝင်ပုဂ္ဂိုလ်နှင့် တွေ့ဆုံနိုင်ခဲ့လို့ မိမိကိုယ်ကို ကံထူးသူ ကံကောင်းသူဟု ယူဆနေပါသည်။

အဖိုးက ကျွန်တော့်အား ရောက်စ လက်ဆွဲနှုတ်ဆက်အပြီး မေးခဲ့သည်များကို အနည်းငယ်ရေးသားဖော်ပြလိုပါသည်။ ဘယ်ကနေ လာရောက်ခဲ့သလဲ။ လမ်းခရီးကောဖြောင့်ရဲ့လား။ ဘယ်နှစ်ရက်နားဦးမလဲတဲ့။

သားက မတူပီကနေလာတာပါ။ အဓိကအဖိုးနဲ့တွေ့ဆုံချင်လွန်းလို့ တကူးတကနဲ့ လာတာပါ။ အဘရဲ့ ဘဝပုံရိပ်လေးတွေ သမိုင်းကြောင်းတွေ မေးမြန်းမှတ်တမ်းတင်ချင်လို့ပါ။ လာဖို့စီစဥ်တာတော့ ကြာလှပြီ။ ခုမှဘဲ လာဖြစ်တယ်။ သုံးလေးရက်တော့နားဦးမယ်။

အဖိုးကဤသို့ ပြောပြခဲ့သည်။ အေးဆေးပေါ့။ နားနားနေနေနဲ့ အနားယူဦး။ မေးချင်တာတွေမေးပေါ့။ တွေ့လိုတဲ့ ပုဂ္ဂိုလ်တွေနဲ့လည်း သွားတွေ့ဦးလေ။ သွားလိုတဲ့နေရာတွေ လေ့လာဦး။ ဒီည ညစာတော့ ဒီမှာစားပါ။ ဟင်းမကောင်းပေမဲ့ သုံးဆောင်ဦးလေ။ ပြန်ခါနီးမှာလည်း လာဝင်အုံး၊ ထမင်းလာစားဦးနော်တဲ့။ မေတ္တာစကားကြားသိတော့ ဝမ်းသာလိုက်တာ။ သူ့မိသားစုက ခေါ်ဖိတ်လို့ ကျနော်လည်းညစာသုံးဆောင်နေပါသည်။ တလုတ်စားဘူး သူ့ကျေးဇူး အထူးမမေ့သာ ကဗျာလေးလိုပါဘဲ။

ကျွန်တော်ကခရီးစဥ်ကို စီကာပတ်ကုံး ဤသို့အတွေ့အကြုံတွေ ပြောပြဝေငှခဲ့ပါသည်။

မတူပီကနေ ဗန်ကိုင်းမှာအိပ်တယ်။ ဘာသာရေးပွဲရှိလို့ နားရတယ်။ ထိုမှပိုင်ချောင်းအတိုင်းပေါ့ ဘွေလီရွာ အောင်ဆန်းသူရိယ ဗိုလ်ကြီးတိုက်ချွန်းကတော်ဆီခဏနား၊ ငါးသားခရုဟင်းနဲ့ဧည့်ခံတဲ့နေ့လည်စာစားပြီး ကန်တောင်မှာညအိပ်တယ်။ ထိုမှဟာထုန်ကုန်း၊ မိုးလေထဲ ညနေစောင်းအချိန် ရောက်ရှိကာ ဆမီး၌ညအိပ်တယ်။တစ်ယောက်ထဲလာတော့ တင်ဘုန်းရွာအလွန်မှာ လမ်းမှားတယ်။ ညနေစောင်းမှ​တွီရောင်းကုန်းကိုရောက်တော့ညအိပ်ခဲ့တယ်။

ထိုရွာမှအဖော်တစ်ယောက် အမည်မသိအရက်သမားနှင့်အတူလာကြတယ်။ ကုလားတန်မြစ်ကမ်း၌ ကူးတို့လောင်းလှေစောင့်ရင်း သဘာဝရှုခင်းတွေအမှတ်တရဓာတ်ပုံရိုက်တော့ အဖွဲ့တစ်ဖွဲ့က ကျနော့်ကို အတင်းဖမ်းဆီးကာ ထမင်းစားရင်း အရက်သေစာသောက်စားရင်း လူမဆန် စကားစစ်မေးကြတယ်။ ကင်မရာလည်းသိမ်းတယ်။နောက်မှဘဲကြားသိရတယ်။သစ်ထုတ်လုပ်ရေးအဖွဲ့တွေတဲ့။အမည်တော့မသိ ၊ကျနော်နဲ့လည်းစကားများနေကြပါတယ်။

အိတ်တွေ နေ့စဥ်မှတ်တမ်း၊ စာအုပ်မှအစ အကုန်လိုက်စစ် ဖတ်ကြည့်နေခဲ့တယ်။အမျိုးမျိုးလည်းခြိမ်းခြောက်တယ် ၊ ငါ့ဘဝတော့နော် ကြောင်ရှေ့ရောက်တဲ့ ကြွက်သူငယ် လေးလိုဘဲ ဆိုတာတွေ အတွေ့အကြုံ အခက်အခဲလေးတွေပြောပြတော့ အဖိုးက စိတ်ဝမ်းမသာ ။ အကြာကြီးငြိမ်သက်နေသည်။စကားဆက်မပြော တိတ်ဆိတ်နေသည်။ ကျွန်တော်က မပြောသင့်တာတွေ ပြောမှားမိသလား၊ လွန်သွားနေသလားလို့ဆိုပြီး နည်းနည်းစိတ်ပူပန်စိုးရိမ်မိသည်။

ခဏာကြာပြီးမှ သူပြောပြသည်က သူတို့ကိုနားလည်ပေးပါ။ ခင်ဗျားလောက်စာပေဖတ်ရှုမှာ မဟုတ်ဘူး။ သူတို့က ဒီနယ်ခံသားတော့ ဖြစ်မှာမထင်ဘူး။ ဧည့်သည်ကို ဒီလောက်တော့ ဒုက္ခမပေးသင့်ဘူးနော်။ ခုခေတ်လူငယ်တွေက ပညာတတ် စာတတ်ကြပေမဲ့ ရှေးဘိုးဘွားတွေလောက် ကိုယ်ချင်းစာတရားမရှိကြဘူး စသဖြင့်အစချီကာ ဆိုဆုံးမစကားပြောပြခဲ့သည်။

ကျွန်တော့်မွေးဇာတိ အောက်လားရွာကိုပြောပေးရာ လုံးဝမကြားသိဘူးတဲ့။ လေဆင်း၊ဝလန်းတဲ၊ လာလွီးတွေ အဲဒီတစ်ဝိုက်ကို ၁၉၃၅ခုနစ်၌ရောက်ရှိခဲ့ဘူးကြောင်း ပြောဆိုသည်။ အဘဦးဆန်နိန်း၊ ဦးရာလ်မှုန်း၊ ဦးရှိန်းထန်း၊ဦးတွန်မှုန်း၊ ဦးခွါမင်းတို့အကြောင်းလည်း သူ့ဘဝကောက်ကြောင်းပြောပြရင်း သတိရတယ်လို့၊ ၁၉၄၆၊ ၁၉၄၇၊၁၉၄၈ ခုနစ်ဟာသူ့အတွက် အပင်ပန်းဆုံးနှစ်။ ၁၉၄၈ခုနစ်မတ်လအထိ တိုင်းပြုပြည်ပြုလွှတ်တော်အစည်းအဝေး ငါးကြိမ်အထိ လုံးဝမပျက်တက်ရောက်ခဲ့တယ်။လမ်းခရီးကလုံးဝမလွယ်၊ လမ်းမှာအဖမ်းခံမလား၊ အစည်းအဝေးတက်ဖြစ်မလား။ ကိုယ့်မိသားစုထံ ကျန်းကျန်းမာမာနဲ့ပြန်ရော်မလား။

၁၉၅၀ကနေ ၁၉၅၃ခုနစ်အထိ စိတ်ပင်ပန်း လူလည်းတကယ်ပင်ပန်းကြောင်း ၊နိုင်ငံရေးလုပ်တယ်ဆိုတာ အပြောလွယ်ပေမဲ့တကယ့်လက်တွေ့မှာတော့ ခက်ခဲနက်နဲတယ်၊ နိုင်ငံရေးသမား အမတ်ဖြစ်ဖို့ လုံးဝမလွယ်ကူ ဖြတ်လမ်းမရှိကြောင်း၊ လူပင်ပန်းစိတ်ပင်ပန်း၊ လူတွေရဲ့ဝေဖန်ပုတ်ခတ်တာတွေလည်း သီးခံနိုင်ဖို့ သိတတ်နားလည်ပေးဖို့လည်းလည်းလိုတယ်လို့လည်း ထပ်မံပြောပြခဲ့သည်။

ကျနော်က ဤသို့ပြောပြပေးခဲ့သည်။ အဖိုးကိုမြင်တော့သခင်ကိုယ်တော်မှိုင်း၊ သီရိပျံချီဦးကီယိုမန်း၊ ဦးဟမ်ဘုန်ထန်းတို့တန်းသတိရကြောင်း၊ ကိုယ့်ရိုးရာတကယ်မြတ်နိုးခင်တွယ်တယ်လို့ ယူဆတယ်လို့။ ကိုယ့်ရိုးရာဖြစ်လို့ မစွန့်လွှတ်ချင်ဘူးလေ၊ ဗိုလ်ချုပ်အောင်ဆန်းကလည်း ဘယ်တော့မှ ဆံပင်မညှပ်ဖို့ ပြောမှာခဲ့တယ်။ စာရေးဆရာ သိန်းဖေမြင့်၊ဦးပုကလေး၊ ချစ်ကြည်ရေးကြည်ညွန့်၊ ချစ်စံဝင်း၊ မင်းကျော်တို့ကလည်း အဘကို အမှတ်တရဓာတ်ပုံရိုက်ခဲ့ကြောင်း သူကဆက်လက်ပြောပြသည်။

၁၉၅၅ခုနစ်တုန်းကမဲဆွယ်တရားဟောတုန်းက ဆမီးချောင်း၊ ရူးချောင်းတစ်ဝိုက်ပေါ့ အခက်ကြုံခဲ့ဘူးတယ်။ငါတို့အတွက် ဒါတွေလုပ်ပေးမှ အခွင့်အရေးရမှ ထောက်ခံမယ်လို့ ပြောကြလို့ ဒီတစ်ခါတော့ အရေးနိမ့်မလားတဲ့။ စည်းရုံးရေးမှူးတွေ ကိုယ်စားလှယ်တွေကြောင့်လည်း ဆက်ဆက် အနိုင်ရယူနိုင်ခဲ့ကြောင်း သူ့ဘဝနိုင်ငံရေးလှုပ်ရှားတာတွေ တစ်ဆက်ထဲ လော့မောင့်ဘက်တန်နဲ့၊ရိစ်ဝီလီယမ်ကော်မရှင်နှင့်တွေ့ဆုံတာတွေ၊ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်နု၊ ဦးကျော်ငြိမ်းတို့နှင့်တွေ့ဆုံတာတွေ၊၁၉၇၃ခုနစ် ပြည်လုုံးကျွတ်ဆန္ဒခံယူပွဲ ဗဟိုကော်မရှင်၊ ပြည်သူ့လွှတ်တော်နှင့်ပြည်သူ့ကောင်စီအဆင့်ဆင့်ရွေးချယ်တင်မြှောက်ရေးကော်မရှင် တာဝန်ထမ်းဆောင်ခဲ့တာတွေ၊ ဗိုလ်ချုပ်ကြီးစန်းယု၊ ဗိုလ်ချုပ်ကြီးတင်ဦး၊ ဗိုလ်မှူးချုပ်သန်းစိန်၊ ဗိုလ်လ်မှူးကြီးသောင်ကြည်၊ ဒေါက်တာမောင်မောင်၊ ဗိုလ်မှူးကြီးဗန်ကူးလ်၊ ဦးဒိန်ရတန်၊ သခင်အောင်မင်း၊ ဦးဆွန်ခိုလျန်တို့နှင့်မကြာခဏတွေ့ဆုံတာတွေ၊ တိုင်းရေးပြည့်ရေးဆွေးနွေးခဲ့ကြတာတွေ အပါအဝင်။ အမျိုးသားညီလာခံတက်ရောက်တာတွေ၊ဗိုလ်ချုပ်ကြီးခင်ညွန့်၊ ဗိုလ်ချုပ်ကြီးသိန်းစိန်၊ ဗိုလ်ချုပ်ကြီးမျိုးညွန့်၊ ဦးအောင်တိုး၊ ဒေါက်တာမှုထန်း၊ဆလိုင်းကျော်စိန်၊ ဦးစံသာအောင်တို့နှင့်တွေ့ဆုံတာတွေ၊ ဘွဲ့ထူးဂုဏ်ထူးရရှိတာတွေ၊ဘာသာ သာသနာတော်အတွက်ကြိုးပမ်းဆောင်ရွက်တာတွေ၊ မှအစတင်ပြဆောင်ရွက်ခဲ့တာတွေ၊မိသားစုအရေးဘဝရုန်းကန်တာတွေလည်း စီကာစဥ်ကာ ရှေးဟောင်းနှောင်းဖြစ်အားကျအတုယူဖွယ် ဗဟုသုတအဖြစ်အကျယ်တဝင့်ပြောပြခဲ့သည်။

ကျွန်တော်ပြန်ခါနီး သွားရောက်နှုတ်ဆက်ခဲ့သေးသည်။ လဖက်ရည်မုန့်နှင့် ဧည့်ခံသည်။ ဟိုအကြောင်းဒီအကြောင်း ပြောကြဆွေးနွေးကြသည်။ အမှတ်တရဓာတ်ပုံရိုက်ကြသည်။ ပြန်ကြားရေးအရာရှိဦးကျော်ဦး၊ အဆွေဆော်ဦးကျော်င်းတို့က ခဏလိုက်ပို့သည်။

နောက်ဆုံးလမ်းခွဲခါနီးမှာ အဖိုးကသိချင်သည်များ ဤသို့ထပ်မေးခဲ့သေးသည်။ သားမိဘဘာလုပ်သလဲ။ ဝန်ထမ်းလား၊ ဘာသာရေးခေါင်းဆောင်လား။ အခုရှိသေးရဲ့လားတဲ့။

တစ်ခုပြောပြ မှာကြာဦးမယ်တဲ့။ အဖိုးတို့ကတော့အသက်ကြီး အိုမင်းနေပြီ။ ဒီနေ့သွားမလား၊ နက်ဖြန်တဖက်ခါ သွားမလား၊ကြာကြာဤလောကမှာ အသက်မရှင်တော့ဘူးလို့ထင်တယ်။ လောကကောင်းကျိုး တိုင်ကျိုးပြည်ကျိုး လူသားအကျိုးတွေလည်း တတ်နိုင်သလောက် သယ်ပိုးထမ်းဆောင်ခဲ့ပြီ။ အားသာချက်ရှိသလို အားနည်းချက်လည်းရှိတယ်။ ဆန့်ကျင်သူတွေကလည်းမနည်းဘူး။ ၁၉၆၀ခုနစ်ဝန်းကျင်ထင်တယ်။ စာနဲ့ပေနဲ့ တိုင်တန်းကြတယ်။ ဝေဖန်ပုတ်ခတ် ကန့်ကွက်ကြတယ်။ အဲဒီအကြား အားပေး ထောက်ခံသူတွေလည်းရှိတယ်။ ဒါကြောင့်မို့ အနိုင်ရအောင်ပွဲဆင်ခဲ့တာ။ နောက်နောင့်ငါ့သားမြေးတွေနဲ့လည်း အဆက်သွယ်လုပ်ကြ၊ မိတ်ဖွဲ့လုပ်ပေါ့တဲ့။ ကောင်းစေချင်သည့် မှာစကား ငါတို့မမေ့အား ဆိုသလို အဖိုးက ငါ့ကိုအားကိုးစိတ်ချလို့ ပြောမှာကြားခဲ့သည်များ ခုထိမမေ့နိုင် သတိရနေဆဲပင်။

အဖိုးမေးသည့်အပေါ် ဤသို့ဖြေပေးခဲ့သည်။ကျနော့်မိဘရှိနေသေး၊ အခုရွာမှာဘဲ၊ တောင်သူလယ်လုပ် ယာခုတ်၊ စိုက်မွေးလုပ်ငန်းအနေနဲ့ တောင်ယာခုတ် လယ်ထွန်၊ ကျွဲနွားနောက်တွေလည်း မွေးမြူတယ်။ နောက်နောင်လည်း မမေ့ပါဘူး။ စာရေးဆက်သွယ်ပါ့မယ်။ အဖိုးရဲ့သားသမီးတွေက လူကြီးလူကောင်းဖြစ်လို့ မိတ်ဖွဲ့ဖို့အားနာပါးနာ။ တို့က​ မင်းမှာသစ္စာ လူမှာဂတိဆိုသလိုပေါ့။ ရေလိုက်ငါးလိုက် မိုးခါးရေသောက် နှစ်ဖက်ချွန်လူစားမျိုးမဟုတ်ဘူး။ ရှေ့မှာတစ်မျိုး ကွယ်ရာမှာတစ်ဖုံ ကျင့်ကြံပြောဆိုတတ်တဲ့ လူလိမ်ညာမုသားသမားလည်းမဟုတ်ဘူး။ ကြီးသူရိုသေ၊ ရွယ်သူလေးစား၊ ငယ်သူသနားဆိုတာ စွဲမဲစွာ ဆုပ်ကိုင်ခံယူထားတယ်။ ပညာရှိကဝိတွေ လူကြီးလူကောင်း မျိုးချစ်နိုင်ငံရေးသမား စာရေးဆရာတွေဆိုရင် စိတ်ထဲရင်ထဲတကယ် ကြည်ညိုလေးစားတယ်၊ နောက်နောင်လည်း အဖိုးမိသားစုရဲ့ ချစ်မေတ္တာ စိတ်စေတနာ မမေ့ပါဘူး သဖြင့်ပြောပြပေးရာ အဖိုးကလည်း သဘောကျလွန်းလို့လား အေး ကောင်းတယ် ကောင်းတယ်၊ သက်တော် ရှည်ပါစေ၊ ကျန်းမာချမ်းသာပါစေကြောင်း ဆုမွန်ကောင်းတောင်းပို့သနေပါသည်။ အဖိုးမိသားစုက ဧည့်ခံကျွေးမွေးသော ညစာနှစ်ကြိမ်နှစ်ခါ သုံးဆောင်ခဲ့တာတွေ ခုတိသတိရဆဲ။ ပြီးနောက် ဆရာမကြီးဒေါ်ဆာဆုက လမ်းမှာစားဖို့တဲ့ မေတ္တာစေတနာနဲ့ချိုရည်မုန့်တွေလည်း ကမ်းနေသေး။အော် သူတို့ကျေးဇူး သူတို့မေတ္တာခုထိမမေ့ပါဘူး။ ၂၀၀၃ခုနစ်မတ်လ၊ ပြီးတော့နိုဝင်ဘာလ တွေ့ဆုံခဲ့ကြပြီး ဤသည်နောက်ပိုင်း သူတို့မိသားစုနှင့်မတွေ့ဆုံဖြစ်တော့၊ အနေဝေး အလှမ်းကွာကြပေမဲ့လည်း စိတ်ထဲရင်ထဲမှာတော့ မမေ့နိုင်မမေ့ခဲ့။

အဖိုးရဲ့နာရေးသတင်းဆိုး မြန်မာ့အလင်းသတင်းစာထဲ မထင်မှတ်ဘဲ ဖတ်ရှုခဲ့ရာကျန်ရစ်မိသားစုနဲ့ ထပ်တူထပ်မျှဝမ်းနည်းကြေကွဲ ခံစားနေရတယ်။ဆမီးအထက ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်သည့် ဆရာမကြီးဆာဆုထံ မိသားစုနှင့်အတူတူ ဝမ်းနည်းကြေကွဲနေပါကြောင်း စာသဝဏ်လွှာလှမ်းပို့ပေးသေးခဲ့သည်။

မမျှော်လင့်ဘဲ၂၀၁၈ခုနစ်အောက်တိုဘာလတုန်းက ပြည်နယ်လူကြီးခရီးစဥ်နဲ့ မတူပီမြို့သို့အဖွဲ့သားများနှင့်ရောက်ရှိခဲ့သည့် ချင်းပြည်နယ်စည်ပင်ဝန်ကြီး ဦးစိုးထက်အား စာပေမိတ်ဆွေ စာရေးဆရာ မင်းလပြည့်မှမိတ်ဆက်ပေးလို့ လက်ဆွဲနှုတ်ဆက်ခဲ့သည်။ ဤသည်ကား ကျေးဇူးရှင်ဖခင်ကြီးနှင့် သိကျွမ်းခင်မင်မှု ချစ်ခြင်းမေတ္တာတံတားခင်းထားလို့ ဤသို့ရှက်ကိုးရှက်ကန့်အားတုံ့အားနာစွာနှင့် လက်ဆွဲနှုတ်နိုင်ခဲ့ခြင်းဖြစ်ပေသည်။

သူ့ဘဝတစ်လျှောက်လုံး တိုင်းပြည်ဖွံဖြိုးတိုးတက်ရေး၊ မြို့ရွာအေးချမ်းသာယာရေး၊ လူမျိုးဘာသာခွဲခြားမှုမထားရှိဘဲ အချင်းချင်း စည်းလုံးညီညွတ်ရေး၊ အဓိကအားပေးဆောင်ရွက်သည်။ ဘုရားတရားရိုသေကိုင်းရှိုင်းသည်ဖြစ်၍ ဘုရားစေတီတည်ခြင်း၊ သိမ်များတည်ဆောက်ခြင်းမီးဝရွာ၊နှမဒါကျေးရွာ ဘုရားစေတီတည်ခြင်းတို့၌လည်း တတ်နိုင်သရွေ့ အားပေးကူညီသည်။ ပညာရေး၊ လူမှုရေးလုပ်ငန်းလည်း တိုးတက်ဖွံဖြိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သည်။ ၁၉၄၇၊ ၁၉၇၃၊ ၂၀၀၈စသည့်နှစ်များတွင် ရေးဆွဲအတည်ပြုထားသော ပြည်ထောင်စုမြန်မာနိုင်ငံ တော် ဖွဲ့စည်ပုံအခြေခံဥပဒေရေးဆွဲခဲ့ကြစဥ် ယနေ့ထိသုံးကြိမ်စလုံးထိတိုင် ဦးထပ်လှိုင်းနှင့်ဦးဖေခင်တို့သာ ပါဝင်ခဲ့သည်။

သူတစ်ဦးတည်းသာ ပါလီမန်ဒီမိုကရေစီခေတ်တစ်လျှောက်လုံး ပါလီမန်အမတ်အဖြစ်လည်းသမိုင်းစာမျက်နှာသစ် မှတ်တိုင်စိုက်ထူခဲ့သူလည်းဖြစ်သည်။ လွတ်လပ်ရေးဖခင်ကြီး၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ရန်ကုန်မြို့တွင်တွေ့ဆုံခဲ့စဥ် ဤသို့ရိုးရာယောင်ထုံးခေါင်းပေါင်းနှင့်နေတာ သိပ်သဘောကျတယ်။ ဘယ်တော့မှ မညှပ်နဲ့ ၊ ကိုယ့်ရိုးရာ လူမျိုးသင်ကေတပါဘဲ မိန့်မှာခဲ့ကြောင်းသူကိုယ်တိုင်ပြောပြခဲ့ဘူးသည်။ လူထဲကလူ ဖြစ်နေသည်နှင်အညီသူ့မှာ အားနည်းချက် ပျော့ကွက်ဟာကွက်လည်း မြောက်များစွာရှိနေမည် ရှိနေသည်။ သို့သော် ဒါတွေအကုန်အပထားဦး ဘုရားဒါယကာပီပီ စိတ်ထားဖြူစင်သည်၊ စိတ်သဘောထား ကြီးမြင့်သည်။ မေတ္တာစေတနာတက်သန်သည်။သူတပါးအပေါ် စေတနာကရုဏာလည်းထားရှိသည်။ဧည်ဝတ်ကျေပြွန်သည်။ တိုင်းရေးပြည်ရေး ရှေ့ရေးအမြော်အမြင်ရှိသည်။ ဘုရားတရားလိုက်နာကျင့်ကြံသည်။ လူမှုဆက်ဆံရေးဝင်ဆံ့ပြီး လူကြီးလူကောင်း လူတော်လူမော်တွေအကြံဥာဏ်ကောင်းပေး ဆိုဆုံးမတတ်သည့် မျိုးချစ်နိုင်ငံရေးသမား လမ်းပြပေးသည့် လူထူးလူမွန် ပုဂ္ဂိုလ်ကျော်တစ်ဦးဟု မော်ကွန်းဝင်အဖြစ်ဂုဏ်ပြုသတ်မှတ်ထားရှိနေပြီတကား။

(ဤသည်သမိုင်းဆောင်းပါးရေးသားရာတွင် အဘကိုယ်တိုင်တွေ့ဆုံမေးမြန်းခဲ့သည်။ ဦးအောင်သာဘန်းပြုစုသော ပလက်ဝမြို့နယ် နိုင်ငံရေးသမိုင်းကြောင်း၊ ဆရာကြီးဦးဟွေ့ပါ့ပြုစုသော ခူမီးသမိုင်း။ ဆရာမကြီးဒေါ်ဆာဆုက ပလက်ဝမြိ့နှစ် ၁၄၀ပြည့်မြောက်လူထုအခန်းအနား၌ဖတ်ကြားတင်သွင်းသော သမိုင်းဝင်စာတမ်း။ ဒေါက်တာစီထန်ဇာတွင်၏ ချင်းတောင်တန်းပေါ်က တောင်ဇလပ်ပန်းပွင့်များ။ ဒေါက်တာရွှေခါရ်၊ ဦးထပ်ဆာဝုန်းအာ၊ ဆလိုင်းရိုဆန်း၊ဆလိုင်းဗန်ကျုံးလျန်(ယူကေ ) တို့၏ သမိုင်းဆောင်းပါးများကိုလည်း ဖထ်ရှုခဲ့သည်။ လမ်းစဥ်သတင်း ၁၉၇၃ ဒီဇင်ဘာ၊ ချင်ပြည်နယ်သတင်းစဥ် ၁၉၈၀ ဇွန်၊ ချင်းအမျိုးသားနေ့ရွှေရတုမဂ္ဂဇင်း၊ပလက်ဝအထကရွှေရတုမဂ္ဂဇင်း၊ တိုင်းရင်းသားလူမျိုးများအရေးနှင့် ၁၉၄၇ အခြေခံဥပဒေပထမတွဲ၊ ချင်းရေးရာကောင်စီအစည်းအဝေးမှတ်တမ်းများလည်း အခါမလပ်ဖတ်ရှုခဲ့သည်။ ကျေးဇူးရှင်ဆရာကြီးဦးဗန်ကြီးနှင့်တကွ ဦးအောင်ဖာ၊ ဦးကျော်ဝင်း၊ဆရာမကြီးဒေါ်ဆာဆု၊ ဆရာမကြီးကိုးလွန်းတို့လည်း လိုအပ်သည်များ မေးမြန်းခဲ့သည်။)၁၅ – ၁ – ၂၀၂၆ခုနစ်၊ ကြာသပတေးနေ့။

(အခြားအရေးပေါ် နာရေး၊ သာရေးပေါ်လို့သွားရောက်ပါဝင်ဖို့ရှိလို့ အပြီးအဆုံးမသတ်ရသေး၊ ပြင်ဆင်ဖြည့်စွက်ဖို့ သုံးသပ်စရာရှိသေး၊နောက်မှပြန်ဆက်ရေးဖို့ ကျန်ရှိနေသေးကြောင်းကြိုတင်အသိပေးတောင်းပန်လျက်)

ဘသက်ရှည် သီရိပျံချီဦးထပ်လှိုင်းဂုဏ်ပြုကဗျာရှည်

Salai Okla Bik

ပလက်ဝနယ် ရွာငယ် လောင်းကဒူး

မီးရှူးသန့်စင် ဖွားမြင်လူမြောက်

ကိန်ထုန်း၊အန်ဆောက် ထိုနှစ်ယောက်မှ

ထွန်းပေါက်မဆိုင်း ရင်နှစ်ထပ်လှိုင်း

ထောင့်ကိုးရာခွန် နှစ်မွန်ခရစ်နှစ်ဝယ်

မထင်မရှား ဖွားမြင်ခဲ့ပြီတကား။

ငယ်စဥ်ကျောင်းတက် လယ်တန်းထွက်ကာ

ကျောင်းဆရာတစိမျိုး စိုက်ပျိုးဝန်ထမ်း

ဆတိုးကြိုးပမ်း ရွက်ဆောင်ထမ်းရင်း

ဖွံဖြိုးဝေအောင် ထူးခြားလုပ်ဆောင်

မျိုးချစ်ဦးလေး နိုင်ငံရေးသို့

မနှေးမြန်စွာ ဝင်ရောက်လာပြီတကား။

ပေးအပ်တာဝန် သူကျေပြွန်ခဲ့

ထမ်းမဲ့ဝတ်ကို လက်ကမ်းကြိုလျက်

ပါလီမန်အမတ် ဆယ်စုနှစ်ရှည်ထမ်းရွက်

မျိုးချစ်အရာ ခိုင်မာကျစ်လစ်

စိတ်ဓာတ်နုပျို ချစ်သားဆိုလျှင်

မနေမနား လှုပ်ရှားနေ၍

သမ္မတဘဦး ချီးမြှင့်ဖူးသည်

သီရိပျံချီ ဘွဲ့တံဆိပ်မည်

လက်ခံရယူ ဆွတ်ခူးသူပေ

တမူထူးခြား သားကောင်းရတနာ

မျိုးချစ်နိုင်ငံရေးသမား ပီသပါပေတကား။

နိုင်ငံအရေး ရွက်ဆောင်ပေးရင်း

ကြီးလေးတာဝန် ကျေပြွန်ထမ်းလို့

တိုးတက်စေချင် ပြည်ရွာတစ်ခွင်

အများရှင်လူ လေးစားမူပြီ

ချစ်ကြည်ခရီး လေယဥ်စီးလျက်

တရုတ်၊ ရုရှား ဗီယက်နမ်နှင့်ရူမေးနီးယား

ရပ်ဝေးမြေခြား သွားရောက်ခဲ့ပြီတကား။

နိုင်ငံကျိုးပြု ဖွဲ့စည်းပုံဥပဒေ

ရေးဆွဲပြုစဥ် သုံးကြိမ်ထိတိုင်

ပါဝင်ထမ်းရွက် ကြိုးစားလုပ်ခဲ့

သုံးဆယ့်သုံးဦး အကြံပေးအဖွဲ့

မနှေးလျင်စွာ ပါဝင်လာ၍

အင်တိုက်အားတိုက် စိုက်ထုတ်ခဲ့ပြီ

မော်ကွန်းမှတ်တိုင် စိုက်ထူနိုင်ခဲ့ပြီတကား။

လွတ်လပ်ခါစ. မြို့ပလက်ဝသည်

သူပုန်ဓားပြ သိမ်းပိုက်ကြစဥ်

အဘထပ်လှိုင်း ညမဆိုင်းပင်

ခရီးနှင်ပြီး မီလျှင်၊စာကီး

ရွာကြီးအားယူ လူသူစုဆောင်း

အားသစ်လောင်းပြီး တူမီးသေနတ်

လေးမြှားခတ်ကာ အန်တုလာသူ

ရန်သူဟူသမျှ အပြီးနှင်ထုတ်ခဲ့ပြီတကား။

တိုင်းပြည်လူမျိုး ချစ်မြတ်နိုးလျက်

သာသနာအကျိုး သူသယ်ပိုးခဲ့

မြို့ရွာဖွံဖြိုး တိုးတက်အေးချမ်း

ရည်မျှော်ကိုးလျက် စိတ်အားထက်စွာ

ပြည်ရွာအရေး အစဥ်တွေး၍

ခပကဥက္ကဌ. ကမ်ကင်ငင်းလက်မှ

နိုင်ငံ့ဂုဏ်ရည် ဘွဲ့မည်ပထမ

ချီးမြှင့်ခဲ့ပြီး နိုင်ငံကြီးကဲ

ပြည်ထဲသာသနာဝန်ကြီး ဗိုလ်စိန်လွင်မှ

တစ်လုံးထိုးသေနတ် ချီးမြှင့်အပ်ခဲ့

သားမြတ်မျိုးချစ် ဆန်းသစ်ပါပေတကား။

ရွယ်ကားအိုမင်း ရှိနေရင်းလည်း

ပြည်တွင်းကျိုးပွား ဆန္ဒထားလျက်

ပြည်သူတို့အသံ အမျိုးသားညီလာခံအား

တိုင်းရင်သားကိုယ်စားလှယ်အဖြစ်

အားပြုတောင်ဝှေး တက်ခဲ့သေးသည်

အများပြည်သူ အတုယူစရာပေတကား။

သူ့ကိုမြင်လျှင် ဝေးပင်နီးငြား

မြင်နိုင်အားသည် ဆေးတံကိုင်လျက်

ခေါင်းပေါင်းစွပ်နှင့် ကွမ်းယာဝါးနှင့်

ဝတ်စားတိုက်ပုံ မြင်ရုံနှင့်သိ

ဝံသာနု၏ မျိုးချစ်စိတ်ပါတကား။

တို့ချင်းပြည်မှ သားမြတ်လှတွေ

များစွာပေါ်ထွက် ရေတွက်မကုန်

ထိုသူထဲက. ထုတ်နုတ်ပြသော်

အမျိုးချစ်ကြင် ရိုးရာခင်တွယ်

ချင်းပြည်လူမျိုး ချစ်မြတ်နိုးကြောင်း

သျှောင်ထုံးခေါင်းပေါင်း အမြဲဆောင်းသည်

ကီယိုမန်နဲ့နှိုင်း ထပ်လှိုင်း၊ ဗန်ဟရဲအပါ

အားကျဆဲသာ ရှိနေမြဲတည့်။

တောင်တန်းပြည်မ. ပေါင်းစည်းအတူ

အားသစ်လောင်းလျက် ပြည်သစ်ထောင်ကာ

လွတ်လပ်ယူရန် ရည်သန်ပေါ်ထွက်

ချင်းတောင်တန်းကော်မရှင် သူပင်ပါရှိအောင်သစ္စာဓိဌာန် အောင်ပွဲခံသည်

သေအတူရှင်မကွဲ လက်တွဲကြပြီတကား။

တရံရောက. သမယလျှင်

ဘိုးဘွားခင်တွယ် ပလက်ဝနယ်သည်

ကိုလိုနီခေတ် နှောင်းအတိတ်ဝယ်

စစ်ဘေးကိုကြုံ သက်ချင်းပုံခဲ့

ယူနီဂျက်အလံ အောင်ပွဲခံစဥ်

အာရကန်တောင်တန်း သွတ်သွင်းထားခဲ့။

တစ်နေလျှိုးသော် တစ်မိုးသောက်မှာ

လောကစဥ်လာ ဓမ္မတာတည့်

ခေတ်ရေစီးကြောင်း စနစ်ပြောင်းသော်

တစ်မြေတည်းပေါက် တစ်ရေသောက်မို့

ခမီးသွေးချင်း သားရင်းတို့မြေ

သူပင်ကွင်းဆင်း လာခြင်းကောင်းသည်

သူပင်စည်းရုံး ဇွဲလုံ့လသုံးကာ

ခရီးလည်းတွင် သူအောင်မြင်တည့်။

တစ်ကိုးလေးရှစ် လွတ်လပ်နှစ်မှ

ရှိခဲ့သမိုင်း ချင်းဝိသေသတိုင်းထဲ

နက်ရှိုင်းဖော်သည် ထည့်သွင်းပြီမို့

သူ၏ဂုဏ်ရောင် သမိုင်းပြောင်ခဲ့။

တစ်ကိုးငါးရှစ် ရောက်သည့်နှစ်မှာ

ပါတီဖဆပလ ထိုပင်မမှ

အကွဲအပြဲ ဇာတ်လမ်းနွှဲစဥ်

ရှိန်းထန်း၊ ရာလ်မှုန်းနှင့် ကမ်းလင့်နိုင်ငံရေးမှာ

စိတ်ဝမ်းမကွဲ လက်ချင်းတွဲကာ

ဆွေငြိမ်းအဖွဲ့ တွဲခဲ့တည်မြဲဖဆပလ

ရွေးကောက်ပွဲဝင် အောင်ပွဲဆင်တည့်။

ထောင့်ကိုးခြောက်ဆယ် ခရစ်နှစ်ဝယ်

ပလက်ဝနယ်တစ်လွှား တစ်နံလျားမှာ

ဝါးများသီးလာ မျိုးသုဥ်းရှာခိုက်

ယာခင်းစပါး ကြွက်တွေစားလို့

သားချင်းပြည်သူ သောကပူခဲ့

စားနပ်ရိက္ခာ ဆာငတ်ဘေးနှင့်

ဆင်းရဲတွင်းနက် အခက်တွေ့စဥ်

ကယ်ဆယ်ထောက်ပံ့ငွေ ရရှိလေဖို့

သူသာတင်ပြ ချစ်သဒ္ဒါထားသည်

သွေးသားလူမျိုး ချစ်မြတ်နိုးသည်

ပြည်သူအကျိုး သူသယ်ပိုး၍

လေးစားကြည်ညို ဂုဏ်ယူပိုတည့်။

ထောင့်ကိုးခွန်ခွန် နှစ်မွန်ဆောင်းဟေမန်

ရတုဖေဖော် ရောက်ခဲ့လေသော်

ပလက်ဝမြို့ ရာပြည့်သဘင်ပွဲတော်

အတူတကွ နွှဲပျော်ကြစဥ်

မြို့မိမြို့ဖ အဘသည်ကား

စိတ်အားထက်သန် မော်ကွန်းတွင်ရစ်

ရာပြည့်အောင်ပွဲ သူဆင်နွှဲ၏။

ပွင့်ချိန်တန်ပွင့် သီးချိန်တန်သီး

မှတ်သင့်ဆိုရိုး နှလုံးသိုလျက်

ဘဝနုပျို လှသွေးစိုချိန်

ခမီးပျိုမေ မန်းယိုးလှပျိုဖြူနှင့်

စုလျားရစ်ပတ် မေတ္တာနှောင်၍

တစ်သားကိုယ်တည်း ပေါင်းစည်းအိမ်ထောင်

နောင်ချိန်ခါတွင် ရင်ဝယ်ပေါက်ဖွား

သမီးသားများ ထွန်းကားလာရာ

ရတနာအစစ် ကြင်ချစ်မဆုံးနိုင်။

အော်… တို့များဖခင် ကျေးဇူးရှင်ငဲ

ပန်းတို့မည်သည် ဖူးငုံပွင့်ခြင်းဖြင့်

ကြွေကြစမြဲ ပြောကြဆဲသာ

လောကဧည့်သည် ခဏလည်လာ

လူတို့မည်သည် ပျိုရွယ်အိုခြင်းဖြင့်

သေကြစမြဲ ရှိနေဆဲသာ။

ဘဝသက်တာ ပြီးဆုံးခါနီး

သက်ရွယ်ကြီးရင့် မကြွေလွင့်မီ

တို့များဌာနေ တိုင်းကားပြည်ရွာ

အေးချမ်းသာယာ ဖွံ့ဖြိုးဖို့ရာ

နိုးကြားအားထုတ် ရွက်ဆောင်ကြပါ

ပညာတတ်တွေ ဆင့်ကာဝေဖို့

ပြည်ရွာတွက်သာ နစ်နာခံကြ

မှာတမ်းစကား စဥ်မှတ်သားခဲ့။

ဆူးခင်းလမ်းမှာ ဖြတ်သန်းလာသည့်

သက်ကောင်းရှည်ရာ အနာမဲ့ကြောင်း

နှစ်တောင့်ရှစ်ခု ရတုဝသန်

တောင်ပြန်လေနွေး ရေနဒီဖွေးဖွေးနှင့်

အောက်တိုဘာလ. နှစ်ဆယ့်ရှစ်ဝယ်

အိမ်သူချစ်ဇနီး သမီးသားများ

အပြီးစွန့်ခွာ လူ့ပြည်ရွာမှ

မျိုးသားဖခင် တို့ကျေးဇူးရှင်ကား

တစ်ပါးဘဝ. ဝင်စားခဲ့

လူ့ပြည်ရွာငြီး နတ်ထီးခံပြီ

ဘဝနိဂုံး အဆုံးသတ်ခဲ့။

အဖိုးသည်ကား စိတ်ထားဖြူစင်

ခင်မင်စိတ်ပွား ရိုးသားဖော်ရွေ

အစဥ်နိုးကြား စိတ်အားတက်ကြွ

တိုင်းချစ်ပြည်ချစ် မျိုးချစ်၌လည်း

ကောင်းကင်ယံထက်ဝယ် အလင်းကြွယ်သည့်

ဓူဝံကြယ်ရာဇာအလား ရည်မှတ်ထားလျက်

မျိုးဆက်သစ်လူငယ် အားကျဖွယ်ရာ

စံပြပုဂ္ဂိုလ် ကြည်ညိုဖွယ်ဖြစ်

သမိုင်းရာဇဝင်မှာ မော်ကွန်းတင်ထားပြီတကား။ ။

(ဤကဗျာရှည်ကို ၁၉၉၇ခုနစ် ဒီဇင်ဘာလတွင် သီကုံးရေးဖွဲ့ခဲ့၏။ ကြည်ညိုလေးစားသည့်အဖိုးကိုယ်တိုင်ရှေ့မှောက်၌ နှစ်ကြိမ်နှစ်ခါ ဖတ်ပြပေးခဲ့သည်။သို့သော်၂၀၀၈ခုနစ်ဒီဇင်ဘာလတွင်ထပ်မံဖြည့်စွက်လျက် စာသားများလည်း အချို့အသစ် တည်းဖြတ်နေပါသည်။ ကဗျာမူရင်းကိုလည်း သူ့သမီး ဆရာမကြီးဒေါ်ဆာဆုလက်ထဲ ပေးအပ်ခဲ့သည် ။ ၂၀၂၅ခုှုစ် ဇန်နဝါရီလ ရက် လွတ်လပ်ရေးနေ့အောင်ပွဲသဘင်တွင် နိုင်ငံတော်က ဦးထပ်လှိုင်းအား လူမှုထူးချွန် ပထမအဆင့် ချီးမြှင့်ဂုဏ်ပြုခဲ့သည်)။ ၂၁- ၁- ၂၀၂၆ခုနစ်။ ဗုဒ္ဓဟူးနေ့။ ။

Leave a Reply

Your email address will not be published. Required fields are marked *