Headlines

၂၀၂၅ ရွေးကောက်ပွဲ အပိုင်း ၁ ကို ဟားခါး၊တီးတိန်၊ခိုင်ကမ်းမြို့ပေါ် ရပ်ကွက်များမှာသာ ပြုလုပ်မည်

ဒီဇင်ဘာလ ၆ ရက်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ချင်းပြည်နယ်အတွင်းရှိ ကျေးရွာအုပ်စု ၈၄ ခု နှင့် ရပ်ကွက် ၂ ခုမှာ ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေ မရှိတဲ့ အတွက် ရွေးကောက်ပွဲများ ကျင်းပမည် မဟုတ်ကြောင်း၊ဟားခါး၊တီးတိန်နှင့်ခိုင်ကမ်းမြို့ပေါ်ရှိ ရပ်ကွက် ၁၆ ခုမှာသာ ရွေးကောက်ပွဲ ပြုလုပ်မည် ဖြစ်ကြောင်း အာဏာသိမ်းစစ်ကော်မရှင်လက်အောက်ခံ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဒီဇင်ဘာလ ၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဟားခါးမြို့မှာ မြို့ ၂ ခု၊ ကျေးရွာ ၆၈ ရွာ ရှိပြီး ရပ်ကွက် ၁၀ ခု၊ ကျေးရွာအုပ်စု ၂၉ ခုဖြင့် ဖွဲ့စည်းထားပြီး ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ပြုလုပ် ကျင်းပမည် မဟုတ်ဟု ကြေငြာထားသည့် စာရင်းမှာ ဆူရ်ခွားမြို့ရှိ ရပ်ကွက် ၂ ခု အပါအဝင် ကျေးရွာ အုပ်စု ၂၉ ခု ပါဝင် ခဲ့တာကြောင့် ဟားခါးမြို့ရှိ ရပ်ကွက် ၈ ခု တွင်သာ ရွေးကောက်ပွဲ ပြုလုပ်မည် ဖြစ်ကြောင်း တွေ့ရှိရပါတယ်။

တီတိန်းမြို့မှာ မြို့ ၂ ခု၊ ကျေးရွာ ၁၂၉ ရွာ ရှိပြီး ရပ်ကွက် ၈ ခု၊ ကျေးရွာအုပ်စု ၅၅ ခုဖြင့် ဖွဲ့စည်းထားပြီး ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ပြုလုပ် ကျင်းပမည် မဟုတ်ဟု ကြေငြာထားသည့် စာရင်းမှာ ကျေးရွာ အုပ်စု ၅၅ ခု ပါဝင် ခဲ့တာကြောင့် တီးတိန်မြို့ရှိ ရပ်ကွက် ၄ ခု နှင့် ခိုင်ကမ်းမြို့ရှိ ရပ်ကွက် ၄ ခု တွင်သာ ရွေးကောက်ပွဲ ပြုလုပ်မည် ဖြစ်ကြောင်း တွေ့ရှိရ ပါတယ်။

စစ်ကော်မရှင်ကျင်းပမယ့် ၂၀၂၅ ခုနှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ ချင်းပြည်နယ်မှာ လွှတ်တော် ၃ ရပ်အတွက် စုစုပေါင်းကိုယ်စားလှယ် နေရာ ၂၈ နေရာကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ချင်းပြည်သစ်ကွန်ဂရက်ပါတီ၊ ဇိုမီးအမျိုးသားပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီနှင့် ခူမီးအမျိုးသားပါတီ တို့မှ ကိုယ်စားလှယ်လောင်း ၈၃ ဦးက ယှဉ်ပြိုင် အရွေးခံကြမှာဖြစ်ပါတယ်။

၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ပြုလုပ်မယ့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၁ မှာ ချင်းပြည်နယ် ကနေ ဟားခါးမြို့နယ် နှင့် တီးတိန်မြို့နယ်တို့ ပါဝင်ခဲ့ပြီး ရွေးကောက်ပွဲ ပြုလုပ်ရန်ကျန်နေသေးတဲ့ ဖလမ်းမြို့နယ်၊ ထန်တလန်မြိ့နယ် နှင့် တွန်းဇံမြို့နယ် တို့ဟာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲ အပိုင်း ၂ မှာ ပါဝင်ခြင်း မရှိသေးကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက် အသီးသီး အရ သိရှိရ ပါတယ်။

ရွေးကောက်ပွဲကို အပိုင်း ၃ ခုဖြင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ မကုန်ခင် အပြီးကျင်းပမည်ဟု သိရှိရသော်လည်း ရွေးကောက်ပွဲ အပိုင်း ၃ ကျင်းပမည့် နေ့ရက် ကိုမူ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ လက်ရှိ အချိန်အထိ ထုတ်ပြန်ကြေငြာခြင်း မရှိသေးပေ။

Leave a Reply

Your email address will not be published. Required fields are marked *