
ဒီဇင်ဘာလ ၅ ရက်။
ဒီဇင်ဘာလ ၄ ရက်နေ့မှာ ဩစတြေးလျနိုင်ငံ ဗစ်တိုးရီးယား ပြည်နယ် ရှိ Governor of Victoria နှင့် Victorian Multicultural Commission တို့မှ ကြီးမှူး ကျင်းပ ပေးအပ်ခဲ့သော ဗစ်တိုးရီးယား ယဉ်ကျေးမှုပေါင်းစုံ ထူးချွန်ဆု (Victorian Multicultural Awards for Excellence) ချီးမြှင့်ပွဲမှာ ချင်းအမျိုးသား တစ်ဦးမှ ဆုရရှိခဲ့ကြောင်း Victorian Multicultural Commission ရဲ့ website ပါ ဖော်ပြချက် အရ သိရှိရ ပါတယ်။
Website ပါ ဖော်ပြချက်များ အရ ဆုရတဲ့ ချင်းအမျိုးသားဟာ ဩစတေးလျနိုင်ငံမှာနေထိုင်တဲ့ အသက် ၃၀ ဝန်းကျင်အရွယ် ရှိသူSalai Peter Cinzah ဖြစ်ပြီး ဒုက္ခသည်အရေး ဆောင်ရွက်သူ ထူးချွန်ဆု (Refugee Achievement Award) ရရှိခဲ့တာ ဖြစ်တယ်လို့ လည်း သိရှိရ ပါတယ်။
Salai Peter Cinzah ဟာ “ဗစ်တိုးရီးယားပြည်နယ်တစ်ဝန်းလုံးတွင် စည်းလုံးညီညွတ်ရေး နှင့် အားလုံးပါဝင်ရေး ဆိုင်ရာများ မြှင့်တင်မှုကို ဆောင်ရွက်သည့် တက်ကြွသည့် လူမှုအသိုင်းအဝိုင်း ခေါင်းဆောင် တစ်ဦး ဖြစ်ကြောင်း၊ ဒုက္ခသည်များ၊ ခိုလှုံခွင့်တောင်းခံသူများ နှင့် မတူကွဲပြားသော အသိုင်းအဝိုင်းများကို အဓိက ပံ့ပူးပေးခဲ့ကြောင်း၊ လူငယ်နှင့် အားကစား အစီအစဉ်များ၊ ပညာရေး၊ အမျိုးသမီး အစီအစဉ်များ နှင့် ယဉ်ကျေးမှုဆိုင်ရာပွဲများ စီစဉ်ဆောင်ရွက်ပေး နေသူ တစ်ဦးဖြစ်ကြောင်း၊ advocacy လုပ်ခြင်း၊ သင်တန်းပေးခြင်း နှင့် သုတေသန ပြုလုပ်ခြင်း တို့ကနေ ယဉ်ကျေးမှု အချင်းချင်းအကြား ခိုင်မာတဲ့ ဆက်ဆံမှုများ တည်ဆောက်ပေးပြီး မတူကွဲပြားမှုများ မြှင့်တင်ပေးခဲ့ကြောင်း၊ ရွေ့ပြောင်းအလုပ်သမား စင်တာ နဲ့ ပူးပေါင်းပြီး ယဉ်ကျေးမှုမျိုးစုံဆိုင်ရာ သံတမန် အဖြစ် ဆောင်ရွက်ပြီး အလုပ်သမား အခွင့်အရေး အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲများ ပို့ချပေးခြင်း၊ အင်္ဂလိပ်ဘာသာ နှင့် မြန်မာဘာသာ နှစ်မျိုးဖြင့် ထုတ်ဝေသည့် စာတမ်းများ အတွက် ပါဝင်ကူညီပေးခြင်း စသည်များ ဆောင်ရွက်ခဲ့သူ ဖြစ်ကြောင်း” ဖော်ပြထား ပါတယ်။
ယခု ဂုဏ်ပြုပွဲဟာ Victorian Multicultural Commission အဖွဲ့အစည်း နှင့် Governor of Victoria တို့မှ ဗစ်တိုးရီးယား ယဉ်ကျေးမှုပေါင်းစုံ ထူးချွန်ဆု ပေးအပ်ပွဲ ပြုလုပ်ခဲ့တာဟာ နှစ်ပေါင်း ၂၄ နှစ် ရှိပြီ ဖြစ်ပြီး ၂၀၂၅ ခုနှစ်မှာ တော့ ယဉ်ကျေးမှု ပေါင်းစုံ နှင့် ပတ်သက်တဲ့ ဆု ၁၄ မျိုး အဖြစ် ခွဲထားပြီး လူပေါင်း ၄၀ ဦးကို ဂုဏ်ပြုကာ တခြား ၃၆ ဦးကိုလည်း ယဉ်ကျေးမှုပေါင်းစုံ ဂုဏ်ထူးဆောင် စာရင်းဝင် အဖြစ် ထည့်သွင်း ဂုဏ်ပြုထား ပါတယ်။

