
Abraham Ling Ki Gei
အရှေ့တိုင်းသားတွေနဲ့ အနောက်တိုင်းသားတွေ ဆက်ဆံတဲ့နေရာမှာ “ကန်တော့ရမလား၊ မကန်တော့ရဘူးလား” ဆိုတာ ရှေးခေတ်ကတည်းက စပြီး ပြဿနာတစ်ခုဖြစ်ခဲ့တာပါ။
ဒီအကြောင်းကို Hein ရဲ့ Youtube Channel ကနေ “နေထွက်ဘုရင်နှင့် နေမဝင်အင်ပါယာ၊ မန်ချက်စတာရောက် ကင်းဝန်မင်းကြီး၏ ဝိတိုရိယ ကန်တော့ခန်း” ဆိုတဲ့ ဗီဒီယိုမှတ်တမ်းကို နားထောင်မိတာ ခုထိ နားထဲစွဲနေတုန်းပါပဲ။ သူဆက်ပြောတာက…
• အရှေ့တိုင်းသားတွေက အရိုအသေပေးရင် ဖိနပ်ကို ချွတ်ရတယ်။
• အနောက်တိုင်းသားတွေက အရိုအသေပေးရင် ဦးထုပ်ကို ချွတ်ရတယ်။
• အရှေ့တိုင်းသားတွေက အရိုအသေပေးရမယ့် လူကြီးသူမ လာရင် ယဉ်ကျေးသိမ်မွေ့စွာ ထိုင်ပေးရတယ်။
• အနောက်တိုင်းသားတွေက အရိုအသေပေးရင် မတ်တတ်ထရတယ်။
အားလုံးဟာ ပြောင်းပြန်တွေချည်းပါပဲ။
သမိုင်းမှာ ထင်ရှားတဲ့ အဖြစ်အပျက်တစ်ခုရှိပါတယ်။ ၁၉ ရာစုမှာ အင်္ဂလိပ်အရာရှိတွေက တရုတ်ဧကရာဇ်မင်းတွေနဲ့ တွေ့တဲ့အခါ ဒူးတစ်ဘက်ထောက်ပြီး အရိုအသေပေးနိုင်တယ်၊ ဒါပေမဲ့ ကြမ်းပြင်ပေါ်မှာတော့ ကုန်းမကန်တော့နိုင်ဘူးလို့ ငြင်းဆိုရာကနေ သံတမန်ရေး ဖြတ်တောက်ကြရပြီး၊ စစ်ခင်းကြတဲ့အထိတောင် ဖြစ်ခဲ့ဖူးပါတယ်။
ဆက်ပြောချင်တာက မြန်မာပြည်မှာလည်း အင်္ဂလိပ်တွေက ဘုရားပေါ်တက်ရင် ဖိနပ်မချွတ်လို့ မြန်မာတွေ ဒေါသထွက်ခဲ့ရတာမျိုး ရှိပါတယ်။ ဒါပေမဲ့ ဥရောပနိုင်ငံတွေမှာလည်း အခုအချိန်အထိ ဖိနပ်ကို လုံခြုံအောင် မစီးထားရင် အဲဒီလူကို uncivilized (ခေတ်နောက်ကျသူ) ဒါမှမဟုတ် Barbarian (ယဉ်ကျေးမှု မရှိသူ) လို့ သတ်မှတ်ကြပါတယ်။
ဘာလို့ ဒီလိုတွေ ကွဲပြားခြားနားကြတာလဲ။
ဒါတွေဟာ ပတ်ဝန်းကျင်တစ်ခုမှာ နေထိုင်အသက်ရှင်ကြတဲ့သူတွေက ခေတ်အဆက်ဆက် တန်ဖိုးထား ကျင့်သုံးလာကြတဲ့ သူတို့ရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ ယုံကြည်မှုအပေါ်မှာ အခြေခံပါတယ်။
ဘယ်လူမျိုးရဲ့ ယဉ်ကျေးမှုကမှ အချိန်၊ နေရာ၊ ကာလတိုင်းမှာ မှန်နေတယ်လို့ မရှိပါဘူး။ (No absolute truth)။
ကိုယ့်အတွက် ဘယ်လိုမှ လက်ခံလို့ မရတဲ့အရာဖြစ်နေပါစေ၊ တစ်ချို့သူတွေအတွက်ကတော့ ပုံမှန်ဖြစ်ပျက်နေကြ သမာရိုးကျ သဘောတရားတွေလည်း ဖြစ်နေတတ်ပါတယ်။
ဥပမာတစ်ခု ပြောပြချင်ပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဘုရားရုပ်ပွားတော်တွေ၊ ပုံတော်တွေကို အရမ်းအရိုအသေပေးပြီး အိမ်ရဲ့ အမြင့်နေရာတွေမှာ ချိတ်ဆွဲထားလေ့ ရှိပါတယ်။ ဒါပေမဲ့ အနောက်ဥရောပနိုင်ငံတွေမှာ ကိုယ်တိုင် မယုံနိုင်လောက်အောင် တွေ့ကြုံခဲ့ရတာကတော့ ခရစ်စမတ်ရာသီလို ပွဲလမ်းသဘင်တွေမှာ ခရစ်တော်ပုံ၊ လက်ဝါးကားတိုင်ပုံ၊ ရဟန္တာသူတော်သူမြတ် ပုံတော်တွေကို အလျှံပယ် ထုတ်ဝေကြပြီး လက်ဆောင်ပစ္စည်းတွေအဖြစ်သော်လည်းကောင်း၊ လက်ဆောင်ပစ္စည်းတွေကို ထုပ်ပိုးရာတွင်လည်းကောင်း လှပသေသပ်စွာ အသုံးပြုတတ်ကြပေမဲ့ ပွဲပြီးတာနဲ့ အမှိုက်ပုံးတွေထဲကို လွယ်လင့်တကူ လွှင့်ပစ်တတ်ကြတာပါပဲ။
ကွာခြားပုံများက မိုးနဲ့မြေလိုပါပဲ။ ဘာမှကို မတူပါဘူး။
ဒါဆို အဓိကကွာခြားတာက ဘာလဲ။ တန်ဖိုး (Value) ထားတာချင်း မတူကြတာပါ။
ပြဿနာက ဘယ်မှာစလဲဆိုတော့ မတူညီတဲ့ တန်ဖိုးထားမှုကို အပြန်အလှန် သည်းခံမှု (tolerance) နဲ့ လေးစားမှု (respect) မရှိကြတာပါ။
ဘောလုံးကစားသမားတွေဟာ နိုင်ပွဲရရှိဖို့နဲ့ ဂိုးသွင်းနိုင်ဖို့အတွက် ခရစ်တော်ရဲ့ ပုံတော်ကို ခြေထောက်မှာ တက်တူးထိုးလေ့ ရှိကြပါတယ်။ ပရီးမီးယားလိဂ်မှာတောင် အများအပြား တွေ့နိုင်ပါတယ်။
နိုင်ငံကိုယ်စားပြုတဲ့ အားကစားအသင်းတွေ (သို့) အားကစားသမားတွေဆိုရင် သူတို့ရဲ့ အားကစားဝတ်စုံ၊ ဖိနပ်အစရှိတဲ့ နေရာတွေမှာ နိုင်ငံအလံကို အမြတ်တနိုး တပ်ဆင်တတ်ကြပါတယ်။
ထိုမျှမက ကမ္ဘာ့အိုလံပစ်ကစားသမားများ၊ အထူးသဖြင့် ရေကူးပြိုင်သူများဆိုရင် သူတို့ရဲ့ အတွင်းခံ (swimsuits) များမှာတောင် သူတို့ရဲ့ နိုင်ငံတော်အလံတွေကို ဂုဏ်ယူဝင့်ကြွားစွာ ထည့်သွင်းဝတ်ဆင်တတ်ကြပါတယ်။
မြန်မာနိုင်ငံတော်အလံကို ဒီလိုပြုလုပ်သင့်တယ်လို့ ဆိုလိုခြင်း လုံးဝ (လုံးဝ) မဟုတ်ပါ။ သို့သော် မှန်ကန်တဲ့ နိုင်ငံချစ်စိတ်ရှိခြင်းဟာ နိုင်ငံတော်အလံကို မည်သည့်နေရာတွင် ထားရှိခြင်း၌ မူတည်တယ်လို့ ကျွန်တော် လုံးဝ (လုံးဝ) အယုံအကြည် မရှိပါဘူး။
နိုင်ငံတော်အလံကို ခေါင်းစည်းလျှက် အကြမ်းဖက်သူများ မရှိဘူးလို့လည်း မုချ အာမခံလို့မရပါဘူး။
နိုင်ငံတော်အလံဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ Symbol (အမှတ်အသား) တစ်ခုသာဖြစ်ပါတယ်။ အလံဆိုတာ နိုင်ငံရေးအပြောင်းအလဲကိုလိုက်ပြီး ပြောင်းလဲနိုင်ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း အကြမ်းဖျင်းအားဖြင့် ၁၉၄၈ မှ ၁၉၇၄၊ ၁၉၇၄ မှ ၂၀၁၀၊ ၂၀၁၀ မှ ယနေ့ချိန်အထိ စုစုပေါင်း သုံးကြိမ်တိုင်တိုင် ပြောင်းလဲခဲ့ပါတယ်။
နိုင်ငံတော်အလံဟာ မျိုးချစ်စိတ်ရှင်သန်ထကြွရာ အခြေခံအရင်းအမြစ်ဟူ၍ ကျွန်တော် အယုံအကြည်မရှိပါ။ သို့သော် စော်ကားမော်ကားပြုခွင့်ရှိတယ်လို့လည်း လုံးဝ (လုံးဝ) မဆိုလိုပါ။
အဓိကဆိုလိုရင်းကတော့ နိုင်ငံကိုချစ်တဲ့စိတ် ပြည့်ဝသူတို့ဟာ နိုင်ငံတော်အတွက် တန်ဖိုးရှိသော ပုဂ္ဂိုလ်ဖြစ်ဖို့ရန်ကသာ ပိုပြီး အရေးကြီးမယ်လို့ ယူဆပါတယ်။
မိမိနိုင်ငံရဲ့ ဆင်းရဲမွဲတေမှုအောက်က ရုန်းထွက်ပြီး တိုင်းတစ်ပါးမှာ နေထိုင်သည့်တိုင် နိုင်ငံကို ချစ်မြတ်နိုးတဲ့စိတ် အပြည့်အဝနဲ့ ကမ္ဘာ့အလယ်မှာ မြန်မာဆိုတာကို တတ်စွမ်းသမျှ ဂုဏ်တင့်စေတဲ့ ချင်းတိုင်းရင်းသားလေး Jaushua Van ရဲ့ ဖိနပ်ကိစ္စနဲ့ သွေးပျက်နေကြသူတွေကို ကြည့်ပြီး ကျွန်တော် အတန် စိတ်ပျက်မိတာ အမှန်ပါ။
နိုင်ငံတော်အလံကို ချစ်စိတ်ကြီးသူများကို အပြစ်မဆိုလိုပါ။ သို့သော် အမေရိကမှာ ကြီးပြင်းလာသူ Jaushua Van အနေနဲ့ သူကြီးပြင်းလာရာ ပတ်ဝန်းကျင်ရဲ့ လူနေမှုနဲ့ ယဉ်ကျေးမှုကို လျစ်လျူရှုလို့ မရပါဘူး။ သူ့ရဲ့ မွေးဖွားခဲ့ရာ အမိမြန်မာနိုင်ငံတော်အပေါ် ချစ်စိတ်ကြီးမှုကိုသာ ပိုပြီး အလေးထား ရှုမြင်သင့်ပါတယ်။
နိုင်ငံ့ဂုဏ်ဆောင်သူတွေကို အလျင်စလို ပြစ်တင်ဝေဖန်ခြင်းထက် အားပေးဝန်းရံခြင်းသာလျှင် ပိုပြီး မှန်ကန်တဲ့အပြုအမူဖြစ်တယ်လို့ သုံးသပ်မိပါတယ်။
အလံချစ်သူများထက် နိုင်ငံချစ်သူများ ဖြစ်နိုင်ကြပါစေ။

