Headlines

ဟားခါးမြို့နယ်မှာ ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းလိုက်တာကြောင့် လွှဲပြောင်းခြင်း၊ ဝယ်ယူခြင်း မလုပ်ကြဖို့ CDF-Hakha Central Council အသိပေး

ဒီဇင်ဘာလ ၂၄ ရက်။

အာဏာသိမ်း စစ်ကော်မရှင်က ကျင်းပတဲ့အတုအယောင် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပုဂ္ဂိုလ်တွေနှင့် နိုင်ငံရေးပါတီတွေရဲ့ ဟားခါးမြို့နယ်အတွင်းရှိ ၎င်းတို့ ပိုင်ဆိုင်မှုတွေ အားလုံးကို CDF-Hakha Central Council မှ ပြည်သူပိုင် သိမ်းဆည်းကြောင်း CDF-Hakha Central Council က ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒါကြောင့် ဟားခါးမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် စစ်ကော်မရှင် ကျင်းပတဲ့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ ပုဂ္ဂိလ်တွေနှင့် နိုင်ငံရေးပါတီတွေရဲ့ ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းခြင်း၊ ဝယ်ယူခြင်း မပြုလုပ်ဖို့ ကိုလည်း CDF-Hakha Central Council အသိပေးထားပါတယ်။

စစ်ကော်မရှင်အဖွဲ့ဟာ အပြစ်မဲ့ အရပ်သားပြည်သူများအား သတ်ဖြတ်ခြင်း၊ ပြည်သူ့အိုးအိမ်စည်းစိမ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘုရားကျောင်းများနှင့် ဘုန်းကြီးကျောင်းများအား မီးရှို့ခြင်းနှင့် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများကို တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် နေ့စဉ်ပြုလုပ်ပြီး ၎င်း၏ ရက်စက်ကြမ်းကြုတ်မှုကို ဖုံးကွယ်ရန်နှင့် အာဏာတည်မြဲရေးအတွက် ရွေးကောက်ပွဲကို ကျင်းပရန်ရှိပြီး ဒီရွေးကောက်သည် လွတ်လပ်ပြီး တရားမျှတ မှုကင်းမဲ့သည့် အတုအယောင်ရွေးကောက်ပွဲအဖြင့် ချင်းပြည်ကောင်စီမှ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေငြာခဲ့ကာ စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်တားဆီးရေးနှင့် ပြည်သူ့အခွင့်အရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း ဥပဒေ ကို ပြဌာန်းခဲ့ပြီး ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ချင်းလဲန်းကောင်စီမှ တရားဝင်ပြဌာန်းခဲ့တဲ့ လုပ်ထုံးလုပ်နည်းများအရ ဒေသအုပ်ချုပ်ရေးအဖွဲ့ကို တာဝန်အပ်နှင်းခြင်းဖြစ်၍ စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သော ပုဂ္ဂိုလ်များနှင့် နိုင်ငံရေးပါတီများ အား စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်တားဆီးရေးနှင့် ပြည်သူ့အခွင့်အရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း ဥပဒေ အခန်း( ၄ )၊ ပုဒ်မ ၁၆ အရ ၎င်းတို့၏ ဟားခါးမြို့နယ်အတွင်းရှိ ပိုင်ဆိုင်မှုအားလုံးကို CDF-Hakha Central Council မှ ပြည်သူပိုင် သိမ်းဆည်းလိုက်တာလို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ကော်မရှင်က ဦးစီးပြီး ကျင်းပတော့မယ့် ပါတီစုံအထွေထွေရွေးကောက်ပွဲ အပိုင်း (၁)တွင် ချင်းပြည်နယ်ဟားခါးမြို့၊ တီးတိန်မြို့နယ်နဲ့ စစ်ကိုင်းတိုင်းမှ ကလေးမြို့နဲ့ တမူးမြို့နယ်တွေမှာ ကျင်းပသွားမှာဖြစ်ပြီး အဲဒီဒေသတွေကနေ ချင်းပါတီတချို့က ကိုယ်စားလှယ်တွေက ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *