Headlines

ရန်ကုန်မြို့မှာ အိမ်မှာ ရိုက်နှက်လုယက်ခံရတဲ့ ဓမ္မအမှုတော်ဆောင်ဆရာမ မှ ကျူးလွန်သူကို ကျေအေးပေး

ဒီဇင်ဘာလ ၉ ရက်။

ရန်ကုန်မြို့မှာ နေအိမ်မှာ တစ်ဦးတည်းနေစဉ် အိမ် အတွင်း ရိုက်နှက် လုယှက်ခံရတဲ့ ခရစ်ယာန် ဓမ္မအမှုတော်ဆောင် ၁ ဦး ဖြစ်တဲ့ ဆရာမ ညောင်ဒိတ်လျန်း (ခ) ညောင်နူးမှ ဒီဇင်ဘာလ ၈ ရက်နေ့မှာကျူးလွန်သူ ဒေါ်မိငယ် (ခေါ်) နော်မေလွှမ်း အား ဒဂုံမြို့သစ် (အရှေ့ပိုင်း) တရားရုံးမှာ အမှုကို ကျေအေး ပေးလိုက်ကြောင်း အမှုလိုက်ပေးသူ အထက်တန်း ရှေ့နေ ကျိန်ထိတ်ကိမ်(ခ)ကိမ်းနူးထံမှ သိရှိရ ပါတယ်။

“အမှုက ဩဂုတ်လ ၂၀ ရက်နေ့က ရန်ကုန်မြို့၊ အရှေ့ဒဂုံမြို့နယ် ရှိ New Life Mission Church မှာ ဖြစ်ခဲ့တာ ပါ။ တရားလို လုပ်ပေးတာက ဦးပေါင်ကိမ်းတွောင် ဖြစ်တယ်။ ရာဇသတ်ကြီး ပုဒ်မ ၁၉၄/၃၂၃/၅၀၆ အရ တရားခံ နော်မေလွှမ်းကို တရားစွဲဆိုထားတာ ဖြစ်တယ်။ နစ်နာသူ က ဆရာမ ညောင်ဒိတ်လွန်း ဖြစ်တယ်။ တရားခံ မိသားစုက တောင်းပန်တာကြောင့် တရားလို ဘက်က ကြေအေး ပေးဖို့ သဘောတူပြီး ဒီဇင်ဘာလ ၈ ရက်နေ့မှာ ကျေအေးပေးခဲ့တာ ဖြစ်တယ်” လို့ ရှေ့နေ အဖြစ် ဆောင်ရွက်ပေးသူ ဒေါ်ကျိန်ထိတ်ကိမ်(ခ)ကိမ်းနူး က Chin World Media ကို ပြောပါတယ်။

ဩဂုတ်လ ၂၀ ရက်နေ့ ညနေ ၆ နာရီ ခန့်မှာ အသက် ၂၅ နှစ် အရွယ် ဓမ္မ အမှုတော်ဆောင် ဆရာမညောင်ဒိတ်လျန်း (Niang Deih Lian @ Niangnu) ဟာ သူမအမှုတော်ဆောင်ရာ ရန်ကုန်မြို့၊အရှေ့ဒဂုံမြို့နယ် ရှိ New Life Mission Church ဘုရားရှိခိုးကျောင်း အဆောက်အဦး အတွင်းမှာတစ်ဦးတည်း ရှိနေချိန်မှာ အသိမိတ်ဆွေ တစ်ဦးဖြစ်တဲ့ ဒေါ်မိငယ် (ခ) နော်မေလွှမ်း ဟာ ပိုက်ဆံချေးမည့်ပုံ ဟန်ဆောင်ပြီး လာရောက်ကာ ရိုက်နှက်ခဲ့ကြောင်း၊ နော်မေလွှမ်းက ဆရာမညောင်နူးကို ဘာမှ မတုန့်ပြန်နိုင်တော့သည် အထိ ရိုက်နှက်ခဲ့ပြီး အိမ်တွင်းရှိ ပစ္စည်းများကို မွှေနှောက် ယူဆောင်သွားခဲ့ကြောင်း၊ ဆရာမ ညောင်နူးကို အိမ်နီးချင်းများ အကူအညီဖြင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံသို့ Ambulance ဖြင့် ပို့ဆောင်ပြီး အတွင်း လူနာ အဖြစ် ကုသခဲ့ရကြောင်း ဩဂုတ်လ ၂၁ ရက်နေ့မှာ Chin World Media က သတင်းဖော်ပြခဲ့ ပြီး ဖြစ်ပါတယ်။

လက်ရှိ အချိန်မှာတော့ ဆရာမ ညောင်ဒိတ်လျန်းဟာ ပြန်လည် နေကောင်း နာ‌လှန် ထူလာပြီ ဖြစ်တယ် လို့လည်း သိရှိရ ပါတယ်

“စီရင်ချက် မချခင်၊ အမှုကိုကျေအေးပြီး ရုတ်သိမ်းခွင့် လျှောက်မထားရင် တရားခံက အင်းစိန်ထောင် အပို့ခံရမှာပါ။ တရားခံမှာ ငယ်ရွယ်တဲ့ သားသမီးတွေလည်း ရှိသေးတယ်။ တရားခံဖြစ်သူရဲ့ လင်ယောကျ်ားကလည်း မိသားစု ကိုယ်စား တောင်းပန် ခဲ့တယ်။ အဲတာတွေ ထောက်ထားပြီးဆရာမလေး ကလည်း ခွင့်လွတ်ပေးဖို့ ဆန္ဒရှိခဲ့တယ်။ ဒါကြောင့် အခုလို ကျေအေး ပေးလိုက်တာ ဖြစ်တယ်။ လက်ရှိမှာ တရားခံရဲ့ ခံဝန်လျှောက်ထားခြင်းကို ရုံးတော်က လက်ခံထားပါတယ်” လို့ အမှုဖြစ်စဉ်ကို ရှေ့နေ ဖြစ်သူ ကျိန်ထိတ်ကိမ်(ခ)ကိမ်းနူးထံမှ ဆက်လက် သိရှိရ ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *