
ဒီဇင်ဘာလ ၁၂ ရက်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ည (၉)နာရီ ၁၃ မိနစ်ချိန်တုန်းက ရခိုင်ပြည်နယ် မြောက်ဦးမြို့ ထမ္မရာဇ်ရပ်ကွက်ရှိ မြောက်ဦးပြည်သူ့ဆေးရုံကြီးကို စစ်ကော်မရှင်တပ်က ရည်ရွယ်ချက်ရှိရှိ ဂျက်ဖိုက်တာနဲ့ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး( ၂ ) လုံးဖြင့်ကြဲချ တိုက်ခိုက်ခဲ့လို့ ဗုံးဒဏ်သင့်ပြည်သူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်ခြင်းကို ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းနယ်စပ်မှာစစ်ရေးလှုပ်ရှားတဲ့ ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho ) က ဒီကနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ ဗုံးကြဲတိုက်ခိုက်မှု ဖြစ်စဉ်ကြောင့် အသက်ခန္ဓာဆုံးရှုံးခဲ့ရသူများရဲ့ မိသားစုဆွေမျိုးများနှင့် ထပ်တူ ဝမ်းနည်းရပြီး များစွာ စိတ်မကောင်းဖြစ်ရတယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho ) ကဆိုပါတယ်။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့က ပြည်သူ့ဆေးရုံကြီးကို စစ်ကော်မရှင်တပ်ဖွဲ့က ပေါင် ၅၀၀ ဗုံးတွေ အသုံးပြုပြီး လေကြောင်းတိုက်ခိုက်ခဲ့လို့ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုအပါအဝင် အရပ်သားပြည်သူ ၃၃ ဦးသေဆုံးပြီး ၇၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဗုံးဒဏ်သင့်ပြည်သူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် CDF – Asho နောက်တန်းစခန်းရှိ ရဲဘော်များမှ ချင်းအမျိုးသားအလံတော်ရှေ့တွင် တစ်မိနစ်ငြိမ်သက်ခြင်းအားယနေ့( ၁၂.၁၂.၂၀၂၅ )ရက်၊ နံနက်( ၀၇ ၀၀ )နာရီတွင် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ အခုလိုအရပ်သားဆေးရုံကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုမြောက်နိုင်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့နဲ့ တာဝန်ရှိသူတွေကို အရေးယူဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ ဗော်လ်ကာတာ့ခ်က ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ သူ့ရဲ့ X (ယခင် Twitter) ကနေတဆင့် တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။

