
မြန်မာနိုင်ငံကျောင်းသားတွေကို အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အိုက်ဇောလ်မြို့ကမီဇိုရမ်တက္ကသိုလ် ဝင်ခွင့်ရမယ့် နားလည်မှုစာချွန်လွှာ ( MoU) ကို မီဇိုရမ်တက္ကသိုလ် နဲ့ ချင်းရေးရာအဖွဲ့ချုပ် (ICA) တို့အကြား လက်မှတ်ရေးထိုးခဲ့ကြောင်း မီဇိုရမ်တက္ကသိုလ်က ဒီဇင်ဘာလ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
မီဇိုရမ်တက္ကသိုလ် နဲ့ ချင်းရေးရာအဖွဲ့ချုပ် (ICA) တို့အကြား လက်မှတ်ရေးထိုးခဲ့ကြတဲ့ နားလည်မှုစာချွန်လွှာ ( MoU) ထဲမှာ မြန်မာစကာားပြော ဒီပလိုမာသင်တန်း မိတ်ဆက်ပို့ချတာ၊ မြန်မာနိုင်ငံကကျောင်းသူ၊ ကျောင်းသားတွေကို မီဇိုရမ်တက္ကသိုလ်မှာ ဝင်ခွင့်ရအောင်နှင့် တခြား သုတေသနဆိုင်ရာကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်တာတွေပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီနားလည်မှုစာချွန်လွှာ ( MoU) ကို ဒီဇင်ဘာလ ၅ ရက်နေ့မှာ မီဇိုရမ်တက္ကသိုလ် နဲ့ ချင်းရေးရာအဖွဲ့ချုပ် (ICA) တို့အကြား မီဇိုရမ်တက္ကသိုလ်မှာ လက်မှတ်ရေးထိုးခဲ့ကြတာလို့လည်း ဖော်ပြထားပါတယ်။
ဒီ MoU လက်မှတ်ရေးထိုးတာကို မီဇိုရမ်တက္ကသိုလ် ဒုတိယပါမောက္ခ Prof. Dibakar Chandra Deka နဲ့ ICA ရဲ့ လက်ထောက်အမှုဆောင် ဒါရိုက်တာ Pi Mai Lucy Mawi တို့က ရေးထိုးခဲ့ကြပြီး အဲဒီအခမ်းအနားတွင် မီဇိုရမ်တက္ကသိုလ်ရဲ့ Burmese Language Course ညှိနှိုင်းရေးမှူး Dr.Lalzarliana နဲ့ ICA ဘက်က လူသားချင်းစာနာထောက်ထားမှု ညှိနှိုင်းရေးမှူး Salai Za Lian Pum တို့ တက်ရောက်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
ချင်းရေးရာအဖွဲ့ချုပ် (ICA) အဖွဲ့ဟာ ချင်းလူမျိုးများအကြား ပညာရေးဆိုင်ရာဝန်ဆောင်မှုတွေ ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ကူညီမှုတွေ ၊ သုတေသနဆိုင်ရာ လုပ်ငန်းစဉ်တွေကို အဓိကဆောင်ရွက်ပြီး မြန်မာနိုင်ငံရှိ ချင်းလူမျိုးတွေရဲ့ ပညာရေး၊ ကျန်းမာရေး နဲ့ လူနေမှုအဆင့်အတန်းတွေ မြှင့်တင်ပေးဖို့အတွက် သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းအနေဖြင့် ၂၀၂၁ ခုနှစ် ၊ မေလမှာ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

