
မရာနိုင်ငံရေးကို ဦးဆောင်ဖို့အတွက် နိုင်ငံရေးဦးဆောင်ကော်မတီ – Political Steering Committee ကို ဖွဲ့စည်းနိုင်ခဲ့ပြီး မရာပဋိညာဉ်အား မြေပြင်နှင့်ထပ်တူ ပိုကျတဲ့ ပဠိညာဉ်ဖြစ်လာစေရေးရည်ရွယ်ပြီးပြင်ဆင်ရေးကော်မတီကိုလည်း ဖွဲ့စည်းနိုင်ခဲ့တယ်လို့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ ( MTC / MDF)က ဒီဇင်ဘာလ ၁၈ ရက်နေ့ကထုတ်ပြန်ထားပါတယ်။
မရာပဋိညာဉ်အရ အက်ဥပဒေ(၃) ခု ပြင်ဆင်ရေးနဲ့ အက်ဥပဒေကြမ်း ၁ ခုတို့ကို တင်သွင်းဆွေးနွေးခဲ့ကြပြီး ကာကွယ်ရေးအက်ဥပဒေ ပြင်ဆင်ခြင်းနဲ့ လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေတို့ကို ဆွေးနွေး အတည်ပြုနိုင်ခဲ့ကြပြီး ကျန်အက်ဥပဒေ ၂ ခုတို့အား Council Bill Committee ထံလွှဲအပ်ခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီ ဗဟိုကောင်စီအစည်းအဝေးအတွင်း ပြည်တွင်း/ ပြည်ပမှ ဗဟိုကောင်စီဝင်များ၊ CDM အစုအဖွဲ့များ၊ အမှုဆောင် စီမံအုပ်ချုပ်ရေး ကော်မတီဝင်များ၊ ဗဟိုတရားသူကြီးအဖွဲ့ဝင်များ၊ ကာကွယ်ရေးတပ်ဖွဲ့မှ ကိုယ်စားလှယ် ဗဟို ကောင်စီဝင်များ၊ လူမှုရေးအသင်းအဖွဲ့မှ အထူးဖိတ်ကြားထားသူများနှင့် လေ့လာစောင့်ကြည့်သူများအပါအဝင် စုစုပေါင်း ၇၈ ဦး တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
တော်လှန်တိုက်ပွဲအတွင်း ကိုယ်လက်အင်္ဂါဆုံးရှုံးသွားတဲ့ ချင်းညီနောင်အဖွဲ့ဝင် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ ( MTC / MDF) တပ်ဖွဲ့ရဲ့ ရဲဘော်တွေအတွက် အာရက္ခတပ်တော် (AA) တပ်ဖွဲ့ရဲ့ ဒုစစ်ဦးစီးချုပ် ဒေါက်တာညှိထွန်းအောင်ဦးဆောင်တဲ့ သူပုန်ဖြူ Team က ငွေကြေး၊ လွယ်အိတ်နဲ့ စာအုပ် လက်ဆောင်တွေ ပေးပို့ခဲ့တဲ့အပေါ် ကျေးဇူးတင်ရှိတဲ့ကြောင်း MTC / MDF က ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ရဲ့ ဒုစစ်ဦးစီးချုပ် ဒေါက်တာညှိထွန်းအောင် ရေးသားခဲ့တဲ့ “ သူပုန်ဖြူ” ကဗျာစာအုပ် (၂၀)အုပ်၊ လွယ်အိတ် (၂၀) လုံး၊ ငွေသားသိန်း (၂၀) တို့ကို တော်လှန်တိုက်ပွဲအတွင်း ကိုယ်လက်အင်္ဂါဆုံးရှုံးသွားတဲ့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ ( MTC / MDF) တပ်ဖွဲ့ရဲ့ ရဲဘော်တွေ အတွက် ပေးအပ်ခဲ့တာလို့ ဖော်ပြထားတာတွေ့ရပါတယ်။
“ သူပုန်ဖြူ” လို့အမည်ပေးထားတဲ့ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ရဲ့ ဒုစစ်ဦးစီးချုပ် ဒေါက်တာညှိထွန်းအောင် ရေးသားခဲ့တဲ့ တော်လှန်ရေး ကဗျာစာအုပ်ကို ခုနှစ် မေလလောက်မှာ ရခိုင်ဘာသာ၊ မြန်မာဘာသာ တို့ဖြင့် ထုတ်ဝေခဲ့ပြီး ပြည်ပနိုင်ငံတွေမှာလည်း ရောင်းချခဲ့ရာမှာလည်း အမေရိကန်ဒေါ်လာ ၄ သောင်းအထိ ရရှိခဲ့တယ်လို့ သိရပါတယ်။
ချင်းလက်နက်ကိုင်တော်လှန်ရေး( ၆) ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ချင်းညီနောင်အဖွဲ့ (CB) ဟာ အာရက္ခတပ်တော် ( ULA / AA) နဲ့ စစ်ရေးမဟာမိတ်တွေလည်း ဖြစ်ကြပါတယ်။

