Headlines

ဖလမ်းမြို့ကိုစစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်က ၁၄ ဦးသေဆုံး၊ ၁ ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိ

ဒီဇင်ဘာလ ၁၂ ရက်။

ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့နဲ့ ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့အကြား မနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ နေ့လည်ပိုင်းလောက်မှာ ဖလမ်းမြို့နယ် Sumhrang ကျေးရွာအနီးမှာ တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့ကြပြီးတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်က ၁၄ ဦးသေဆုံး၊ ၁ဦး အရှင်ဖမ်းမိ ခဲ့သလို လက်နက်ခဲယမ်းအမြောက်အများကိုလည်း ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်ဘက်က သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “မနေ့နေ့လည်ပိုင်းအချိန်မှာဖြစ်တယ် ဝေဘူလမြို့ကနေ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ခွေးတပ်နဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ Sumhrang ကျေးရွာအနီးမှာ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ကြတာ တိုက်ပွဲအတွင်း စစ်ခွေးဘက်က ၁၄ ယောက်သေဆုံးတယ် ၁ ယောက်တော့ အရှှုင်ဖမ်းဆီးရမိတယ် တိုက်ပွဲအတွင်း လက်နက်အမြောက်အများလည်း သိမ်းဆည်းရမိခဲ့တယ်” လို့ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ထံက ငါးကြင်းမြီး၊ ကွန်မန်ဒိုစိန်ပြောင်း၊ စနိုက်ပါတွေအပါအဝင် လက်နက်ကြီးငယ်စုစုပေါင်း ၂၉ လက်၊ ကျည်ဆံ၊ RPG ဗုံးသီး၊ ဒရုန်းစတဲ့ စစ်သုံးအဆောင်ပစ္စည်း အမြောက်အများကို သိမ်းဆည်းရမိခဲ့ပြီး CNDF တပ်ဖွဲ့ဘက်က ရဲဘော် ၄ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

ဖလမ်းမြို့ကို ချီတက်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့က မြေပြင်စစ်ကြောင်းသာမက လက်နက်ကြီးပစ်ကူ၊ ဒရုန်းပစ်ကူ၊ လေကြောင်းပစ်ကူတွေနဲ့ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေကြောင်းကိုလည်း သိရှိရပါတယ်။

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ကို ဝေဘူလမြို့ကနေ အင်အားအမြောက်အများနဲ့ ဖလမ်းမြို့ဘက်ကို ဦးတည်စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ကို ချင်းညီနောင် ( CB)အဖွဲ့၊ Chinland Council ပူးပေါင်းတပ်ဖွဲ့နဲ့ချင်းမဟုတ်တဲ့ တခြားတော်လှန်ရေးအဖွဲ့တွေအတူ ပူးပေါင်းတိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *