Headlines

တီးတိန်မြို့မှာ ဖြစ်ပွါးခဲ့တဲ့ ကျောင်းတွင်း ရန်ပွဲများ နဲ့ ပတ်သက်သူများကိုခေါ်ယူ စစ်ဆေးပြီးကျေအေး စေခဲ့

ဒီဇင်ဘာလ ၁၁ ရက်။

နိုဝင်ဘာလ၂၈ ရက်က တီးတိန်မြို့ကစာသင်ကျောင်းတချို့မှာ ဖြစ်ပွါးခဲ့တဲ့ ကျောင်းတွင်း ရန်ပွဲများနဲ့ ပတ်သက်ပြီး မနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ နေလည်ပိုင်းမှာ တီးတိန်မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဦးဆောင်ပြီး သက်ဆိုင်သူ အားလုံးကို အထက (၁) ကျောင်းမှာ ခေါ်ယူ စစ်ဆေးကာ ကျေအေး စေခဲ့ကြောင်း တီးတိန်မြို့နေ ပြည်သူ တဦးထံမှ သိရှိရ ပါတယ်။

“မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ကိုယ်တိုင် ဦးဆောင်ပြီး ဒီ အမှုကို လာရောက် ဖြေရှင်းသွားတယ်။ မြို့နယ် ရဲမှူးလည်း ပါတယ်။ အထက (၁)၊ အထက ခွဲ နှင့် အလက (၂) ကျောင်းကနေ ကျောင်း တာဝန်ရှိသူတွေ နှင့် ကျောင်း အကျိုးတော်ဆောင် ၃ ဦး စီ ခေါ်ခဲ့တယ်။ ရန်ပွဲနဲ့ ပတ်သက်တဲ့ ကျောင်းသား ကျောင်းသူ အားလုံး နှင့် မိဘတွေလည်း ခေါ်ခဲ့တယ်။ ကလေးတွေက လည်း အသီးသီး ဝန်ခံ ကြတော့ အမှုက ပြေလည်သွားပြီလို့ ပြောလို့ ရပါတယ်” လို့ တီးတိန်မြို့ နေ ပြည်သူ ၁ ဦး က Chin World Media ကို ပြောပါတယ်။

ရန်ပွဲ ဖြစ်ရတဲ့ အကြောင်းရင်း က ကျောင်းသား အချင်းချင်း ကြားမှာ ရန်စ ရှိခဲ့တာကြောင့် ဖြစ်ကြောင်း၊ အရင်ကတည်းက ကျောင်းပြင်ပတွင် ရန်ပွဲ ဖြစ်ခဲ့ဖူးကြောင်း၊ အချင်းချင်း ကျောင်းတွင်မှာ စနောက်ခဲ့တာ ကြောင့် အခုလို ပြင်ပမှာ ရှိတဲ့ သူငယ်ချင်း ဖြစ်သူ Van (နာမည် အပြည့်အစုံ မဟုတ်ပါ) ကို ဦးဆောင်စေပြီး ရိုက်နှက်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးချက်များ အရ သိရတယ် လို့လည်း တီးတိန်မြို့ခံ မှ ဆက်လက် ရှင်းပြ ခဲ့ပါတယ်။

တီးတိန်မြို့က အထကကျောင်းတွေမှာ ဖြစ်ပွါးခဲ့တဲ့ ရန်ပွဲမှာ ရိုက်နှက်မှု ကျူးလွန်တဲ့ Van အပါအဝင် ကျောင်းသား ၅ ဦး နှင့် ရိုက်နှက် ထိုးကြိတ် ခံရတဲ့ ကျောင်းသား ၅ ဦး၊ ဘေးကနေ အားပေး အားမြှောက်ပြုသူ ကျောင်းသားကျောင်းသူ တချို့ နှင့် သက်ဆိုင်ရာ မိဘများကို ခေါ်ယူ စစ်ဆေးပြီး လူကြီးတွေ ရှေ့မှာ ကျေအေး စေခဲ့တာ ဖြစ်တယ် လို့လည်း သိရှိရ ပါတယ်။

“ကျူးလွန်သူတွေ ဘက်ကနေ နစ်နာသူတွေရဲ့ အိမ်ကို သွားရောက် တောင်းပန်ဖို့ စီစဉ် ထားတယ် လို့ ကြားရတယ်။ အဲတာကတော့ ကျောင်း နှင့် ဌာနဆိုင်ရာတွေ ခိုင်းလို့ မဟုတ်ဘူး။ ကြားရတယ် စိတ်ချမ်းသာ စရာ ကောင်းတယ်။ မြို့နယ် အုပ်ချုပ်ရေးမှူးကလည်း Van ကို ရင်းရင်းနှီးနှီး စကားပြောသွားတယ်။ ကျောင်း ဆက် မတက်ချင်ဘူးလား လို့တောင် မေးခဲ့တယ်။ Van ကတော့ ကျောင်းနဲ့ အဆက်ပြတ်တာ ကြာတော့ မတက်ချင်တော့ဘူးလို့ ဖြေသွားတယ်လို့ သိရတယ်။ အဆိုးထဲက အကောင်း ဖြစ်သွားတယ် ပြောရမှာပဲ” လို့ ပညာရေးနဲ့ နီးစပ်သူ တီးတိန်မြို့ ပြည်သူ တဦးက ပြောကြား ခဲ့ပါတယ်။

တီးတိန်မြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၈ ရက်နေ့က ကျောင်းသား တစုမှ အုပ်စုဖွဲ့ ပြီး အထက (၁) မှ ကျောင်းသား တဦး နှင့် အထကခွဲ မှ ကျောင်းသား တဦးကို အဓိက ပစ်မှတ်ထားပြီး ရိုက်နှက် ထိုးကြိတ်သည့် ဗီဒီယိုဖိုင် ထွက်ပေါ်လာ ပြီး နောက် သက်ဆိုင်ရာက အခုလို ခေါ်ယူ စစ်ဆေး ကျေအေး စေခဲ့ခြင်း ဖြစ်တယ် လို့လည်း ဆက်လက် သိရှိရ ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *