Headlines

တီးတိန်မြို့နယ်မှာ ရှားပါး မျိုးစိတ်ဝင် ကျားသစ် ၂ကောင် ဖမ်းမိ

ဒီဇင်ဘာလ ၁၈ ရက်။

ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ချင်းပြည်နယ်၊တီးတိန်မြို့နယ် ပိမ်းပိကျေးရွာမှာ ဒေသခံ နှစ်ဦးက တောင်ယာ အနားထိ ရောက်ရှိလာတဲ့ ရှားပါးမျိုးစိတ်ဝင်ကျားသစ် ၂ကောင်ကို ဖမ်းမိသွားတယ် လို့ ဒေသခံတွေ ထံမှ သိရှိရ ပါတယ်။

“ဖမ်းမိတဲ့ သူ နှစ်ယောက် စလုံးက တောင်ယာမှာ ညအိပ် ကြတာ။ တဲနားမှာ သားရဲ အုပ်စု ကစားတဲ့ အသံတွေ ထွက်လာတယ်။ သူတို့လည်း မြေခွေးအုပ် ဖြစ်မယ် ထင်ပြီး ထွက် မကြည့်ရဲ့ဘူး။ တဲ နဲ့ တဖြည်းဖြည်း နီးလာတော့ မနက် ၃ နာရီလောက်မှာ နှစ်ယောက် စလုံး ထပြီး အသံ လာရာ ဘက်ကို တူမီး သေနတ် နဲ့ သွားကြည့်ကြတယ်။ ပစ်ကွင်းထဲကို အခု ဖမ်းမိတဲ့ နှစ်ကောင် ဝင်လာတော့ တယောက် တကောင် စီ ပစ်ပြီး ဖမ်း နိုင်ခဲ့တယ်” လို့ ဖမ်းမိပုံကို ရွာသား တဦးက ပြောကြား သွားပါတယ်။

အဆိုပါ ကျားသစ်တွေဟာ လွန်ခဲ့တဲ့ နှစ်နှစ် လောက်က စပြီး နွားနောက် စားကျက်မြေ အတွင်း ဝင်ရောက်ကာ နွားနောက်သားပေါက်များ ဖမ်းယူ ကိုက်ဖြတ်လာခဲ့ကြောင်း၊ ရွာသားတွေကတော့ မြေခွေးအုပ် ဖြစ်ဖြစ်၊ ဝံပုလွေအုပ် ဖြစ်ဖြစ် ဝင်လာတာ ဖြစ်မယ် ထင်တာကြောင့် မလိုက် ဖြစ်ကြကြောင်း၊ အခုလို ဖမ်းမိမှာ ရွာစားကျက် နယ်မြေထဲမှား ကျား ဝင်လာမှန်း သိရကြောင်း၊ အခုဖမ်းမိတဲ့ ကျားသစ်နှစ်ကောင် စလုံးဟာ အထီး ဖြစ်တာကြောင့် တခြား အကောင်များ ရှိနိုင်ပြီး ကျားမကြီးလည်း ရှိနိုင်ကြောင်း ရွာသားများ ထံမှ ဆက်လက် သိရှိရ ပါတယ်။

“တချို့က ထိန်းသိမ်းသင့်တဲ့ မျိုးစိတ်လို့ ပြောချင် ပြောလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒေသခံ တောင်သူတွေ အတွက် ဒီ မျိုးစိတ်ကို ထိန်းသိမ်းဖို့ ကိုယ့်ရဲ့ မွေးမြူရေးကို စတေး ရမလား ဆိုတဲ့ အခက်အခဲတွေ ရှိတယ်။ ဒါတွေ ထိန်းသိမ်းဖို့ ဘယ်သူမှ မကူညီဖူးဘူး။ ဘယ်တုန်းကမှလည်း အကူအညီ မရဖူးဘူး။ သားရဲ ဆိုတာ ကျွန်တော်တို့ စိုက်ပျိုး မွေးမြူရေး နယ်ထဲ ကျွံလာရင် ဘေးပဲ” လို့ ဒေသခံ ရွာသား တဦးက သုံးသပ် ခဲ့ ပါတယ်။

Clouded Leopard လို့ခါ်တဲ့ ကျားသစ် ဟာ ကြောင်မျိုးရင်းဝင် တိရစ္ဆာန်များအနက် အလယ်အလတ် အရွယ်အစားရှိတဲ့ တောရိုင်းတိရစ္ဆာန်ဖြစ်ပြီး ခန္ဓာကိုယ် အရှည်ဟာ ၂ ပေခွဲ ကနေ ၃ ပေခွဲ ခန့်၊ အမြီး အရှည်ဟာ ၂ ပေ ကနေ ၃ ပေ ခန့် ရှိတယ်လို့ အင်းကျား အကြောင်း ၀ီကီပီးဒီးယား ဖော်ပြချက်များ အရ သိရှိရ ပါတယ်။

ကျားသစ်(ခ)အင်းကျားတွေဟာ ဟိမဝန္တာတောင်ခြေဒေသ ကနေ ဗဟိုအရှေ့တောင်အာရှ ဒေသများ နှင့် တရုတ်ပြည်တောင်ပိုင်းအထိပါ ဖြန့်ကျက်တွေ့ရှိကြောင်း၊ ၂၀၀၈ ခုနှစ်မှစပြီး အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ (IUCN)က အင်းကျား ကို အနီရောင် စာရင်းသွင်းကာ မျိုးသုဉ်းရန် အန္တရာယ်ကျရောက်နိုင်သော မျိုးစိတ်အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ တကမ္ဘာလုံးမှာ အရွယ်ရောက်ပြီး ကျားသစ်(ခ)အင်းကျား အကောင်ရေစုစုပေါင်း ၁၀၀၀၀ အောက်သာရှိပြီ ဖြစ်ပြီး ဒေသ အလိုက် ခြုံငုံတွက်ကြည့်ရာ မှာတော့ အရွယ်ရောက်စ အင်းကျား အကောင်ရေ ၁၀၀၀ ကျော်ရှိသော ဒေသမရှိတော့ကြောင်း အင်းကျား အကြောင်း ဖော်ပြချက်များ အရ ဆက်လက် သိရှိရ ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *