Headlines

တိုက်ပွဲပြင်းထန်နေတဲ့ ဖလမ်းမြို့နယ်မှာ CDF – Matupi စစ်ဦးစီးဌာနမှူးကျဆုံးခဲ့ကြောင်းထုတ်ပြန်

ဒီဇင်ဘာလ ၁၃ ရက်။

တိုက်ပွဲပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ထဲမှာ Chinland Defense Force – Matupi (CDF – Matupi)ရဲ့ စစ်ဦးစီးဌာနမှူး ဆလိုင်းအန်တိုနီ ဒီဇင်ဘာလ ၁၂ ရက်နေ့ မြင့်မြတ်စွာ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးသွားခဲ့ရတယ်လို့ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ CDF – Matupi က ထုတ်ပြန်ပါတယ်။

CDF – Matupiအဖွဲ့ရဲ့ စစ်ဦးစီးချုပ် Nai John Kim က “ဒီဖလမ်းနယ်ထဲမှာဘဲ Sumhrang ရွာအနီးအနားမှာဘဲ မတူပီရဲဘော်တော့ ၂ ဦးကျသွားပြီပေါ့ တိုက်ပွဲကလည်း အမြဲတမ်းပြင်းထန်နေတော့ တချို့ဒဏ်ရာရ ရဲဘော်တွေလည်း ရှိနေပါတယ် ဒီဟာတွေတော့ လုံခြုံရေးအရ ထည့်ပြောလို့ မရသေးဘူးပေါ့ ကျဆုံးတာတော့ ၂ ယောက်ရှိပြီပေါ့” လို့ပြောပါတယ်။

အမျိုးသားတော်လှန်ရေးအတွက် ဂတိသစ္စာဆိုခဲ့တဲ့အတိုင်း စစ်ဦးစီးဌာနမှူး ဆလိုင်းအန်တိုနီရဲ့ပေးဆပ်မှုအပေါ် CDF – Matupi အနေနဲ့ လေးစားဂုဏ်ပြုကြောင်းနှင့် ကျန်ရစ်သူမိသားစုတွေနဲ့အတူ ထပ်တူဝမ်းနည်းကြေကွဲကြောင်းကို CDF – Matupi က ဖော်ပြထားပါတယ်။

ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ နဲ့ ချင်းဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားလျက်ရှိနေပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်ဖွဲ့ဘက်က တပ်ဖွဲ့ဝင် ၁၄ ဦးသေဆုံးပြီး ၁ ဦး အရှင်ဖမ်းဆီးရမိခဲ့သလို လက်နက်ခဲယမ်း အမြောက်အများကိုလည်း ချင်းဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်က သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *