
ဒီဇင်ဘာလ ၄ ရက်။
နိုဝင်ဘာလ ၂၇ ရက်နေ့က တီးတိန်မြို့နယ် ကနေဒီတောင် အရှေ့ဘက်ခြမ်း လမ်းလွှဲ တစ်နေရာမှာ စစ်ကော်မရှင်တပ်စစ်သားတွေက ခရီးသွား အရပ်သား ကားတစီးကို ပစ်ခတ်ခဲ့တာကြောင့် ကျည်ထိမှန်ခံရတဲ့ အရပ်သား ခရီးသွားအမျိုးသား ၁ ဦးဟာ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ သေဆုံးသွားခဲ့တယ် လို့ တီးတိန်မြို့ဒေသခံများရဲ့ ပြောပြချက် အရ သိရပါတယ်။
သေဆုံးသူ Pa Ngo Vungh ဟာ တီးတိန်မြို့နယ် Buan ရွာသား တစ်ဦး ဖြစ်ပြီး ရွာကနေ ကလေးမြို့ ဆင်းဖို့ ဒိုင်နာကား တစီးဖြင့် တခြား လူ နှစ်ဦး နဲ့ ဆင်းလာခြင်း ဖြစ်ကြောင်း၊ ကနေဒီလမ်းခွဲ ကနေ တွီးဆောက်-ပိမ်းပိ-ခိုင်ကမ်း လမ်း အတိုင်း ဆင်းလာရင် တွီးဆောက်ရွာ မရောက်ခင် လမ်းပိုင်း တနေရာ ကနေ စစ်ကောင်မရှင် စစ်တပ်ရဲ့ ပစ်ခတ်မှုကို ခံရခြင်း ဖြစ်ကြောင်း၊ သေနတ် ဖောက်သံ ကြားကြတာကြောင့် ကားအောက်တွင် ဝင်ရောက်မှောက် နေခဲ့ရာမှ သေဆုံးသူဟာ အပေါ့သွားရန်ထသွားချိန်မှာ ကျည် ၃ ထောင့်က ထိမှန်ပြီး ဒဏ်ရာ အပြင်းအထန် ရရှိသွားခြင်း ဖြစ်ကြောင်း သေဆုံးသူကို ကူညီပေးခဲ့သူ တီးတိန်မြို့ခံ ၁ ဦး ထံမှ သိရှိခဲ့ရ ပါတယ်။
“အခင်း ဖြစ်တာက နိုဝင်ဘာလ ၂၇ ရက်နေ့ ၂ နာရီ လောက်မှာ ဖြစ်တာ။ ကျည်တတောင့်က သူ့ ခါးရိုးကို ထိမှန် ထားတော့ အောက်ပိုင်း လှုပ်လို့ မရတော့ဘူး။ ဗိုက်ကို ကျည်ထိတာတော့ တွီးဆောက်ရွာ ရောက်တဲ့ အထိ သူတို့ မသိကြဘူး။ ကျွန်တော်တို့က အရပ်သားတွေပါ၊ ခရီးသွားတွေပါ လို့ အသံကုန် အော်ပြီး အကူအညီတောင်းတော့ သေနတ်သံတွေ တိတ်သွားတယ်။ ဘယ်သူမှတော့ ပေါ်မလာဘူးတဲ။ အဲလိုနဲ့ တွီးဆောက်ရွာကို ရောက်တော့ ညနေ ၅ နာရီ လောက် ရှိနေပြီ။ ရွာမှာရှိတဲ့ ဆရာမကတော့ ဒဏ်ရာတွေ ဆေးထည့်ပေးပြီး ဆေးရုံ အမြန်သွားဖို့ တိုက်တွန်းပေမယ့် ကားဆရာ လုပ်သူ က ဆက်မသွားရဲ တော့ဘူး။ တွီးဆောက်ရွာမှာ တည အိပ် ခဲ့ရတယ်” လို့ ဖြစ်စဉ်ကို ပြောပြ ပါတယ်။
ဖြစ်စဉ်ကို ဆက်လက် ပြောပြရာမှာတော့ “ကလေးမြို့ကနေ လာကြိုမယ့် အဖွဲ့ တခု က ဆက်သွယ်လာတော့ တွီးဆောက်ကနေ မနက် ၈ နာရီလောက် ထွက်ကြတယ်။ ကလေးမြို့ ရောက်တော့ ခိုင်ကမ်း ရဲစခန်းမှာ သတင်း မပို့ဘဲ ကိုယ်ပိုင် ဆေးရုံ တခုကို ပို့တော့ အဆင်မပြေဘူး။ ကလေးမြို့ ပြည်သူ့ ဆေးရုံ ပို့လိုက်တော့ ခိုင်ကမ်း ရဲစခန်းမှာ သတင်းပို့ဖို့ လိုတယ် ပြောလို့ ခိုင်ကမ်းမြို့ ပြန်တက်ပြီး သတင်း ပို့ရတယ်။ ဆေးရုံပေါ် ရောက်တော့ ညနေ ၅ နာရီ ရှိပြီ။ ဆေးရုံကနေ ဆက်ကု နေရင်း နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ဆုံးသွားခဲ့တယ်။ အလောင်းကို တော့ ဒီဇင်ဘာလ ၁ ရက်နေ့မှာ သူ့ဇာတိရွာ ဖြစ်တဲ့ ဘွင်ရွာကို ပြန်ပို့ ကြတယ်။ အကြောင်း အမျိုးမျိုးကြောင့် တွီးဆောက်ရွာမှာ တည အိပ်ရတယ်။ ဒီဇင်ဘာလ ၂ ရက်နေ့မှပဲ ဘွင်ရွာ ရောက် နိုင်ခဲ့တယ်” လို့ ကယ်ဆယ်ရေး ကူညီပေး ခဲ့သူ မှ ပြောကြား ခဲ့ပါတယ်။
“ဒီ အဖြစ်အပျက်တွေ ဖြစ်သွားတာက အတော် တိုက်ဆိုင်တယ်။ PDF-Zoland က တီးတိန်မြို့ အဝင် ကြိုဆိုပါ၏ တောင်ကုန်းကို တိုက်တဲ့ နေ့လည်း ဖြစ်တယ်။ ဇောင်ကောင်ရွာမှာလည်း တိုက်ပွဲ ဖြစ်တဲ့ နေ့ ဖြစ်တယ်။ ဒေသခံ တော်လှန်ရေး တပ်ဖွဲ့တွေက ကနေဒီတောင်ဘက်မှာ မရှိကြဘူး။ စစ်ကော်မရှင် စစ်သားတွေက ကင်းပုန်းချပြီး နေရာယူတာကို အတော်များများက သတိ မထားမိတော့ အခုလို အဖြစ်အပျက်တွေ ဖြစ်ခဲ့ရတာပါ” လို့ ဒေသခံ တဦးက သုံးသပ် ပြောဆိုခဲ့ ပါတယ်။
လက်ရှိမှာလည်း စစ်ကော်မရှင် စစ်သားများဟာ ကနေဒီတောင် အရှေ့ဘက် တွီးဆောက်ရွာ အပေါ်မှာ ရှိတဲ့ Muksau ဒေသမှာ အခြေချ နေရာယူထားပြီး ခရီးသွား ပြည်သူများ၊ ယာဉ်သွားယာဉ်လာများ ထံမှ ပိုက်ဆံ ကောက်ယူနေတယ် လို့လည်း ဆက်လက် စုံစမ်းသိရှိရ ပါတယ်။

