Headlines

ချင်းအရေးကို လူမျိုးနွယ်စုအလိုက် ချည်းကပ်ဖြေရှင်းဖို့ ကြိုးစားရင် အောင်မြင်မှာမဟုတ်ဘူးလို့ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ပြော

ဒီဇင်ဘာလ ၅ ရက်။

ချင်းအရေးကို လူမျိုးနွယ်စုအလိုက်ချည်းကပ်ဖြေရှင်းဖို့ကြိုးစားနေရင် အောင်မြင်မှာမဟုတ်ဘူးလို့ Institute of Chin Affairs ( ICA)အဖွဲ့ရဲ့ ဦးဆောင်မှုဖြင့် မနေ့ ဒီဇင်ဘာလ ၄ ရက်နေ့မှာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ၊ အိုက်ဇောလ်မြို့မှာ ပြုလုပ်တဲ့ Together for Humanity Friendship Dinner မိတ်ဆုံညစာစားပွဲမှာ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ပူးလားဒူးဟိုမာ ( Pu Lalduhoma) ကမိန့်ခွန်းမှာထည့်သွင်းပြောကြားပါတယ်။

မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်က “ အဓိကအားဖြင့် ချင်းပြည်နယ်အတွင်းက ချင်းညီအစ်ကိုတွေ အချင်းအချင်း မစည်းလုံးဘူးဆိုရင် ရန်သူအတွက် အမြဲတမ်းအနိုင်ယူဖို့လွယ်ကူနေမှာ ဖြစ်တယ် ဦးဆောင်မှုပိုင်းမှာ အဓိကဖြစ်တဲ့ CC နဲ့ CB ကကျနော်ရှေ့မှာဘဲ ငြိမ်းချမ်းရေးလုပ်ပေးပြီး Chin National Council ကို လည်းဖွဲ့စည်းခဲ့တယ် ဒီဟာအမှန်တကယ်ဖြစ်ပေါ်လာဖို့ဆို နောက်တောင်ကျနေပြီလို့ ကျနော်ထင်တယ် အဓိက ဦးဆောင်သူတွေဖြစ်တဲ့ CC နဲ့ CB က ကိုယ်စားလှယ်တွေ အားလုံးလာပြီး ဝန်ကြီးချုပ်ရုံးမှာ ကျနော်ကိုသက်သေထားပြီး ငြိမ်းချမ်းရေးလုပ်ပြီးပြီဖြစ်တယ် အားလုံးလက်ခံနိုင်တဲ့ အခြေခံဥပဒေကိုလည်း ရေးဆွဲပြီးဖြစ်တယ် လက်မှတ်ထိုးအတည်ပြုဖို့ လုပ်တဲ့အချိန် ဟိုတလောက ပြဿနာလေးတွေပြန်ဖြစ်တော့ အရမ်းကိုဝမ်းနည်းရတယ် လူမျိုးနွယ်စုအလိုက် ချည်းကပ် စကားပြောဖို့ လုပ်နေရင် ဘယ်တော့မှ အောင်မြင်နိုင်မှာမဟုတ်ဘူး” လို့ပြောပါတယ်။

ICA က ဦးဆောင်ကျင်းပတဲ့ ဒီအစီစဉ်မှာ မှာ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်ပူးလားဒူးဟိုမာ ကိုယ်တိုင် အထူးဧည့်သည်အဖြစ် တက်ရောက်ခဲ့တဲ့အပြင် Pi Lalrinpuii – ဝန်ကြီး(Health & Family Welfare Department) ၊ Prof. Lalnilawma – ဝန်ကြီး(Public Health Engineering Department, Government of Mizoram) ၊ Pu M.S .Ralte(Central Young Mizo Association – CYMA)၊ Pu Sang Hming Thanga- (Mizo Zirlai Pawl- MZP) ၊ Tv. Ro Hlim Puia(Mizo Students’ Union – MSU) နှင့် Salai Steven Pa Bia (ICNCC/CB) တို့လည်း တက်ရောက်ခဲ့ကြပြီး မိန့်ခွန်းတွေ အသီးသီးပြောကြားခဲ့တယ်လို့ ICA ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီ Together for Humanity Friendship Dinner အခမ်းအနားကို မီဇိုရမ်နှင့် မြန်မာနိုင်ငံက လူပုဂ္ဂိုလ် စုစုပေါင်း ၁၃၀ ကျော် တက်ရောက်ပါဝင်ခဲ့ကြတယ်လို့လည်း ICA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *