

ဒီဇင်ဘာလ ၂၄ ရက်။
၂၀၂၅ ခုနှစ်မှာ ချင်းတောင်ထွက် မျောက်ငိုသီး တွေကို ဒီနှစ်မှာ ပြည်ပတင်ပို့နိုင်ခြင်းမရှိလို့ ၅ နှစ်တာ ကာလ အတွင်း ဈေး အနည်းဆုံး သို့ စံချိန်တင် ဈေးကျသွားခဲ့ပြီး ၁ တောင့် ကို ကျပ် ၅၀ နဲ့သာ ဝယ်ယူကြကြောင်း ချင်းပြည်နယ်၊တီးတိန်မြို့နယ် အတွင်းရှိ ဒေသခံ တောင်သူများ ထံမှ သိရှိရပါတယ်။
“မျောက်ငိုသီးတွေ က တောင်ပေါ်မှာ ကုန်တော့မယ်။ မြေပြန့်က အပင်တွေ စခူး ကြတော့မယ်။ ဈေးက တက်မလာဘူး။ ရာသီ အစမှာ ၁ တောင့်ကို ကျပ် ၅၀ နဲ့ ဝယ်ကြတာ အခုထိ ဈေးမတက်ဘူး။ ဒီနှစ်တွေ တလျှောက်မှာတော့ အဆိုးဆုံးပဲ” လို့ မျောက်ငိုသီး ဈေးနှုန်း နဲ့ ပတ်သက်ပြီး ဒေသခံ တောင်သူ တဦးက မှတ်ချက်ပြုပါတယ်။
ချင်းတောင်ထွက် မျောက်ငိုသီး အများစုဟာ ကလေး-တမူး ကနေ တဆင့် အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ် ဘက်ကို တင်ပို့တာ ဖြစ်ပြီး လမ်းခရီး ခက်ခဲတာနဲ့ စရိတ် ကြီးမားတာကြောင့် အရင်နှစ်တွေလို တင်ပို့ နိုင်ခြင်း မရှိတော့ တာကြောင့် ဈေးကျသွားတာ ဖြစ်နိုင်တယ် လို့လည်း တချို့ တောင်သူတွေက ခန့်မှန်း ထားကြပါတယ်။
“မျောက်ငိုသီး လည်း ထောပတ်သီး လိုပဲ ဝယ်လက်တွေက ကိုယ်တိုင် အပင်ပေါ်တက် ခူးကြတယ်။ တောင်သူတွေ အနေနဲ့ သီးသန့် ဘာမှ လုပ်စရာ မလိုဘူး။ ဆိုင်ကယ် စီးမှာ မျောက်ငိုသီး အထောင့် ၃၀၀၀ သယ်လို့ရတယ်။ မညှိုးခင်၊ လတ်လတ်ဆတ်ဆတ်နဲ့ နယ်စပ် ပို့နိုင်မှ ဈေးကောင်း ရကြတယ်” မျောက်ငိုသီး ရောင်းခဲ့ရတဲ့ ပုံစံကို ဒေသခံ တောင်သူ တဦးက ရှင်းပြခဲ့ ပါတယ်။
စစ်ရေး နှင့် ဒေသအတွင်း ပဋိပက္ခတွေကြောင့် ချင်းတောင်ကနေ တဆင့် မဏိပူရပြည်နယ် ဘက်ကို တင်ပို့တဲ့ လမ်းကြောင်းကို ဝယ်ရောင်းတွေက အသုံးပြုဖို့ အဆင်မပြေဖြစ်ခဲ့ကြောင်း၊ ပြည်တွင်း မငြိမ်သက်မှုရော မဏိပူရ အရေးအခင်းကြောင့်ပါ မျောက်ငိုဈေးကွက်ဟာ ပျောက်လို့ မတတ် ဖြစ်ခဲ့ရပြီ ဖြစ်ကြောင်း၊ မျောက်ငိုပင်ကို စီးပွားဖြစ် စိုက်ပျိုးမှုတွေ များလာပြီး ထွက်ကုန်များတာကြောင့် ဈေးကွက် အတွင်း ပိုမို များပြားခဲ့ကြောင်း တီးတိန်မြို့နေ စိုက်ပျိုးရေး လေ့လာသူ တဦးက သုံးသပ် ပြောကြားသွားပါတယ်။
“မျောက်ငိုသီးကို အတောင့်လိုက် စားကြတာက တော့ ဆောင်းရာသီ စာ တခု ဖြစ်တယ်။ မျောက်ငိုစေ့က ၁၂ ရာသီ စားလို့ ရတဲ့ ဟင်း တမျိုး ဖြစ်လာတယ်။ အစေ့ခွံကို ခွာပြီး တခြား အမယ်တွေနဲ့ သုပ်စားတာက အရှေ့တောင် အာရှမှာ အစားများတဲ့ ဟင်း တမျိုးပဲ။ မြန်မာ ပြည်မမှာလည်း ဒညင်းသီး အစား မျောက်ငို စေ့တွေ အစားထိုး စားသုံးနိုင်ဖို့ မိတ်ဆက် နိုင်ရင် ဈေးကွက် တခုတော့ ရှိလာမယ် ထင်တယ်။ လတ်တလောမှာတော့ အိန္ဒိယနယ်စပ် ရဲ့ ဈေးကွက် တခုတည်းကို မှီခိုတာက အခက်အခဲတွေ အများကြီး ရှိမယ်။ မြန်မာပြည်ရော ၊ မဏိပူရ ပြည်နယ်ပါ ကောင်းကောင်း ငြိမ်းချမ်းမှ မျောက်ငိုက ဈေးကောင်း ပြန်ရနိုင်မယ် ထင်တယ်” လို့ အဆိုပါ တီးတိန်မြို့နေသူ မှ ဆက်လက် သုံးသပ်သွား ပါတယ်။
ချင်းတောင် မျောက်ငိုသီးကို ၂၀၂၃ ခုနှစ်မှာ ၁ ထောင့်ကို ၂၀၀ ကျပ်နဲ့ ဈေးပိတ်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်မှာ ၁ ထောင့်ကို ၁၀၀ ကျပ်ခန့်နဲ့ ဝယ်ယူခဲ့ကြောင်း၊ နှစ် အလိုက် ငွေလဲနှုန်း နဲ့ တွက်ပါက တဖြည်းဖြည်း အကျ ဘက် ရောက်လာကြောင်း၊ ချင်းတောင် မျောက်ငိုသီးဟာ ကလေးလွင်ပြင်ရှိ မျောက်ငိုသီးများ ထက် စောလျင်စွာ ခူးနိုင်သည့် အတွက် ဈေးကောင်းရတာ ဖြစ်ပြီး ကလေးဒေသရှိ မျောက်ငိုများ ထွက်လာပါ ဒီထက် ဈေးကျ နိုင်ကြောင်း ဆက်လက် သိရှိရ ပါတယ်။

