Headlines

ကလေးမြို့အကျဉ်းထောင်က လွတ်ရက်စေ့တော့မယ့် နိုင်ငံရေးအကျဉ်းသားတွေနဲ့ နှစ်ရှည်ထောင်ဒဏ်ချခံရသူ တချို့ ထပ်လွှတ်ပေး

ဒီဇင်ဘာလ ၂ ရက်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ထောင်နှစ်ရှည်ထောင်ဒဏ်ချခံထားရသူတချို့ကို ထပ်မံပြန်လွှတ်ပေးခဲ့ တယ်လို့ နိုင်ငံရေးအကျဉ်းသားအရေး ကိစ္စတွေနဲ့ နီးစပ်တဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။

မနေ့က ကလေးမြို့ မော်လိုက်အကျဉ်းထောင်ကနေ ပြန်လွတ်ပေးလိုက်တဲ့အထဲ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ ၂ ဦးနဲ့ အမျိုးသား ၉ ဦး စုစုပေါင်း ၁၁ ဦးကို ပြန်လွတ်ပေးခဲ့တာလို့ နိုင်ငံရေးအကျဉ်းသားအရေး ကိစ္စတွေနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒေသခံတစ်ဦးက “မနေ့က ကလေးထောင်ကနေ နိုင်ငံရေးအကျဉ်းသား ၅၂ (က)၊ ၅၀၅ (က) အဲလိုမျိုးအမှုတွေ တချို့ကတော့ လွတ်ဖို့ ၁ နှစ်နီးပါးကျန်တဲ့သူတွေ အများစုကတော့ လွတ်ခါနီးပြီပေါ့ လပိုင်းလိုတဲ့ဟာတွေ အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသား ၉ ယောက် စုစုပေါင်း ၁၁ ယောက် လွတ်လာတယ် တချို့က ဖောက်ခွဲ ၅ ပေါ့နော် ၈ နှစ်ကျတဲ့သူတွေ အဲဟာတွေလည်း လွတ်လာတယ်” လို့ပြောပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ဖြင့် ထောင်ကျနေသူတွေ ထွက်ပြေးတိမ်းရှောင်နေသူတွေနဲ့ အမှု ရင်ဆိုင်နေရသူ စုစုပေါင်း ၈ ထောင်ကျော်ကို လွတ်ငြိမ်းခွင့် ၊ အမှုပိတ်သိမ်းကြောင်းကို အာဏာသိမ်း စစ်ကော်မရှင်က နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ကြေညာခဲ့ပြီး နိုဝင်ဘာလ ၂၇ ရက်နေ့မှာ နိုင်ငံရေးအကျဉ်းသားတချို့ကို ပြန်လွတ်ပေးခဲ့ပြီး ကလေးမြို့ ၊ မော်လိုက်အကျဉ်းထောင်ကနေတော့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖင့် ထောင်ကျနေတဲ့ နိုင်ငံရေးအကျဉ်သူ ၅ ဦး သာပြန်လွတ်လာခဲ့ပြီး မနေ့ ဒီဇင်ဘာလ ၁ ရက်နေ့မှာ ထပ်မံပြန်လွတ်ပေးလာတာလည်း ဖြစ်ပါတယ်။

ကလေးမြို့ ၊ မော်လိုက်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်ရှိပြီး အဲဒီမှာ အမျိုးသား ၄၀၀ ကျော်နဲ့ အမျိုးသမီး ၁၀၀ ကျော် ဝန်းကျင်ရှိပြီး အများစုတော့ ပြန်မလွတ်လာနိုင်သေးတဲ့ကြောင်းကိုလည်း နိုင်ငံရေးအကျဉ်းသားအရေး ကိစ္စတွေနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *