Headlines

ကန်ပက်လက်မြို့နယ်မှာ လေကြောင်းရန်ကြောင့် တောတောင်ထဲထွက်ပြေးတိမ်းရှောင်နေရသူတွေ စားနပ်ရိက္ခာအခက်အခဲ ကြုံနေရ

ဒီဇင်ဘာလ ၁၁ ရက်။

ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာဟာ ဒီဇင်ဘာလအတွင်းကို လေကြောင်းကနေ ၂ ကြိမ်တိုက်ခိုက်ခံရလို့ ကျေးရွာနေအရပ်သားတွေဟာ ဘေးလွတ်ရာတောတောင်တွေထဲ အရေးပေါ်တိမ်းရှောင်နေရလို့ စားနပ်ရိက္ခာအခက်အခဲတွေလည်း ကြုံနေကြရတယ်လို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနရဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ကန်ပက်လက်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာကို ဒီဇင်ဘာလ ၉ ရက်နေ့က လေကြောင်းဖြင့် အကြိမ်ကြိမ်တိုက်ခဲ့သလို လက်နက်ကြီးလည်း ၂ ကြိမ် ကျရောက်ပေါက်ကွဲခဲ့လို့ အရပ်သားနေအိမ် ၁ လုံးမှာ လုံးလုံးနီးပါး ပျက်စီးခဲ့ပြီး တခြားနေအိမ် ၁၄ လုံးက တစ်စိတ်တပိုင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

လေကြောင်းနဲ့ အကြိမ်ကြိမ်တိုက်ခိုက်ခံရတာကြောင့် ကျေးရွာနေ ဒေသခံအရပ်သားပြည်သူတွေဟာ ဘေးလွတ်ရာတောတောင်တွေထဲ အရေးပေါ်တိမ်းရှောင်နေကြရလို့ စားနပ်ရိက္ခာအခက်အခဲတွေလည်း ဖြစ်ပေါ်လျက်ရှိနေတယ်လို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကော်မရှင်တပ်ဖွဲ့ဟာ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကို လေကြောင်းကနေ ကင်းထောက်တာ ဗုံးကြဲတိုက်ခိုက်တာတွေ တောက်လျောက်လုပ်နေပါတယ်။

မနေ့ဒီဇင်ဘာလ ၁၀ ရက်နေ့ ညကလည်း ရခိုင်ပြည်နယ် မြောက်ဦးမြို့က ပြည့်သူ့ဆေးရုံကြီးကို စစ်ကော်မရှင်တပ်ဖွဲ့က ပေါင် ၅၀၀ ဗုံးတွေအသုံးပြုပြီး လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အို အပါအဝင် အရပ်သားပြည်သူ ၃၃ ဦး သေဆုံးပြီး ၇၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *