Headlines

CNO/CNDF တပ်ဖွဲ့က ဒဏ်ရာရရဲဘော်တွေအတွက် AA ဒုစစ်ဦးစီးချုပ်က ငွေကြေး၊လွယ်အိတ်နဲ့ စာအုပ်လက်ဆောင်တွေ ပို့ခဲ့

နိုဝင်ဘာလ ၂၁ ရက်။

ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ အခြေစိုက်တဲ့ ချင်းညီနောင် (CB)အဖွဲ့ဝင် ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ( CNO/CNDF) ရဲ့ ဒဏ်ရာရရဲဘော်တွေအတွက် အာရက္ခတပ်တော် ( AA)ရဲ့ ဒုစစ်ဦးစီးချုပ် ဒေါက်တာညှိထွန်းအောင်ဦးဆောင်တဲ့ သူပုန်ဖြူ Team က ငွေကြေး၊လွယ်အိတ်နဲ့စာအုပ် လက်ဆောင်တွေကို ပို့ခဲ့တဲ့အကြောင်း CNO/CNDF ရဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒဏ်ရာရရဲဘော်တွေအတွက် အာရက္ခတပ်တော် ( AA) ဒုစစ်ဦးစီးချုပ် ဒေါက်တာညှိထွန်းအောင်ရေးသားတဲ့ သူပုန်ဖြူကဗျာစာအုပ် ၄၂ အုပ်၊ လွယ်အိတ် ၄၂ လုံးနဲ့ ငွေသား ၄၂ သိန်းပါ စာအိတ် ၄၂ အိတ်တို့ကို သူပုန်ဖြူ Team က ပေးပို့တာလို့ CNO/CNDF ရဲ့ ဂုဏ်ပြုမှတ်တမ်းဖော်ပြချက်အရ သိရပါတယ်။

အာရက္ခတပ်တော် ( AA) ဒုစစ်ဦးစီးချုပ် ဒေါက်တာညှိထွန်းအောင် ရေးသားခဲ့တဲ့ “ သူပုန်ဖြူ” လို့အမည်ပေးထားတဲ့ တော်လှန်ရေး ကဗျာစာအုပ်ကို ခုနှစ် မေလလောက်မှာ ရခိုင် ၊ မြန်မာ နှစ်ဘာသာနဲ့ ထုတ်ဝေခဲ့ပြီး ပြည်ပနိုင်ငံတွေမှာလည်း ရောင်းချခဲ့သလို အွန်လိုင်းကနေ လေလံတင်ရောင်းချခဲ့ရာမှာလည်း အမေရိကန်ဒေါ်လာ ၄ သောင်းအထိ ရရှိခဲ့တယ်လို့ သိရပါတယ်။

ချင်းတော်လှန်ရေးလက်နက်ကိုင် (၆) ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ချင်းညီနောင်အဖွဲ့ (CB) ဟာ အာရက္ခတပ်တော် (ULA/AA ) နဲ့ စစ်ရေးမဟာမိတ်ဖြစ်ကြပြီး ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း AA စစ်ဦးစီးချုပ်အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ချင်းညီနောင်အဖွဲ့ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *