Headlines

ရန်ကုန်မှာ အထက်တန်းကျောင်းသား ချင်းလူငယ်တစ်ဦး ပျောက်ဆုံးနေပြီး မိသားစုက အကူအညီတောင်းခံ

နိုဝင်ဘာလ ၁၀ ရက်။

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာနေထိုင်တဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဥဿလင်းဝကျေးရွာဇာတိဖြစ်သူ ခူမီး(ချင်း)လူငယ်တစ်ဦးဖြစ်တဲ့ အသက် (၁၈) နှစ်အရွယ် အထက်တန်းကျောင်းသား မောင်ညီညီမောင် ဟာ နိုဝင်ဘာလ (၇) ရက်နေ့က ပျောက်ဆုံးခဲ့ပြီး ဒီကနေ့ချိန်ထိ အဆက်အသွယ်မရလို့ မိသားစုဝင်တွေက စိတ်ပူနေကြကာ၊တွေ့ရှိရင် ဆက်သွယ်ပေးဖို့ အကူအညီတောင်းခံထားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

မိသားစုနဲ့ နီးစပ်သူတစ်ဦးက“ သူ့အမေက ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုံမှာ အလုပ်လုပ်တယ် အခုပျောက်သွားတဲ့ သူ့သားကလည်း အထက်တန်းကျောင်းသား ၁၁ တန်း တက်နေတာ ဒီသီတင်းကျွတ် ကျောင်းပိတ်တဲ့ချိန်ကစလို့ ကျောင်းနားပြီး အလုပ်လုပ်ချင်တယ်ဆိုလို့ သူ့အမေအလုပ်လုပ်တဲ့ သာဓုကန်စက်မှုဇုံမှာ အလုပ်လျှောက်ဖို့ သွားခဲ့တယ် သူ့အမေက အပြင်ကနေ စောင့်ဖို့ပြောပြီး သူက အလုပ်ဆက်လုပ်တယ် အဲဒီနေ့လည်ပိုင်းလောက်ကနေစပြီး ပျောက်သွားတာ ဒီကနေ့နဲ့ဆိုရင် ၄ ရက်ရှိနေပြီ စက်ရုံတာဝန်ရှိသူတွေ ၊ ရပ်ကွက်လူကြီးတွေကိုလည်း သတင်းပို့ထားပေမယ့် ဒီကနေ့ ချိန်ထိ ဘာသတင်းမှတော့ မသိရသေးဘူးလို့ ပြောတယ်” လို့ပြောပါတယ်။

လက်ရှိပျောက်ဆုံးနေသူဟာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဥဿလင်းဝကျေးရွာဇာတိ ဦးအောင်ပြင်နဲ့ ဒေါ်လင်းကိုး တို့ရဲ့သား မောင်ညီညီမောင် ၊အသက် ၁၈ နှစ်အရွယ်ခန့်ရှိပြီး ရန်ကုန်မှာ အထက်တန်းကျောင်း (၁၁) တန်း တက်ရောက်နေသူလည်း ဖြစ်ပါတယ်။

ဦးအောင်ပြင်နဲ့ ဒေါ်လင်းကိုး တို့ရဲ့သားဖြစ်သူ မောင်ညီညီမောင်ကို တွေ့ရှိရင် ဖုန်းနံပါတ် ၀၉၆၆၃၉၉၆၃၆၃ ကို ဆက်သွယ်ပေးဖို့ မိသားစုဝင် ဆွေမျိုးတွေက အကူအညီတောင်းခံထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *