
နိုဝင်ဘာလ ၁၀ ရက်။
မလေးရှားနိုင်ငံမှာ နှစ်စဉ်ကျင်းပတဲ့ ချင်းအမျိုးသားနေ့မှာ ချင်းအမျိုးသားအလံနဲ့အတူ နိုင်ငံရေးဆိုင်ရာ (သို့မဟုတ်) အဖွဲ့အစည်းဆိုင်ရာ အလံတွေကို လွှင့်ထူပြသတာတွေ ကျင်းပတာတွေကြောင့် လာမယ့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကျရောက်မယ့်(၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့မှာ မပါဝင်တော့ဘူးလို့ မလေးရှားချိုလူမျိုးစုအသင်း (CEAM) က နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
လတ်တလောနှစ်တွေမှာ မလေးရှားနိုင်ငံတွင် ကျင်းပတဲ့ ချင်းအမျိုးသားနေ့အခမ်းအနားတွေမှာ ချင်းအမျိုးသားအလံနှင့်အတူ နိုင်ငံရေးဆိုင်ရာ (သို့မဟုတ်) အဖွဲ့အစည်းဆိုင်ရာ အလံတွေကို တပြိုင်တည်းလွှင့်ထူပြသခြင်းကို ထပ်ခါတလဲလဲ ကျင့်သုံးလာတဲ့ အလေ့အထတစ်ခုဖြစ်လာသလို လာမယ့်နှစ် အခမ်းအနားတွင်လည်း ဒီအလေ့အထကို ဆက်လက်ကျင့်သုံးဖို့ ဆုံးဖြတ်ထားတဲ့အတွက် အသိုင်းအဝိုင်းတွေပေါ် သက်ရောက်မှုရှိတဲ့ နိုင်ငံရေးဆိုင်ရာ ကွဲလွဲမှုတွေကို အလေးအနက် သုံးသပ်ကာ ယနှစ် အခမ်းအနားတွင် တရားဝင် မပါဝင်ဖို့ ခက်ခဲစွာ ဆုံးဖြတ်ချက် ချမှတ်ခဲ့တယ်လို့ မလေးရှားအခြေစိုက် CEAM အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒီလိုဆုံးဖြတ်ရခြင်းဟာ ဘယ်အဖွဲ့အစည်းကိုမှ ဆန့်ကျင်ကန့်ကွက်ခြင်းမဟုတ်ဘဲ ညီညွှတ်ရေးအတွက် ခိုင်မာစွာ ရပ်တည်တဲ့ မူဝါဒအရ ဆုံးဖြတ်ခြင်းသာဖြစ်တဲ့ကြောင်း ဆိုပါတယ်။
ချင်းအမျိုးသားနေ့ဟာ နိုင်ငံရေး၊ ဘာသာရေး၊ ဂိုဏ်းဂဏ္ဏ မျဉ်းတွေကို ကျော်လွန်ပြီး မျိုးဆက်ပေါင်းများစွာ သဘောတူညီမှုနဲ့ ထိန်းသိမ်းလာခဲ့တဲ့ ချင်းအမျိုးသား အလံတစ်ခုတည်းသည်သာ ချင်းတစ်မျိုးသားလုံးရဲ့ စုပေါင်းသင်္ကေတအဖြစ် တည်ရှိရမှာလို့ ယုံကြည်သလို ပြည်သူတွေအတွက် အလွန်အရေးကြီးတဲ့ အခုလို အချိန်အခါမှာ ကျနော်တို့ လုပ်ရပ်တွေ ကွဲလွဲမှုတွေကို ပေါင်းကူးပေးရန်သာ ဖြစ်ပြီး ကွဲပြားမှုတွေကို ပိုမိုကျယ်ပြန့်စေရန် မဖြစ်သင့်ဘူးလို့လည်း မလေးရှားအခြေစိုက် CEAM အဖွဲ့ကဆိုထားပါတယ်။
ဒါကြောင့် မလေးရှားရှိ ချိုလူမျိုးစုအသင်းအနေဖြင့် မပါဝင်ရခြင်းဟာ ငြိမ်းချမ်းပြီး ညီညွှတ်တဲ့ အနာဂတ်တစ်ခုအတွက် ဆက်လက်ကြိုးပမ်းနေတဲ့ကြတဲ့ ချင်းပြည်နယ်ရှိ သာမန်ပြည်သူတွေ၊ ခေါင်းဆောင်တွေနဲ့ ရပ်ရွာအခြေပြု လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေသူအားလုံးနှင့် ရပ်တည်တဲ့ သဘောထားဖြစ်တယ်လို့ ဆိုပါတယ်။
အထင်အမြင်လွဲမှားမှုတွေကို ရှောင်ရှားရန်နှင့် အသိုင်းအဝိုင်း၏ ကြားနေမှု နှင့် ညီညွှတ်မှုကို ထိန်းသိမ်းနိုင်ရန်အတွက် အလံအမျိုးမျိုးရောထွေးပါဝင်တဲ့ အခမ်းအနားကို တက်ရောက်ခြင်းမှ ရှောင်ကြဉ်ရန် မင်းတပ်နှင့် ချိုအသိုင်းအဝိုင်းဝင်တွေကို အသိပေးနှိုးဆော်ထားတာဖြစ်တယ်လို့မလေးရှားအခြေစိုက် CEAM အဖွဲ့ကဆိုပါတယ်။
CEAM အနေနဲ့ မလေးရှားရှိ ချင်းအသိုင်းအဝိုင်းများအကြား ညီညွှတ်မှု၊ ဂုဏ်သိက္ခာနှင့် အပြန်အလှန်လေးစားမှုကို မြှင့်တင်ရန် ခိုင်မာစွာ ကတိပြုသလို အခြေခံကျတဲ့ တန်ဖိုးတွေကို ထင်ဟပ်စေမယ့် နည်းလမ်းတွေဖြင့် ချင်းအမျိုးသားနေ့ကို ဆက်လက်ဂုဏ်ပြုသွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

