
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ဒလက်ကိုင်ကျေးရွာနေ အသက် (၁၆) နှစ်အရွယ် ဒေသခံလေးတူ (ချင်း) အမျိုးသမီးငယ် တစ်ဦးကို မုဒိမ်းမှု ကျူးလွန်ခဲ့သူကို နိုဝင်ဘာလ ၁၉ ရက်နေ့က ပလက်ဝကိုထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော်(AA) က ဖမ်းဆီးမိခဲ့တယ်လို့ ပလက်ဝဒေသခံတွေဆီက နေသိရပါတယ်။
ရခိုင်ပြည်နယ် ၊ မြောက်ဦးမြို့နယ်၊ ပြည်လုံးကြီးကျေးရွာက အသက် ၄၆ နှစ်အရွယ် ဦးထွန်းလှိုင်ဆိုသူက ပလက်ဝမြို့နယ် ၊ ဒလက်ကိုင်ကျေးရွာနေ အသက် (၁၆) နှစ်အရွယ် ဒေသခံလေးတူ (ချင်း) အမျိုးသမီးငယ် တစ်ဦးကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့ ညနေ ၅ နာရီလောက်မှာ ရွာရဲ့ မြောက်ဘက်ရှိ တောစပ်အနီးမှာ ၃ ကြိမ်တိုင်တိုင် အဓမ္မပြုကျင့် ကျူးလွန်ခဲ့တာလို့ သိရပါတယ်။
ပလက်ဝဒေသခံတစ်ဦးက “ကျူးလွန်ခံရသူက လေးတူချင်း ၁၆ နှစ် အရွယ်ပေါ့ ကျူးလွန်သူက ကျူးလွန်ခါစမှာ ထွက်ပြေးသွားတယ် ၁၉ ရက်နေ့ကမှ အိမ်ပြန်လာတာ အဲဒါကို ပတ်ဝန်းကျင်က အုပ်ချုပ်ရေးပိုင်းကလူကို အကြောင်းကြားတော့ သူတို့က လာဖမ်းတာ လာဖမ်းတုန်းမှာလည်း ကြည်ကြည်ဖြူဖြူ အဖမ်းမခံဘူး ဓားနဲ့ ခုတ်တာတွေလုပ်တယ်ပြောတယ် ဒါပေမယ့် ဖမ်းဆီးနိုင်ကြတယ် အခု ကျူးလွန်ခံရတဲ့ အမျိုးသမီးငယ်ကိုလည်း ဆေးစစ်တာတွေ လုပ်နေတယ်လို့ သိရတယ်” လို့ပြောပါတယ်။
မုဒိန်းမှုကျူးလွန်သူကို မြောက်ဦးမြို့နယ် ကျေးရွာတစ်ရွာမှာ နိုဝင်ဘာလ ၁၉ ရက်နေ့က ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးမိတဲ့ တရားခံကို အာရက္ခတပ်တော်က ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် စစ်ဆေးနေပြီလို့လည်း ရခိုင်အခြေစိုက် သတင်းဌာနမှာ ဖော်ထားတာတွေ့ရပါတယ်။
အာရက္ခတပ်တော် (ULA / AA) ထိန်းချုပ်ထားတဲ့ ပလက်ဝမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၅ ဧပြီလကလည်း စိမ်းစင်းကျေးရွာမှာ ယာခင်းသွားတဲ့ ချင်းအမျိုးသမီးတစ်ဦးကို AA တပ်ဖွဲ့ဝင် ၂ ဦးက မုဒိမ်းကျင့်ပြီး ရေနစ်သတ်ဖို့ ကြိုးပမ်းမှုလည်း ဖြစ်ပွါးခဲ့ပါတယ်။

