
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ဒလက်ကိုင်းကျေးရွာမှာ အသက်မပြည့်သေးတဲ့ လေးတူ (ချင်း) မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့သူကို ထိရောက်စွာ အရေးယူပေးဖို့ ပလက်ဝဒေသခံခူမီးချင်းမျိုးနွယ်စုအဖွဲ့အစည်းဖြစ်တဲ့ Global Khumi Organization (GKO) က နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့ ၊ ညနေ ၅ နာရီချိန်လောက်မှာ ပလက်ဝမြို့နယ် ၊ ဒလက်ကိုင်းကျေးရွာက ဒေသခံ လေးတူ (ချင်း) မိန်းကလေးငယ်ကို ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ၊ ပြည်လုံးကြီးကျေးရွာနေ ဦးထွန်းလှိုင် အသက် ၄၆ နှစ်အရွယ်က ဒလက်ကိုင်းရွာမြောက်ပိုင်းတောစပ်တစ်နေရာမှာ အဆိုပါ ချင်းအမျိုးသမီးငယ်ကို ခေါ်ဆောင်ပြီး ၃ ကြိမ် အဓ္ဓမ္မပြုကျင့်ခဲ့တဲ့ပေါ် ULA / AA အနေဖြင့် ထိရောက်စွာ အရေးယူပေးဖို့နဲ့ ပွင့်လင်းမြင်သာမှု မရှိပဲ တရားစီရင်တဲ့အပေါ်ကိုလည်း စိုးရိမ်မှုတွေ ရှိတဲ့ကြောင်း Global Khumi Organization (GKO) အဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
Global Khumi Organization (GKO) က တာဝန်ရှိသူတစ်ဦးက “ ဒီသက်ငယ်မုဒိန်းကျူးလွန်မှုနဲ့ပတ်သက်ပြီး နောက်ဆုံးသိရတာက ကျူးလွန် အမျိုးသားကို အေအေက ဖမ်းဆီးထိန်းသိမ်းထားတာလောက်ပဲ သိရသေးတယ်။ တရားစီရင်ရေးကလည်း အေအေ ထိန်းချုပ်ရွာဆိုတော့ သူတို့ဘယ်လိုတရားစီရင်သလဲဆိုတာ မသိရသေးဘူး။ မထုတ်ပြန်ဘူးပေါ့နော်။ အေအေက ၎င်းတို့ ပြဌာန်းတဲ့ ဥပဒေအတိုင်း အရေးယူမယ်ဆိုရင်လည်း ပွင့်လင်းမြင်သာမှုရှိတဲ့ တရားစီရင်ရေးကို ကျနော်တို့ လိုချင်ပါတယ်။ တရားစီရင်ရေးက ပွင့်လင်းမြင်သာမှု မရှိတဲ့ခါမှာ တရားခံလွတ်မြောက်နေနိုင်သလို နောက်ပြီး သူကျူးလွန်တဲ့ ပြစ်မှုနဲ့ သူကိုချမှတ်တဲ့ ပြစ်ဒဏ်နဲ့ မညီမျှမှာကိုလည်း ကျနော်တို့စိုးရိမ်တာပေါ့နော်”လို့ပြောပါတယ်။
မုဒိန်းမှုကျူးလွန်သူ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ၊ ပြည်လုံးကြီးကျေးရွာနေ ဦးထွန်းလှိုင် ကို ULA / AA က နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ဖမ်းဆီးထားတယ်လို့ သိရပြီး၊အာရက္ခတပ်တော်(ULA/AA)က ပလက်ဝမြို့နယ်ကို အုပ်ချုပ်နေစဉ်အတွင်း ရခိုင်ပြည်နယ်မှ ရခိုင်တိုင်းရင်းသားများစွာကို ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာနေရာချပေးခဲ့ကာ ပလက်ဝမြို့နယ်ကို ULA / AA ထိန်းချုပ်လိုက်ပြီးနောက်ပိုင်း ၂၀၂၃ ခုနှစ်ကနေ ယနေ့အထိ မုဒိန်းမှု (၅) မှုအထိ ရှိခဲ့တယ်လို့လည်း Global Khumi Organization (GKO) ကထုတ်ပြန်ထားပါတယ်။
မုဒိန်းမှု (၅) မှုထဲမှာ တချို့ကို ULA / AA တပ်ဖွဲ့တွေက ကိုယ်တိုင်ကျူးလွန်ခဲ့ပြီး ဒေသတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု မုဒိန်းမှုတွေအပါအဝင် အခြေခံ လူ့အခွင့်အရေးတွေကို ULA / AA အနေဖြင့် အလေးထားဆောင်ရွက်လိုအပ်တယ်လို့လည်း Global Khumi Organization (GKO)က ထုတ်ပြန်ထားပါတယ်။

