
နိုဝင်ဘာလ ၇ ရက်။
တီးတိန်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့က လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး အဓမ္မပြုကျင့်ခဲ့တဲ့အမျိုးသမီး ၁ ဦး အပါအဝင် ဒေသခံပြည်သူ ၁၄ ဦးကို ချင်းညီနောင်တပ်ဖွဲ့က ကယ်ထုတ်နိုင်ခဲ့ပြီး စစ်သုံ့ပန်းတချို့ကိုလည်း ဖမ်းဆီးထားကြောင်း ချင်းလက်နက်ကိုင် ၆ ဖွဲ့စုစည်းထားတဲ့ ချင်းညီနောင်အဖွဲ့က ဒီကနေ့ နိုဝင်ဘာလ (၇) ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့ကစလို့ စစ်ကော်မရှင်တပ်ဖွဲ့ဟာ စစ်အင်အားအလုံးအရင်း (၄၀၀) ခန့်က ဒေသခံပြည်သူတစ်ချို့ကို ဖမ်ဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုခဲ့ပြီး တီးတိန်မြို့ကနေ ကလေးလမ်းပိုင်း သိုင်းငင်းဖက်ကို ဦးတည် စစ်ကြောင်းထိုးခဲ့ကြောင်း၊နိုဝင်ဘာလ ၃ ရက်နေ့မှာ စစ်ကော်မရှင်တပ်ဖွဲ့ဟာ ဒေသခံပြည်သူတွေကို လူသားဒိုင်းအဖြစ်အသုံးပြုပြီး ထိုးစစ်ဆင်လာပြီး တီးတိန် – ကလေးလမ်း ဆွောမ်းပီး လမ်းခွဲမှ စစ်အင်အားတချို့ထွက်ရှိလာပြီး နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့သလို စစ်ကော်မရှင်တပ်ဖွဲ့က လူသားဒိုင်းအဖြစ်ဖမ်းဆီးပြီး စစ်ကောင်စီတပ်ဖွဲ့ရဲ့ အဓမ္မပြုကျင့်ခံခဲ့ရတဲ့ အမျိုးသမီး တစ်ယောက်အပါအဝင် ဒေသခံပြည်သူ ၁၄ ဦးကို နိုဝင်ဘာလ (၆) ရက်နေ့က ကယ်ထုတ်နိုင်ခဲ့တဲ့အပြင် လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ချင်းညီနောင်အဖွဲ့ကထုတ်ပြန်ထားပါတယ်။
တိုက်ပွဲတစ်လျှောက် ရန်သူဘက်က အနည်းဆုံး (၄၀) ခန့် ကျဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တဲ့အပြင် ထွက်ပြေးလွတ်မြောက်သူတစ်ချို့လည်း ရှိခဲ့ပြီး စစ်ကော်မရှင်တပ်ဖွဲ့က လက်နက်ခဲယမ်းတွေနဲ့ ချောဆွဲထားတဲ့ ပြည်သူပိုင် မော်တော်ကားတစ်စီးကိုလည်း ပြန်လည်သိမ်းဆည်းရမိခဲ့ပြီး စစ်သုံ့ပန်းတစ်ချို့ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ချင်းညီနောင်အဖွဲ့က ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်နေ့ကစလို့ တီးတိန်မြို့ ခလရ (၂၆၉) ကို ရဟတ်ယာဉ်ဖြင့် တပ်အင်အား ၅၀၀ ခန့် ဆက်တိုက်ပို့ဆောင်ခဲ့ပြီးနောက် အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်လာခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့နဲ့ ချင်းညီနောင်တပ်ဖွဲ့တွေအကြား နေ့စဉ်ထိတွေ့တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားလျှက်ရှိကြောင်းကိုလည်း ချင်းညီနောင်အဖွဲ့ကထုတ်ပြန်ထားပါတယ်။

