Headlines

တီးတိန်မြို့ကနေ သိုင်းငင်းရွာဘက်ကို ချီတက်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့နဲ့ CDF-CDM-Siyin တပ်ဖွဲ့တို့ လေထန်ကုန်းမှာ ထိတွေ့ တိုက်ပွဲ ဖြစ်

နိုဝင်ဘာလ ၈ ရက်။

နိုဝင်ဘာလ ၇ ရက်နေ့ နေလည် ၁ နာရီခန့်မှာ တီးတိန်မြို့နယ် အခြေစိုက် ချင်းတော်လှန်ရေးအဖွဲ့ တခု ဖြစ်တဲ့ CDF-CDM-Siyin နှင့် တီးတိန်မြို့ ကနေ သိုင်းငင်းဘက်ကို ဦးတည် ချီတက် စစ်ကြောင်း ထိုးလာတဲ့ အင်အား ၃၀၀ ကျော် ရှိတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တို့ လေထန်ကုန်းခေါ် ဖို့ဝှိုက်မှာ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ် လို့  စစ်ရေး သတင်း အရင်းအမြစ်တစ်ဦးဆီကနေ သိရှိရပါတယ်။

“အခု ထိတွေ့ တိုက်ပွဲ ဖြစ်ခဲ့ရတာက တီးတိန်မြို့ ရှိ ၂၆၉ တပ်ရင်း ကနေ အောက်တိုဘာလ ၂၉ ရက်နေ့က သိုင်းငင်းရွက်ဘက်ကို ဦးတည်  ထွက်လာတဲ့ စကမ စစ်သားတွေ ဖြစ်ပါတယ်။ ဒေသ အခေါ် Thaangmual ပေါ့။ အင်္ဂလိပ်ခေတ်မှာ Fort White လို့ ခေါ်ကြတယ်။ အခုခေတ်မှာတော့ လေထန်ကုန်း လို့ပဲ ခေါ်ကြတယ်။ အဲမှာ ကျွန်ုပ်တို့ စစ်ရေး နယ်မြေစောင့် ကင်းတပ်တွေ နဲ့ ထိတွေ့ တိုက်ပွဲ ဖြစ်တာပါ။ စကမ တပ်တွေက စစ်ကြောင်း သုံးခု ခွဲပြီး တက်လာတော့ ကာကင်းတွေက နေ နောက်ဆုတ်လိုက် ရပါတယ်။ အင်အား က ၃၀၀ ကျော် ရှိမယ်လို့ ခန့်မှန်း ရပါတယ်” လို့ Chin World ရဲ့ စစ်ရေးသတင်း အရင်းအမြစ် က ပြောပါတယ်။

ချင်းတောင်ခြေဘက် ခြမ်းရှိ မွာလ်ပီးရွာ မှာတော့ ဒီရက်ပိုင်း အတွင်း တိုက်ပွဲ အခြေအနေ တည်ငြိမ် နေပြီး နိုဝင်ဘာလ ၆ ရက်နေ့ ညနေ ပိုင်းမှာ ရွံ့များ ပေကျံ နေတဲ့ စစ်သား တချို့ဟာ ကလေး တက္ကသိုလ် ဝန်း ထဲကနေနေ ၁၂ ဘီးကား နဲ့ ကလေးမြို့ထဲ ဝင်လာခဲ့တယ် လို့လည်း ကလေးမြို့ ပတ်ဝန်းကျင်ရှိ သတင်းအရင်းအမြစ်များရဲ့ ပြောကြားချက် အရ သိရှိခဲ့ရ ပါတယ်။ “လက်ရှိမှာတော့ CDF-CDM-Siyin အနေနဲ့ မွာလ်ပီးရွာ စစ်မျက်နှာ နှင့် လေထန်ကုန်း စစ်မျက်နှာ ဆိုပြီး စစ်မျက်နှာ နှစ်ခု ရင်ဆိုင်နေရပါ ပြီ။ ကျွန်ုပ်တို့ အတွက် အတော်လေး အကျပ်ရိုက် နေရ ပါတယ်။ အောက်တိုဘာ ၂၉ ရက်နေ့ ကစပြီး ဒီကနေ့ တပတ်ကျော် ကာလ အတွင်း စကမရဲ့ စစ်ကြောင်းကို ကြိုးစားပြီး တတ်နိုင်သလောက် တားဆီးပေးတဲ့ တော်လှန်ရေး အဖွဲ့တွေကိုလည်း အသိအမှတ် ပြုပါတယ်” လို့လည်း စစ်ရေးတာဝန်ရှိသူ တစ်ဦးလည်း ဖြစ်တဲ့ စစ်ရေးသတင်းအရင်းအမြစ်က ဆက်လက် ပြောကြား ခဲ့ပါတယ်။

ကနေဒီတောင် အရှေ့ဘက်ခြမ်းမှာ နေထိုင်သူ ဒေသခံ တဦးကတော့ “ကျွန်တော်တို့ လမ်းပန်း ဆက်သွယ်ရေး အခြေအနေကို စုံစမ်း ထောက်လှမ်းကြည့် ပါတယ်။ လက်ရှိမှာတော့ ကနေဒီ တောင်ထိပ်မှာ ဘယ် တပ်ဖွဲ့ဝင်မှ တပ်စွဲ ထားတာ မတွေ့ရဘူး။ ဆပန့် (Sapan) လမ်းခွဲ တဝှိုက်မှာလည်း တပ်စွဲတာ၊ စစ်ရေးလှုပ်ရှားတာမျိုး မတွေ့ရ ဘူး။ စကစ စစ်တပ်ရဲ့  စစ်ကြောင်းက ကနေဒီ တောင်ထိပ် တဝိုက်ကို လွန်လာတာ ဖြစ်လိမ့်မယ်” လို့လည်း ဒေသ အခြေအနေကို ပြောပြပါတယ်။

ချင်းလက်နက်ကိုင် ၆ ဖွဲ့စုစည်း ထားတဲ့ ချင်းညီနောင် အဖွဲ့ကတော့ တီးတိန်မြို့ ကနေ ထွက်ခွာလာတဲ့ စစ်ကော်မရှင် စစ်ကြောင်းကို တိုက်ခိုက်ရာ ကနေ အဓမ္မ ပြုကျင့် ခံရတဲ့ အမျိုးသမီး ၁ ဦး အပါအဝင် လူသား ဒိုင်း အဖြစ် ဖမ်းဆီး ခေါ်ဆောင် လာခဲ့တဲ့ ဒေသခံ ၁၄ ဦးကို နိုဝင်ဘာလ ၆ ရက်နေ့မှာ ကယ်ထုတ် နိုင်ခဲ့ကြောင်း၊ စစ်ကော်မရှင် စစ်သားများ ဘက်မှ အနည်းဆုံး စစ်သား ၄၀ ခန့် ကျဆုံးခဲ့ပြီး လက်နက် ခဲယမ်း အချို့လည်း သိမ်းပိုက် ရရှိကြောင်း နိုဝင်ဘာလ ၇ ရက်နေ့မှာ ထုတ်ပြန် ခဲ့ ပါတယ်။

အောက်တိုဘာလ ၂၉ ရက်နေ့ မှာ ချင်းတောင်ခြေ ကနေ အားဖြည့်ပြီ ချီတက်လာသော စစ်ကော်မရှင်တပ်နှင့် တီးတိန်မြို့နယ် အခြေစိုက် တော်လှန်ရေး တပ်ဖွဲ့ တစ်ခု ဖြစ်တဲ့ Chinland Council အဖွဲ့ဝင် CDF-CDM-Siyin တပ်တို့ ဟာ မွာလ်ပီးရွာမှာ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ ပြီး CDF-CDM-Siyin တပ်ဖွဲ့ဝင်  Tg Cin Lamh Mung @ Tani (အသက် ၁၈ နှစ်) ကျဆုံး ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *