Headlines

စစ်ကော်မရှင်တပ်အင်အားရာချီ ဖလမ်းမြို့ဖက်ကို ဆက် ဦးတည် စစ်ကြောင်းထိုးလာနေတယ်လို့ သိရ

created by Polish

နိုဝင်ဘာလ ၇ ရက်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကလေး – ဂန့်ဂေါ ကားလမ်းကနေ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့ အင်အားရာချီတဲ့ အာဏာသိမ်းစစ်ကော်မရှင်တပ်ဖွဲ့ဟာ ကလေး – နတ်ချောင်း – နတ်မြောင်း – ချောင်းခွ – ဟားခါးလေး – ရေစို – ဝေဘူလမြို့တွေကို ကျော် ဖြတ်လာပြီး ဖလမ်းမြို့ဖက်ကို ဆက် ဦးတည် စစ်ကြောင်းထိုးနေသလို လမ်းတလျှောက်က ကျေးရွာတချို့က ဒေသခံတွေဟာလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “စစ်ကြောင်းတွေက နတ်ချောင်းကနေ ဝေဘူလကို အကုန်တက်တာ အင်အားလည်းအရမ်းများတယ်လို့ သိရတယ် အခု ဝေဘူလဘက်ကနေ ဖလမ်းဘက်ကို ဆက်တက်နေတာရှိတယ်” လို့ပြောပါတယ်။

ကလေးမြို့နယ် တောင်ပိုင်း နည်းပညာတက္ကသိုလ်ကနေ ကလေး – ဂန့်ဂေါကားလမ်းမအတိုင်း တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတွေကို ၂ ပတ်နီးပါးအကြာ စစ်ကြောင်းထိုးလာခဲ့ပြီးနောက်ပိုင်း ဖလမ်းမြို့နယ် ၊ ဝေဘူလမြို့ကို နိုဝင်ဘာလ ၅ ရက်နေ့က အင်အား ၅၀၀ ခန့်နဲ့ ရောက်ရှိနေပြီး အဲဒီကနေတဆင့် ချင်းညီနောင် ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ဖလမ်းမြို့ဘက်ကို ဦးတည်လာတာလည်း ဖြစ်ပါတယ်။

စစ်ကော်မရှင်တပ်ဖွဲ့ဟာ ကလေးမြို့ကနေ အင်အား ၂၀၀ ခန့်နဲ့ ကလေး – တီးတိန်ဘက်ကို စစ်ကြောင်းထိုးတာ ရှိသလို ကလေးမြို့နယ် တောင်ပိုင်း ကလေး – နတ်ချောင်း – ချောင်းခွ – ဘက်ကနေ ချင်းပြည်နယ် ဝေဘူလ-ဖလမ်း ဘက်ကို စစ်ကြောင်းထိုးနေတာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *