
မြန်မာ့နွေဦးတော်လှန်ရေးတွင် တက်ကြွစွာ ပါဝင်နေကာ ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ပူးပေါင်းပြီး စစ်အာဏာရှင် တော်လှန်ရေးဆင်နွှဲနေတဲ့ နိုင်ငံတကာတော်လှန်ရေးသမားများစုစည်းထားသည့် အဖွဲ့အစည်းဖြစ်သော Anti-fascist Internationalist Front(AIF) မှ တာ၀န်ရှိသူ Azad Gulan ကို ဆက်သွယ်မေးမြန်းထားပါတယ်။
အထူးတွေ့ဆုံမေးမြန်းထားပါတယ်။
အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ခိုက်ရာတွင် ရှေ့တန်းက ရပ်တည်နေသည့် ချင်းပြည်နယ်၏လက်ရှိအခြေအနေ၊ ချင်းလက်နက်ကိုင်အဖွဲ့အစည်းများအကြား ပဋိပက္ခများနှင့်တော်လှန်ရေးအပေါ်သက်ရောက်မှုများ၊ ခေါင်းဆောင်မှု၏ တာဝန်ယူမှုနှင့် အောင်ပွဲဆီသို့ ရှေ့ဆက်မည့်လမ်းကြောင်းများအကြောင်းကို ကြားနေသော နိုင်ငံတကာအမြင်ဖြင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးထား တဲ့သီးသန့် အင်တာဗျူးကို Chin World စာဖတ်ပရိတ်သတ်အတွက် တင်ဆက်လိုက်ပါတယ်။
အင်တာဗျူး – DonBosco


မေး- အရင်ဆုံးသင်တို့ရဲ့ အဖွဲ့အစည်းကို မိတ်ဆက်ပေးပါ၊ ပြီးတော့ လက်ရှိ မြန်မာစစ်အာဏာရှင်တော်လှန်ရေးကို ဘယ်လိုပုံစံနဲ့ ပါဝင်ပံ့ပိုးနေပါသလဲ။
အဖြေ – ကျေးဇူးတင်ပါတယ်။ ကျွန်တော့်နာမည်က အာဇက် ဂူလန် (Azad Gulan)ဖြစ်ပါတယ်။ ကျွန်တော်ဟာ ဖက်ဆစ်ဆန့်ကျင်ရေး အပြည်ပြည်ဆိုင်ရာတပ်ဦး (Anti-fascist Internationalist Front – AIF) အဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ အာဏာရှင်စနစ်ကိုဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ မြန်မာနိုင်ငံက ပြည်သူမျိုးစုံနဲ့ စည်းလုံးညီညွတ်မှုကို ပြသဖို့ရောက်ရှိလာတဲ့ နိုင်ငံတကာက တော်လှန်ရေးသမားတွေရဲ့ အဖွဲ့တစ်ဖွဲ့ပါ။
ကျွန်တော် အခုပြောနေတာက ကိုယ်ပိုင်သဘောထားဖြစ်ပြီး၊ ကျွန်တော့်ရဲ့ ရဲဘော်တွေ ဒါမှမဟုတ် အဖွဲ့အစည်းကိုယ်စား မဟုတ်ကြောင်း ပြောလိုပါတယ်။ ကျွန်တော်တို့အဖွဲ့အစည်းဟာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့က ဖလမ်းမြို့နယ်ကျေးလက်ဒေသမှာ ဖွဲ့စည်းခဲ့ပြီး၊ အဲဒီနောက်ပိုင်း ဖလမ်းမြို့ကို လွတ်မြောက်ရေးတိုက်ပွဲအတွက်ပြင်ဆင်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး AIF ဟာ ဒေသခံရဲဘော်တွေနဲ့အတူ ကြီးထွားလာကာ နွေဦးတော်လှန်ရေးရဲ့ အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်။
AIF အဖွဲ့ဝင်တွေဟာ တီးတိန်နဲ့ ဖလမ်းမြို့တွေမှာ စစ်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သလို၊ခိုင်ကမ်း-သိုင်းငင်းလမ်းပေါ်က စစ်ကောင်စီရဲ့ ထိုးစစ်ကိုလည်း တုံ့ပြန်ခဲ့ပြီးအာဏာရှင်တပ်ဖွဲ့တွေကို ထိခိုက်မှုများစွာ ဖြစ်ပေါ်စေခဲ့ပါတယ်။ ပိုအရေးကြီးတာကတော့၊ကျွန်တော်တို့ဟာ လွတ်လပ်သောဘဝ (Free Life)၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာလူ့အဖွဲ့အစည်း(Ecological Society) နဲ့ အမျိုးသမီးလွတ်မြောက်ရေး (Women’s Liberation) ဆိုတဲ့ကျွန်တော်တို့ရဲ့ မူတွေကို တော်လှန်ရေးမှာ ပါဝင်ရင်း အကောင်အထည်ဖော်ဖို့ကြိုးစားနေပါတယ်။ ဒီကဏ္ဍမှာဆိုရင် ရှေ့တန်းကနေ ခဏနားတဲ့အခါ စနိုက်ပါ၊ မော်တာ၊ဆေးပညာ၊ ဒရုန်းနဲ့ ဖျက်ဆီးရေး စတဲ့ နယ်ပယ်တွေမှာ နိုင်ငံတစ်ဝန်းကတော်လှန်ရေးအဖွဲ့အစည်း ဒါဇင်ပေါင်းများစွာက ရဲဘော်ရာပေါင်းများ စွာကိုလေ့ကျင့်ပေးခဲ့ပါတယ်။
ကျွန်တော်တို့ အဖွဲ့အစည်းဟာ ဆက်လက်ကြီးထွားလာနေပြီး၊ အာဏာရှင်စနစ်ကိုထပ်မံတိုက်ခိုက် ဖို့အတွက် လေ့ကျင့်ရေးနဲ့ စစ်ရေးပြင်ဆင်မှုတွေမှာ တက်ကြွစွာပါဝင်နေပါတယ်။ ကျွန်တော်တို့ဟာ ဒီအာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့တော်လှန်ရေးကိုမြန်မာပြည်သူတွေရဲ့ တိုက်ပွဲအဖြစ်သာမကဘဲ လူသားမျိုးနွယ်တစ်ရပ်လုံးရဲ့ တိုက်ပွဲအဖြစ်မြင်ပါတယ်။ ကျွန်တော်တို့ဟာ ရဲဘော်တွေကို၊ အာဇာနည်တွေကို၊ တော်လှန်ရေးကိုအောင်ပွဲရတဲ့အထိ တိုက်ပွဲဝင်မယ်လို့ ကတိပေးထားပါတယ်။
မေး ။ ။ ချင်းလက်နက်ကိုင်အဖွဲ့အစည်းများကြား ကွဲပြားမှုတွေရှိတာကို သိရှိတဲ့အနေနဲ့၊တော်လှန်ရေးအပေါ် သင်တို့အဖွဲ့ရဲ့ ရပ်တည်ချက်ကို ရှင်းပြပေးပြီး ပါဝင်ပတ်သက်နေတဲ့ ချင်းလက်နက်ကိုင်တွေအပေါ် သင့်ရဲ့ အမြင် (သို့) သုံးသပ်ချက်ကိုလည်း ဝေမျှပေးပါ။
အဖြေ ။ ။ AIF ရဲ့ အဓိကရည်မှန်းချက်ကတော့ အာဏာရှင်စနစ်ကို တိုက်ခိုက်နေတဲ့မြန်မာပြည်သူတွေနဲ့ စည်းလုံးညီညွတ်စွာ ရပ်တည်ဖို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ စစ်ရေးနဲ့နိုင်ငံရေးမဟာဗျူဟာတစ်စိတ်တစ်ပိုင်းအနေနဲ့ ချင်းပြည်နယ်ရဲ့ ရှေ့တန်းဟာ ကျွန်တော်တို့ရဲ့အဓိကအာရုံစိုက်ရာဖြစ်ပြီး၊ ထိရောက်မှုရှိခဲ့တဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့်ကျွန်တော်တို့ လှုပ်ရှားတဲ့ ဧရိယာတွေက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်ခဲ့ရပါတယ်။ တီးတိန်တိုက်ပွဲအတွက် PDF-Zoland နဲ့၊ ဖလမ်းတိုက်ပွဲအတွက်CNDF နဲ့ ပူးပေါင်းခဲ့ပါတယ်။ မွလ်ပီးရွာ ခံစစ်ကာကွယ်ရေးမှာတော့ CNA နဲ့ CDF-CDM Siyin တို့နဲ့အတူရပ်တည်ခဲ့ပါတယ်။
ကျွန်တော်တို့ရဲ့ သတင်းစကားရော၊ လက်တွေ့လုပ်ဆောင်မှုပါ ရှင်းပါတယ်။နိုင်ငံရေးအခြေအနေ ဘယ်လိုပဲရှိပါစေ၊ ချင်းပြည်နယ်မှာဖြစ်စေ၊ မြန်မာနိုင်ငံရဲ့ဘယ်နေရာမှာပဲဖြစ်စေ၊ အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ကျွန်တော်တို့ရဲ့ ရဲဘော်တွေနဲ့အတူရှေ့တန်းမှာ ရပ်တည်သွားမှာပါ။ AIF ဟာ ဘယ်အဖွဲ့အစည်းနဲ့မှ အမြဲတမ်းပေါင်းစည်းထားခြင်းမရှိပါဘူး။ ကျွန်တော်တို့ရဲ့ ကြားနေမှုကို ပိုပြီးတော့ ခိုင်ခိုင်မာမာထိန်းသိမ်းထားတယ်၊ တော်လှန်ရေးအဖွဲ့အချင်းချင်းအကြား ပြဿနာတွေကိုစစ်ရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ကြိုးစားတာကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။
မေး ။ ။ လက်နက်ကိုင်အချင်းချင်း ပဋိပက္ခတွေနဲ့ သီးခြားထိန်းချုပ်နယ်မြေတွေဖန်တီးလာတဲ့အပေါ် မြေပြင်မှာ အဓိက ဘယ်လိုပြဿနာတွေ ကြုံတွေ့နေရလဲ။ ဒီကနေဘယ်လိုကြီးမားတဲ့ အခက်အခဲတွေ၊ ဆိုးကျိုးတွေ ထပ်ဖြစ်လာနေတာကို တွေ့ရပါသလဲ။
ဖြေ ။ ။ ပထမဆုံး ရှင်းရှင်းလင်းလင်း ပြောချင်တာကတော့ နိုင်ငံခြားသားတွေနဲ့နိုင်ငံတကာဝါဒီတွေအနေနဲ့ လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး တော်လှန်ရေးအဖွဲ့အစည်းတွေကိုဟောပြောဖို့ မမျှော်လင့်သင့်ပါဘူး။ ကျွန်တော်တို့ဟာ ဒီအကြောင်းအရာကို သက်ဆိုင်ရာအဖွဲ့အစည်းတွေ အပေါ် နားလည်မှုနဲ့ လေးစားမှုရှိရှိ ချဉ်းကပ်ပါတယ်။ ဒါ့ကြောင့် ဒီပဋိပက္ခရဲ့လက်တွေ့ရ လဒ်တွေကိုသာ ကျွန်တော်တို့ မှတ်ချက်ပေးနိုင်ပါတယ်။ချင်းလူငယ်တွေဟာ အာဏာရှင်အင်အားစုတွေကို ခုခံကာကွယ်နေချိန်မှာပဲ၊တော်လှန်ရေးစစ်သား ရာနဲ့ချီပြီး လွတ်မြောက်ပြီးသား ဧရိယာတွေထဲမှာ
အခြားအဖွဲ့အစည်းတွေကို ခုခံကာကွယ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နေရာယူထားတာကိုတွေ့ရပါတယ်။ ပြည်တွင်းပဋိပက္ခကို ကြောက်ရွံ့တဲ့အတွက် လက်နက်၊ ခဲယမ်းနဲ့ အရေးကြီးတဲ့ထောက်ပံ့ရေးပစ္စည်းတွေကို စစ်ကောင်စီကို တိုက်ခိုက်မယ့် တိုက်ပွဲကနေ လမ်းလွဲနေပါတယ်။
ပြည်သူတွေကို လွတ်မြောက်စေဖို့ အရာအားလုံးကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ထားတဲ့ လူငယ်တွေဟာသူတို့ရဲ့ ညီနောင်ချင်းတွေကို ပြန်တိုက်ခိုက်ရမယ့် အမိန့်တွေ ထွက်လာမှာကိုစိုးရိမ်နေကြပါတယ်။ဒီပဋိပက္ခကြောင့် တော်လှန်ရေးတပ်တွေဟာ အာဏာရှင်ကို ပြင်ဆင်တိုက်ခိုက်ဖို့အတွက်သုံးစွဲတဲ့ အရင်းအမြစ်တွေ နည်းတူ၊ အခြားအဖွဲ့အစည်းတွေကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက်လည်း အရင်းအမြစ်များကို သုံးစွဲနေရပါတယ်။ ဒါဟာ ချင်းပြည်နယ်ကတော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ပွဲအရှိန်နဲ့ စစ်ကောင်စီကို တိုက်ခိုက်နိုင်စွမ်းအပေါ်တိုက်ရိုက်ထိခိုက်မှု ရှိနေပါတယ်။
မေး – သင့်ရဲ့အမြင်မှာ လက်နက်ကိုင်အချင်းချင်း ပဋိပက္ခဟာ ဒီအတိုင်းဆက်ရှိနေမယ်ဆိုရင်တော်လှန်ရေးတစ်ခုလုံးရဲ့ ရေရှည်အောင်မြင်မှုအတွက် ဘယ်လိုအန္တရာယ်တွေ၊ ဆိုးကျိုးတွေပိုပြီးဆိုးရွားလာနေတယ်လို့ သုံးသပ်ပါသလဲ။
အဖြေ – ကျွန်တော် တော်လှန်ရေးခေါင်းဆောင်တွေ (ဘယ်ဘက်ကပဲဖြစ်စေ) နဲ့ ဆွေးနွေးခဲ့တဲ့အကြိမ်တိုင်းမှာ မပြောင်းလဲတဲ့အချက်တစ်ခု ရှိပါတယ်။ အဲဒါကတော့ ယုံကြည်မှု ကင်းမဲ့ခြင်းပဲဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအတွက် လက်တွေ့ကျတဲ့ခြေလှမ်းတိုင်းဟာ ယုံကြည်မှုအပေါ်မှာ မူတည်ရမှာဖြစ်လို့၊ ဒီအချက်ဟာ လွန်စွာစိုးရိမ်စရာပါ။
လက်ရှိ ယုံကြည်မှု အခြေအနေ မတိုးတက်ဘူးဆိုရင် တိုးတက်ဖို့အတွက် လက်တွေ့ကျတဲ့ဒါမှမဟုတ် သီအိုရီပိုင်းဆိုင်ရာ မူဘောင်တွေ ဆွေးနွေးတာဟာ အဓိပ္ပါယ်မဲ့နေပါတယ်။အချင်းချင်း မယုံကြည်မှု ဆိုတာဟာ ဆိုးရွားတဲ့ သံသရာ (vicious cycle) တစ်ခု ဖြစ်ပြီး၊ဆက်လက်ဖြစ်ပေါ်စေဖို့ လွယ်ကူသလောက် ရပ်တန့်ဖို့ ခက်ခဲပါတယ်။ ဒီသံသရာကိုဖြတ်တောက်ဖို့ အတွက် ချင်းခေါင်းဆောင်တွေဆီက သမိုင်းဝင် ခေါင်းဆောင်မှု (historic
leadership) လိုအပ်ပါတယ်။
ကျွန်တော်တို့ဟာ မြန်မာ့တော်လှန်ရေးသမိုင်းမှာ ထူးခြားတဲ့ စွမ်းအားရှိတဲ့ ကာလတစ်ခုမှာရောက်နေပါတယ်။ စစ်မှန်တဲ့ သဘောတူညီမှု ရရှိခဲ့ရင်၊ ချင်းပြည်သူတွေဟာ နိုင်ငံနဲ့ကမ္ဘာအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေပြီး၊အာဏာရှင်စနစ်ကို ချင်းပြည်နယ်ကနေမောင်းထုတ်နိုင်ကာ ထိုးစစ်ဆင်နိုင်မှာပါ။ ဒါပေမဲ့၊ အကယ်၍ ဒီမယုံကြည်မှု သံသရာကိုမဖြတ်နိုင်ဘူးဆိုရင် အခြေအနေဟာ စေ့စပ်လို့မရနိုင်တော့တဲ့ အဆင့်တစ်ခုအထိရောက်သွားနိုင်ပါတယ်။ ဒီလိုမဖြစ်အောင် တာဝန်ယူရမှာက ချင်းခေါင်းဆောင်တွေရဲ့တာဝန်ဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။
မေး – အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုအတွက် ပံ့ပိုးကူညီသူတစ်ဦးအနေဖြင့်၊လှုပ်ရှားမှုအတွင်း ဘက်မလိုက်ဘဲ ချင်းတော်လှန်ရေးအတွက် လက်ရှိစိန်ခေါ်မှုများနဲ့မဟာဗျူဟာပိုင်းဆိုင်ရာ လိုအပ်ချက်များအပေါ် အဓိက သုံးသပ်ချက်တွေကို ဝေမျှပေးပါ။
ဖြေ-တော်လှန်ရေးမှာ နိုင်ငံခြားသားတစ်ဦးအနေနဲ့ မြင်တွေ့ရတဲ့ အခက်ခဲဆုံးအရာတွေထဲမှာယုံကြည်မှုကင်းမဲ့ခြင်းက တစ်ခုအပါအဝင်ပါ။ ကျွန်တော်တို့ဟာ မတူညီတဲ့အဖွဲ့အစည်းများစွာက ချင်းရဲဘော်တွေနဲ့အတူ တိုက်ပွဲဝင်ခဲ့ပါတယ်။ ဘယ်ဘက်မှာပဲဖြစ်စေကျွန်တော်တို့ရဲ့ ရဲဘော်တွေက အတူတူပဲ ပြောကြပါတယ်။
“ကျွန်တော်တို့ အချင်းချင်းမတိုက်ချင်ဘူး၊ အာဏာရှင်အပေါ်မှာပဲ အာရုံစိုက်ချင်တယ်” တဲ့။ ဒါဟာအမှန်တရားဖြစ်တယ်ဆိုတာ ကျွန်တော် သိပါတယ်။ လွတ်လပ်ရေးအတွက် တိုက်ပွဲမှာဘက်နှစ်ဖက်လုံးက ရဲဘော်မြောက်မြားစွာ ကျဆုံးခဲ့ရတာကို ကျွန်တော်တို့ မြင်ခဲ့ရပါတယ်။သဘောတူညီမှု ရယူဖို့အတွက် တာဝန်ဟာ တော်လှန်ရေး ခေါင်းဆောင် တွေမှာ ရှိပါတယ်။
ချင်းတော်လှန်ရေးအတွက် အကြီးမားဆုံးသော မဟာဗျူဟာမြောက် အောင်ပွဲဟာ နိုင်ငံရေးပြဿနာတွေကို ကောင်းမွန်တဲ့ ဒီမိုကရေစီလုပ်ငန်းစဉ်နဲ့ ဖြေရှင်းနိုင်မယ့်ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးခြင်းပဲ ဖြစ်ပါလိမ့်မယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေအကြားကဖြစ်နေတဲ့ အငြင်းပွားမှု တွေအပေါ် ကျွန်တော် မှတ်ချက်ပေးဖို့ အနေအထားမရှိပေမဲ့၊တော်လှန်ရေး ရဲဘော် တစ်ဦးအနေနဲ့ သေနတ်တွေကို ကိုယ့်လူကိုယ် ပြန်လှည့်ရတဲ့အဆင့်
ရောက်လာတာဟာ လက်ခံနိုင်စရာမရှိဘူး ဆိုတာကို ကျွန်တော် အသိအမှတ်ပြုပါတယ်။
မေး- တိကျခိုင်မာသော ပြင်ပအဖွဲ့အစည်း (Third Party) အမြင်အရ၊တော်လှန်ရေးတပ်ဖွဲ့များအကြား စည်းလုံးညီညွတ်မှုမရှိခြင်းဟာအာဏာရှင်တော်လှန်ရေးတစ်ခုလုံးရဲ့ မူလရည်မှန်းချက်များကို လမ်းလွဲသွားစေနိုင်တဲ့၊
ဒါမှမဟုတ် အခြေခံအားဖြင့် ပြောင်းလဲပစ်နိုင်တဲ့ အန္တရာယ်ကို ဘယ်လောက်အထိကြီးကြီးမားမား ဖြစ်ပေါ်စေနိုင်ပါသလဲ။
ဖြေ- လက်ရှိ ပေါ်ပေါက်နေတဲ့ ကွဲအက်မှုတွေကို မကုစားနိုင်ဘူးဆိုရင်၊ အခြေအနေဟာ ချင်းပြည်ကို ပြန်လည်ပြင်ဆင်လို့မရနိုင်တဲ့ ပျက်စီးမှုတွေ ဖြစ်ပေါ်စေတဲ့ ပဋိပက္ခအဖြစ်ကျယ်ပြန့်သွားပြီး၊ မျိုးဆက်များစွာအထိ ရိုက်ခတ်နေမယ့် အကွဲအပြဲများကို ဖန်တီးနိုင်တဲ့အန္တရာယ်ရှိပါတယ်။ သမိုင်းမှာရော၊ ခေတ်ပြိုင် ပြည်တွင်းစစ်တွေကနေပါ ကျွန်တော်တို့သင်ခန်းစာယူနိုင်ပါတယ်။ အချင်းချင်း တိုက်ခိုက်မှုတွေကို ပြန်ပြောင်းအမှတ်ရတဲ့အခါ၊လူငယ်တွေရဲ့ အသက်ကို စတေးပြီး ဘာမှမရခဲ့တဲ့၊ အဓိပ္ပါယ်မရှိတဲ့၊ အာဏာရှင်စနစ်ကိုဆန့်ကျင်တဲ့ စစ်ပွဲကြီးကနေ အာရုံလွဲသွားစေတဲ့ သွေးထွက်သံယိုမှုအဖြစ် မှတ်မိနေမှာပါ။
တာဝန်ရှိသူတွေကို သူတို့ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ခဲ့သူတွေအဖြစ် မှတ်မိမှာမဟုတ်ဘဲအမြင်ကျဉ်းမြောင်းခဲ့သူများအဖြစ် မှတ်မိနေမှာပါ။ ကျွန်တော်တို့ဟာ ပြည်သူတွေနဲ့တော်လှန်ရေးအတွက် ဒီသမိုင်းဝင်အမှားကို မကျူးလွန်ဖို့ တာဝန်ရှိပါတယ်။ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့အတွက်သော့ချက်ဟာ ဥရောပ၊ အမေရိကန် ဒါမှမဟုတ်
မီဇိုရမ်မှာ မရှိပါဘူး။ ဘယ် NGO ဒါမှမဟုတ် လူမှုအဖွဲ့အစည်းမှာမှ မရှိသလို NUG ရဲ့တာဝန်လည်း မဟုတ်ပါဘူး။ အပြင်ဘက်ကနေ ချင်းပြည်သူတွေလက်ထဲကို ထည့်ပေးစရာမလိုပါဘူး။ ကျွန်တော်တို့ ပြောနေတဲ့အချိန်မှာပဲ ချင်းပြည်မြေပြင်မှာပြန်လည်တည်ဆောက်နိုင်ပါတယ်။ သက်ဆိုင်ရာ ခေါင်းဆောင်တွေအနေနဲ့ပြန်လည်သင့်မြတ်ရေးအတွက် သင့်လျော်တဲ့ ခြေလှမ်းတွေ လုပ်ဆောင် လိမ့်မယ်လို့ ကျွန်တော်စိတ်ရင်းမှန်နဲ့ မျှော်လင့်ယုံကြည်ပါတယ်။ ချင်းပြည်သူတစ်ရပ်လုံးလည်း ဒီလိုပဲမျှော်လင့်နေကြပါတယ်။

မေး- ပြဿနာတွေကို ထိထိရောက်ရောက် လျှော့ချပြီး အခြေအနေ ပိုမဆိုးလာစေဖို့အတွက်၊ခေါင်းဆောင်ပိုင်းတွေအနေနဲ့ မြေပြင်အခြေအနေကို အမှန်တကယ် နားလည်ပြီးပူးပေါင်းအဖြေရှာဖို့ ဘယ်လို လက်တွေ့ကျတဲ့ အကြံပြုချက်တွေ ပေးလိုပါသလဲ။
ဖြေ-တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်တွေ မသိသေးတဲ့အရာကို ကျွန်တော် ပြောပြနိုင်မယ်မထင်ပါဘူး။ဒါ့ကြောင့် အကြံပြုမယ့်အစား မေးခွန်းတစ်ခုသာ မေးပါ့မယ်။ကျွန်တော့်ရဲ့ ယုံကြည်ချက်အရ၊ လက်ရှိအချိန်မှာ ချင်းပြည်နယ်ကို အာဏာရှင်စနစ်ကနေလုံးဝလွတ်မြောက်စေဖို့ လုံလောက်တဲ့ စစ်သား၊ လက်နက်နဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ရှိနေပါပြီ။
မနက်ဖြန် ကျွန်တော်တို့ အစည်းအဝေးလုပ်ပြီး ရှေ့တန်းတွေကို ပေါင်းစပ်ညှိနှိုင်းလိုက်မယ်ဆိုရင်၊တီးတိန်၊ ဟားခါးနဲ့ ထန်တလန်မြို့တွေကို အလွန်လျင်မြန်စွာ သိမ်းပိုက်နိုင်ပါတယ်။ အဲဒီကနေတောင်ပေါ်ကနေ ဆင်းပြီး သတ္တိရှိတဲ့၊အတွေ့အကြုံရှိတဲ့ စစ်သည်ထောင်ပေါင်းများစွာနဲ့အာဏာရှင်ကို တိုက်ခိုက်နိုင်ပါပြီ။ ဒါဟာ စိတ်ကူးယဉ်မှု မဟုတ်ပါဘူး။ လိုအပ်တဲ့ပစ္စည်းအင်အားတွေဟာ ကျွန်တော်တို့ ပြောနေတဲ့ အချိန်မှာလည်း တကယ်ရှိနေပါတယ်။
ဒါဆိုရင် ဘာက အတားအဆီးဖြစ်နေတာလဲ။ လက်ရှိတည်ရှိနေတဲ့ မရေမတွက်နိုင်သောနိုင်ငံရေးကွဲလွဲမှုတွေကြောင့်ဆိုတာကို ကျွန်တော်တို့ ထောက်ပြနိုင်ပါတယ်။ အကယ်၍ ကျွန်တော်တို့ရဲ့တော်လှန်ရေးအခွင့်အရေးဟာ လက်လွတ်သွားခဲ့ရင်၊ ဒီအချိန်ကို နောက်အနှစ် (၂၀) မှာပြန်ကြည့်တဲ့အခါ၊ အဲဒီကွဲလွဲမှုတွေကြောင့် အောင်ပွဲမရရှိအောင် ဟန့်တားခဲ့တာကိုမှန်ကန်တယ်လို့ ခံစားရပါ့မလား။ ခေါင်းမာပြီး မလျှော့ပေးဘဲ နေတာဟာ လွယ်ကူတဲ့ရွေးချယ်မှုပါ။ ချင်းပြည်သူတွေ စည်းလုံးညီညွတ်မှုနဲ့ တော်လှန်ရေးအောင်ပွဲကိုဆောင်ကြဉ်းပေးမယ့် လုပ်ငန်းစဉ်ကို ဦးဆောင်ဖို့အတွက် စစ်မှန်တဲ့ ခေါင်းဆောင်မှု၊ သမိုင်းဝင်ခေါင်းဆောင်မှုမျိုး လိုအပ်ပါတယ်။ ကျွန်တော့်အမြင်အရတော့ ဒါထက် လျော့နည်းတဲ့မည်သည့်လုပ်ဆောင်မှုမဆို ခေါင်းဆောင်မှုရဲ့ ကျရှုံးမှု ဖြစ်ပြီး၊ တော်လှန်ရေးအတွက်အရာအားလုံးကို စွန့်လွှတ်ခဲ့ကြတဲ့ ပြည်သူတွေနဲ့ ရဲဘော်တွေကို စိတ်ပျက် စေမှာပဲ ဖြစ်ပါတယ်။
မေး – ဒီပြည်တွင်းပဋိပက္ခတွေနဲ့ပတ်သက်ပြီး ချင်းပြည်သူတွေနဲ့ Supporting Committeeတွေက ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေက ဘယ်လို ဖိအားပေးမှု ဒါမှမဟုတ်တိုက်တွန်းမှုမျိုးတွေ လုပ်ဆောင်သင့်တယ်လို့ ထင်မြင်ပါသလဲ။
ဖြေ-ချင်းလူမျိုးအသိုက်အဝန်း (diaspora) ဟာ အလွန်ကောင်းမွန်စွာ စည်းရုံးထားပြီးတော်လှန်ရေးကို ထောက်ပံ့ရာမှာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းကထောက်ခံသူတွေရဲ့ မမောမပန်း ကြိုးပမ်းမှုကြောင့် ထောက်ပံ့မှုများစွာ ရရှိနေတယ်ဆိုတာပြောစရာမလိုပါဘူး။ ဆန်တစ်စေ့ချင်းစီ၊ ဆီတစ်လီတာတိုင်းဟာ တော်လှန်ရေးပြည်သူတွေရဲ့စွန့်လွှတ်အနစ်နာခံမှုကနေ ရရှိလာတာကို ကျွန်တော်တို့ နားလည်ပါတယ်။ ဒါကြောင့်
ကျွန်တော်တို့ဟာ ပြည်သူတွေရဲ့ ယုံကြည်မှုကို အလွဲသုံးစားမလုပ်ဘူးလို့ ကတိပြုတဲ့အခါမှသာပံ့ပိုးကူညီဖို့ ယုံကြည်စိတ်ချစွာ တောင်းဆိုနိုင်ပါတယ်။ ထောက်ပံ့မှုအားလုံးရဲ့ ၁၀၀% ကိုပြည်သူတွေ လွတ်မြောက်ဖို့၊ အာဏာရှင်ကို အနိုင်ယူဖို့အတွက် အသုံးပြုမယ်ဆိုတာသေချာပါတယ်။
ကံမကောင်းစွာနဲ့ပဲ၊ ချင်းပြည်သူတွေရဲ့ ဘုရားကျောင်းတွေနဲ့ လူမှုအဖွဲ့အစည်းနေရာတွေမှာစုဆောင်းထားတဲ့ ငွေတွေကို အာဏာရှင်စနစ်ကို တိုက်ခိုက်ခြင်းမှလွဲ၍ အခြားနည်းလမ်းများဖြင့်သုံးစွဲနေတယ်ဆိုတာ လက်ရှိအဖြစ်မှန်ပါပဲ။ ဒါ့ကြောင့် တော်လှန်ရေးကိုအထူးကြိုးပမ်းပံ့ပိုးနေတဲ့ အဖွဲ့အစည်းတွေကို သူတို့ပံ့ပိုးတဲ့ တပ်ဖွဲ့တွေအပေါ်တောင်းဆိုပိုင်ခွင့်ရှိသင့်တယ်၊ အထူးသဖြင့် ဒီငွေကြေးတွေကို ဘာသာရေးနဲ့လူမှုအဖွဲ့အစည်းတွေကနေ ရယူထားတာဖြစ်လို့ ပိုပြီးတောင်းဆိုရမှာ ဖြစ်ပါတယ်။
မေး – အဓိက အာဏာရှင်တော်လှန်ရေးကို ပံ့ပိုးသူတစ်ဦးအနေဖြင့်၊ ချင်းတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများအကြား ပဋိပက္ခမှာ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ပါဝင်ပတ်သက်သူများကို ဘာသတင်းစကား ပေးလိုပါသလဲ။
ဖြေ – ယနေ့ ပဋိပက္ခဟာ မယုံကြည်မှုနဲ့ သမိုင်းကြောင်းဆိုင်ရာ မကျေနပ်ချက်တွေအပေါ်အခြေခံနေပါတယ်။ ရလဒ်အနေနဲ့ ဘက်နှစ်ဖက်စလုံးဟာ သူတို့ရဲ့ အင်အားစုတွေကိုထိရောက်တဲ့ အဖွဲ့အစည်းနှစ်ခုအဖြစ် ပေါင်းစည်းလိုက်ကြပါပြီ။ CB နဲ့ CC(ခေါင်းဆောင်မှုနှစ်ရပ်ကို ရည်ညွှန်းနိုင်သည်) ဟာ သူတို့ရဲ့ ပြည်သူတွေအတွက်နဲ့နိုင်ငံလွတ်မြောက်ရေးအတွက် တိုက်ခိုက်နေကြတာပါ။ ဒါပေမဲ့ နှစ်ဖက်ခေါင်းဆောင်တွေဟာသူတို့ရဲ့ အင်အားတစ်ခုတည်းနဲ့ အောင်ပွဲရဖို့ လုံလောက်တယ်လို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ထားပုံရပါတယ်။ တစ်နည်းအားဖြင့် ချင်းတော်လှန်ရေးအင်အားစုတွေကိုလက်တွေ့ကျကျ ပေါင်းစည်းစရာမလိုဘဲ အောင်ပွဲရနိုင်တယ်လို့ ယူဆနေပါတယ်။
ဒါဟာ မှန်ချင်မှန်ပါလိမ့်မယ်။ ပြီးခဲ့တဲ့နှစ်တွေရဲ့ တိုက်ပွဲတွေမှာ လက်တွေ့ကျကျပေါင်းစည်းမှုမရှိဘဲ အောင်ပွဲများစွာ ရရှိခဲ့တာကို မြင်နိုင်ပါတယ်။ ဒီအတိုင်းဆိုရင် နောက်ထပ်တစ်နှစ်၊ နှစ်နှစ်လောက်ကြာရင် စစ်ကောင်စီကိုချင်းပြည်နယ်ကနေ နောက်ဆုံးမှာမောင်းထုတ်နိုင်ပါလိမ့်မယ်။ အဲဒီမှာ မေးခွန်းကတော့- ဘယ်လောက် ပေးဆပ်ရမလဲဆိုတာပါပဲ။ စည်းလုံးညီညွတ်တဲ့ ရှေ့တန်းက ကျွန်တော်တို့ကို အောင်ပွဲယူလာပေးနိုင်ချိန်မှာ၊ဘာလို့ ဒီလောက်ကြာအောင် စောင့်ရမှာလဲ၊ ကျွန်တော်တို့ရဲ့ အင်အားတွေကို ခွဲထုတ်ပြီးထပ်ဆောင်းဆုံးရှုံးမှုတွေကို ခံစားနေရမှာလဲ။ နိုင်ငံရေး မကျေနပ်ချက်တွေဟာ အချိန်နဲ့လူအသက်ဆုံးရှုံးမှုတန်ဖိုးကို မျှတတယ်လို့ ခေါင်းဆောင်အချို့က တွက်ချက်ထားပါတယ်။အဲဒီခေါင်းဆောင်တွေ ပြန်လည်သုံးသပ်နိုင်ပါစေလို့ ကျွန်တော် ဆုတောင်းပါတယ်။
တစ်ချိန်တည်းမှာပဲ၊ ဒီကွဲပြားမှုကို ထပ်မံဖြစ်ပေါ်စေတဲ့ “စည်းရုံးလှုံ့ဆော်ရေး” အဖွဲ့တွေနဲ့ပုဂ္ဂိုလ်အချို့လည်း ရှိနေပါတယ်။ ချင်းတော်လှန်ရေးအင်အားစုတွေ အချင်းချင်းတိုက်ခိုက်နေချိန်မှာ အမြတ်ထုတ်ပြီး ပျော်ရွှင်နေသူတချို့ ရှိနေပါတယ်။ ဒီကွဲပြားမှုကို ရန်သူရဲ့လုပ်ရပ်အဖြစ် ကျွန်တော်တို့ အသိအမှတ်ပြုသင့်ပြီး၊ ဒါကို ဆက်လက်မဖြစ်ပွားအောင်ပြင်းပြင်းထန်ထန် ငြင်းဆန်သင့်ပါတယ်။ အမုန်းတရားကို ဆန့်ကျင်တဲ့တော်လှန်ရေးသမားတွေအနေနဲ့ ကျွန်တော်တို့ရဲ့ သတင်းစကားဟာ မေတ္တာ ဖြစ်ပါတယ်။
မေး – နိဂုံးချုပ်အနေနဲ့၊ ဒီအရေးကြီးတဲ့ ကာလမှာ ချင်းလူမှုအသိုင်းအဝိုင်းအတွက်အကျိုးရှိစေမယ့် အခြားဖြည့်စွက်ပြောကြားချင်တာ ဒါမှမဟုတ်၊ သင်တို့မျှော်လင့်တဲ့ အနာဂတ်မြင်ကွင်းက ဘာဖြစ်မလဲ။
ဖြေ- ကျွန်တော် ချင်းပြည်သူတွေနဲ့ တော်လှန်ရေးပြည်သူတွေ ယုံကြည်မှုရှိဖို့ လိုချင်ပါတယ်။အောင်ပွဲမှလွဲ၍ ဖြစ်နိုင်တဲ့လမ်းကြောင်း မရှိပါဘူး။ ဒါဟာ ကျွန်တော်တို့ ကျဆုံးသွားတဲ့အာဇာနည်တွေ၊ ဒဏ်ရာရရှိတဲ့ ရဲဘော်တွေ၊အကျဉ်းထောင်ထဲက ရဲဘော်တွေနဲ့ နေ့စဉ်နဲ့အမျှတော်လှန်ရေးကို ထောက်ပံ့ပေးနေတဲ့ ပြည်သူတွေကို ပေးထားတဲ့ ကတိပါပဲ။ တစ်နေ့မှာဒီတော်လှန်ရေးရဲ့ လိုအပ်ချက်တွေဟာ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေတဲ့အင်အားစုအားလုံးကို တစ်စုတည်းဖြစ်စေလိမ့်မယ်လို့ ကျွန်တော် စိတ်ရင်းမှန်နဲ့ယုံကြည်ပါတယ်။
ကျွန်တော်တို့ရဲ့ ရှေ့မှာ ချင်းပြည်နယ်နဲ့ အခြားနေရာတွေမှာ တိုက်ပွဲများစွာကျန်နေပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ တိုက်ပွဲကို ဆက်လက်လုပ်ဆောင်သွားမှာပါ၊ဒါပေမဲ့ ဒီတိုက်ပွဲတွေကို အတူတကွ ဆင်နွှဲနိုင်ပါစေလို့ ကျွန်တော်တို့ မျှော်လင့်ပြီးဆုတောင်းပါတယ်။ ချင်းအင်အားစုတွေ စည်းလုံးညီညွတ်သွားတာထက် အာဏာရှင်ကို ပိုပြီးထိတ်လန့်စေမယ့်အရာ ဘာမှမရှိပါဘူး။
ကျွန်တော်တို့ နိုင်ငံတကာကလူတွေဟာ ပြင်ပလူတွေအဖြစ် ရောက်ရှိလာတာမဟုတ်ဘဲ၊တိုက်ပွဲဝင်တဲ့ ညီအစ်ကို မောင်နှမများအဖြစ် သင်တို့နဲ့အတူ ပါဝင်နေတာပါ။ အာဏာရှင်ကိုဆန့်ကျင်တိုက်ခိုက်တဲ့ တိုက်ပွဲဟာ ချင်းပြည်နယ်ကို လွတ်မြောက်စေဖို့ တိုက်ပွဲသက်သက်မဟုတ်ပါဘူး၊ မြန်မာနိုင်ငံကို ဒီမိုကရေစီဖြစ်စေဖို့ တိုက်ပွဲသက်သက်လည်း မဟုတ်ပါဘူး။ ဒါဟာလူသားဂုဏ်သိက္ခာအတွက် တိုက်ပွဲဖြစ်ပြီး၊ ဖိနှိပ်မှုကို ငြင်းဆန်တဲ့ အလိုအလျောက် ဗီဇ
(instinct) ပါပဲ။ စစ်မြေပြင်မှာ ကျွန်တော်တို့ ရရှိတဲ့ အောင်ပွဲတိုင်းဟာ နေရာတိုင်းမှာကိုယ့်အခွင့်အရေးအတွက် ရပ်တည်နေသူတွေအတွက် အောင်ပွဲပဲ ဖြစ်ပါတယ်။ သင်တို့ရဲ့ရှေ့တန်းဟာ ကျွန်တော်တို့ရဲ့ ရှေ့တန်းပါပဲ။
အာဏာရှင်ကို ခုခံတွန်းလှန်နေတဲ့ ရဲဘော်အားလုံးကို နှုတ်ခွန်းဆက်သပြီး၊မေးခွန်းတွေအတွက်လည်း ကျေးဇူးတင်ပါတယ်။



