Headlines

ဟားခါးမြို့နယ်က စာသင်ကျောင်းကို စစ်ကော်မရှင်တပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျောင်းသား ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ သိရ

အောက်တိုဘာလ ၁၃ ရက်။

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဗန်ဟား( Vanha) ကျေးရွာရှိ စာသင်ကျောင်းကို အာဏာသိမ်းမြန်မာစစ်ကော်မရှင်တပ်က ဒီကနေ့ အောက်တိုဘာလ ၁၃ ရက်နေ့ မနက်ပိုင်း ၁၀ နာရီခွဲဝန်းကျင်လောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျောင်းသား(၂) ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

ဟားခါးမြို့ဒေသခံတစ်ဦးက “ သေတာက ကျောင်းသား ၂ ယောက်သေတယ်လို့ ပြောကြတယ် ထိခိုက်ဒဏ်ရာရတာလည်း များတယ်လို့ ပြောတယ် အတိအကျတော့ ကျနော်လည်း မသိဘူး” လို့ပြောပါတယ်။

ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “ကလေးငယ် ၂ ဦး သေဆုံးပြီးတော့ ကျောင်းဆရာမ ၁ ဦးနဲ့ ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရပါတယ်” လို့ Chin World Media ကိုပြောပါတယ်။

ဟားခါးမြို့မှ မိုင် ၃၀ ခန့်ကွာဝေးသော Vanha ကျေးရွာက စာသင်ကျောင်းကို စစ်အုပ်စုက ဂျက်လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့လို့ စာသင်နေတဲ့ ကျောင်းသား ၂ ဦး သေဆုံးခဲ့ပြီး ကျောင်းသား၊ ဆရာ၊ ဆရာမ တွေလည်း ထိခိုက်ဒဏ်ရာရခဲ့တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့ညကလည်း မတူပီမြို့ပေါ်တနေရာကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

အောက်တိုဘာလ ၈ ရက်နေ့ ည ၇ နာရီ ၀န်းကျင်မှာ မင်းတပ်မြို့နယ်အတွင်းက ဝမ္မသူးကျေးရွာနဲ့ ထင်ချောင်းကျေးရွာရှိ စာသင်ကျောင်းတွေကို စစ်ကော်မရှင်တပ်ဖွဲ့က လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ကျောင်းသား ၃ ဦးနဲ့ မသန်စွမ်း အမျိုးသမီး ၁ ဦး သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *