
အောက်တိုဘာလ ၁၂ ရက်။
အာဏာသိမ်းစစ်ကော်မရှင်က ပြုလုပ်မည့် မည်သည့် ရွေးကောက်ပွဲမဆို ငြင်းပယ်ရန်နှင့် အသိအမှတ်မပြုရန် ၊ နိုင်ငံရေးအကျဉ်း သားအားလုံး လွတ်မြောက်ရေး အပါအဝင် အချက် ၅ ချက် ဆေင်ရွက်ပေးရန် အရှေ့တောင်အာရှနိုင်ငံများအသင်း(ASEAN)ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH) ၊ NUCC နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) ၊ ချင်းအမျိုးသားတပ်ဦး(CNF) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP/IEC )အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များနှင့် အဖွဲ့အစည်းပေါင်း ၂၀ က အောက်တိုဘာလ ၁၁ ရက်မှာ စုပေါင်းပြီး တောင်းဆိုလိုက်ပါတယ်။
မလေးရှားနိုင်ငံ က အာဆီယံဥက္ကဋ္ဌ ဖြစ်လာသည့်အချိန်မှစတင်၍ မြန်မာ့အရေးအတွက် ဖြေရှင်းရေး အတွက် NUG အမျိုး သား ညီညွတ်ရေးအစိုးရ၊ NUCC အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၊ CRPH-ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသားရေးရာ အတိုင်ပင်ခံကောင်စီများ၊ ဖက်ဒရယ်ယူနစ်များနှင့် အခြားသော ကိုယ်စားပြု အဖွဲ့အစည်းများ အပါအဝင် အဓိက သက်ဆိုင်သူအဖွဲ့အစည်းများအားလုံးပါဝင်သော ဆွေးနွေးပွဲများ ဆက်တိုက် လုပ်ဆောင်ခဲ့ကြောင်း ၊အဆိုပါ ဆွေးနွေးပွဲများနှင့် ထိတွေ့ဆက်ဆံမှုများသည် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အကျပ်အတည်းကိုဖြေရှင်းရေး ၊ အကြမ်းဖက်မှုများ ရပ်စဲရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးနိုင်ရေး၊ အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်မြောက်ရေးနှင့် စစ်တပ်က စီစဉ်ထားသော အတုအယောင် ရွေးကောက်ပွဲကိစ္စကို ဖြေရှင်းရေး မဟာဗျူဟာနှင့် အကြံပြုချက်များကို အကောင်အထည်ဖော်ရေး အားလုံးပါဝင်သော ပလက်ဖောင်းတစ်ခု ဖြစ်ကြောင်း NUG နဲ့ CNF အပါအဝင် အဖွဲ့ ၂၀ ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရေး လက်ခံ အတည်ပြုထားသော်လည်း ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရေး အကန့်အသတ်များရှိနေမှုအပေါ် စိုးရိမ်ကြကြောင်း ၊ စစ်တပ်က အရပ်သားများအပေါ် အကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်နေပြီး အာဆီယံပဋိညာဉ် အပါအဝင် ဒီမိုကရေစီစံနှုန်းများကို ပြောင်ပြောင်တင်းတင်းလျစ်လျူရှုလျက်ရှိကြောင်း NUG နဲ့ CNF အပါအဝင် အဖွဲ့ ၂၀ ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ထို့ကြောင့် အာဆီယံအနေဖြင့် စစ်တပ်က ပြုလုပ်မည့် မည်သည့် ရွေးကောက်ပွဲမဆို ငြင်းပယ်ရန်နှင့် အသိအမှတ်မပြုရန်၊ အရပ်သားများ အကြမ်းဖက်မှုမှ ကာကွယ်နိုင်ရေး အရေးယူဆောင်ရွက်မှုများ ချက်ချင်း လုပ်ဆောင်ရန်၊ စစ်တပ်၏ အကြမ်းဖက် ရက်စက်မှုများအပေါ် နှုတ်ဆိတ်နေမှုကို အဆုံးသတ်ရန်၊ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရေး တောင်းဆိုပေးရန် ၊ယင်းအပြင် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်နေသော စစ်တပ်ကို တာဝန်ခံစေရန် သံတမန်ရေး အရေးယူမှု၊ အာဆီယံအစည်းအဝေးများမှ ဖယ်ရှားအရေးယူရန်၊ စစ်တပ်က အာဆီယံဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ရေး နိုင်ငံတကာနှင့်အတူ ဖိအားပေးအရေးယူရန် NUG နဲ့ CNF အပါအဝင် အဖွဲ့ ၂၀ ရဲ့ထုတ်ပြန်ချက်မှာတောင်းဆိုထားပါတယ်။