
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကလေး – ဂန့်ဂေါ ကားလမ်းမပေါ်ရှိ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မှန်တောကျေးရွာကို စစ်ကော်မရှင်ဘက်က လက်နက်ကြီး၊ လူအင်အား၊ ဒရုန်း အမြောက်များသုံးပြီး အောက်တိုဘာလ ၁၈ ရက်နေ့ညမှာ ပြန်ထိန်းချုပ်သွားကာ ကလေး – ဂန့်ဂေါ ကားလမ်းမ တလျှောက်ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “ အဓိကတော့ အင်အားမမျှတာရော နည်းပညာအားသာချက်တွေကြောင့် ပါသွားတာပါ လက်နက်ကြီး၊ လူအင်အား၊ ဒရုန်းတွေ အမြောက်များသုံးပြီးတိုက်သွားတာ စစ်ကော်မရှင်ဘက်က အဲဒါကြောင့် ပါသွားတာ အခုကမ်းပါးနီ တံတားနားမှတွေ ဒီဘက်တော့ မကူးသေးဘူးခုထိ တိုက်ပွဲတွေလည်း ခုငြိမ်နေတယ် ထပ်မတိုးလာသေးဘူး သူတို့ဘက်က တိုးလာရင်တော့ ဟိုဘက်ကမ်း၊ ဒီဘက်ကမ်း ပစ်ကြမှာပေါ့” လို့ပြောပါတယ်။
မှန်တော်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်က ထိခိုက်သေဆုံးမှုရှိသလို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် ၄ ဦးကျဆုံးပြီး ထိခိုက်ဒဏ်ရာရခဲ့တဲ့ ရဲဘော်တွေလည်း ရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
ကလေးမြို့နယ်တောင်ပိုင်း ကလေး – ဂန့်ဂေါလမ်းပိုင်းရှိ စစ်ကောင်စီအခြေစိုက် စခန်းတွေဖြစ်တဲ့ ကမ်းပါးနီစခန်း၊ မှန်တော ၊ အောင်သာယာ (အရှေ့၊ အနောက်) နဲ့ ကြံသာကျေးရွာတွေကို ချင်းအမျိုးသားတပ်ဦး(CNF / CNA) နဲ့CDF – KKG ပူးပေါင်းတပ်ဖွဲ့တွေက Major Operation အဖြစ် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ဒုတိယအပတ်လောက်ကနေ ထိုးစစ်ဆင်ပြီး ဧပြီလ ၁၁ ရက်နေ့မှာ အပြီးသိမ်းပိုက်ခဲ့ပြီး အဲဒီထဲက ကြံသာကျေးရွာနဲ့ မှန်တောရွာကို စစ်ကောင်စီဘက်က ပြန်လည်ထိန်းချုပ်လာခဲ့တာလည်းဖြစ်ပါတယ်။