
မြန်မာနိုင်ငံမှာ လူငယ်ကျောင်းထွက်နှုန်း အများဆုံးရှိတဲ့ ပြည်နယ်နဲ့ တိုင်းဒေသထဲမှာချင်းပြည်နယ်လည်း ပါဝင်တယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP Myanmar ) ရဲ့ အောက်တိုဘာလ ၆ ရက်နေ့မှာ ဖော်ပြတဲ့ အစီရင်ခံစာမှာ တွေ့ရပါတယ်။
အသက် ၁၈ ကနေ ၂၄ နှစ်အကြား လူငယ် လေးဦးတွင် သုံးဦး ( လူငယ် ၅ သန်းကျော်) ဟာ ပညာရေး ဒါမှမဟုတ် သင်တန်းတစ်ခုခုတွင် တက်ရောက်နေခြင်း မရှိတော့ဘူးလို့ ဆိုပါတယ်။
အထူးသဖြင့် ကျေးလက်နေ လူငယ်တွေဟာ အတားအဆီးအမျိုးမျိုးကို ပိုမိုရင်ဆိုင်နေရပြီး တနင်္သာရီ၊ ချင်း၊ ကရင်နဲ့ စစ်ကိုင်းတို့တွင် ကျောင်းထွက်နှုန်း အမြင့်ဆုံးဖြစ်နေတယ်လို့လည်း UNDP Myanmar ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
UNDP Myanmar ရဲ့ စစ်တမ်းကို ဖြေဆိုထားသော လူငယ်အမျိုးသမီး လေးပုံ၊ တစ်ပုံနီးပါးသည် အိမ်တွင်းတာဝန်များ လုပ်ဆောင်ရခြင်းမှာ ပညာရေးမှ ကျောင်းထွက်ရသော အကြောင်းအရင်းဖြစ်ကြောင်း၊ အမျိုးသားလူငယ်များတွင် ယင်းအခြေအနေမျိုး ငါးရာခိုင်နှုန်း ရှိကြောင်း သိရပါတယ်။
စီးပွားရေးဆိုင်ရာ လိုအပ်ချက်တွေ ပဋိပက္ခတွေနဲ့ လူမှုရေးဆိုင်ရာ စံနှုန်းတွေက ပညာရေးရဲ့ အလားအလာကို ဖျက်ဆီးနေပြီး အသွင်ကူးပြောင်းမှုများ ရပ်တန့်နေတဲ့ အခြေအနေသည် အခွင့်အလမ်းတွေကို တစ်စတစ်စ တိုက်စားနေပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို နောက်ပြန်ဆွဲမည့် အန္တရာယ်လည်း ရှိနေတယ်လို့ UNDP Myanmar ရဲ့ အစီရင်ခံစာက ဆိုပါတယ်။
၂၀၂၁ ခုနှစ် မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ခဲ့တဲ့ နိုင်ငံရေးပဋိပက္ခတွေ ၊ တိုက်ပွဲပဋိပက္ခတွေကြောင့် ချင်းပြည်သူအများစုက နိုင်ငံပြင်ပ နဲ့ ပြည်တွင်း တခြားဒေသတွေမှာ ထွက်ပြေးတိမ်းရှောင်နေခဲ့ကြရပါတယ်။

