Headlines

မလေးရှားမှာ ၁ ရက်အကြာ ပျောက်ဆုံးနေတဲ့ ချင်းအမျိုးသားကို ဒဏ်ရာနဲ့သေဆုံးလျက်ပြန်တွေ့

အောက်တိုဘာလ ၈ ရက်။

မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူမြို့၊ ပူဒူးမြို့မှာနေထိုင်တဲ့ အသက် ၄၀ နှစ်အရွယ် ချင်းအမျိုးသား ဦးကော်လျာ (U Kaw Lia ) ဟာအောက်တိုဘာလ ၆ ရက်နေ့က နေအိမ်ကနေထွက်ခွာပြီး ၁ ရက်အကြာ ပျောက်ဆုံးခဲ့တာဖြစ်ပြီး အောက်တိုဘာလ ၇ ရက်နေ့ ညမှာ ဦးခေါင်းနောက်စေ့မှာ ဒဏ်ရာနဲ့ သေဆုံးလျက် အလောင်းကိုသာ နီးစပ်သူတွေက တွေ့ရှိခဲ့ကြတာလို့ သိရပါတယ်။

နီးစပ်သူတစ်ဦးက “ အခုသူတို့နေတဲ့ နေအိမ်နဲ့ အရမ်းကြီးမဝေးတဲ့ ဂိုထောင်လိုလို တနေရာမှာ အလောင်းတွေ့တဲ့ခါ ခေါင်းနောက်စေ့ဒဏ်ရာနဲ့ သွေးတွေ ထွက်တယ်လို့ ပြောတယ် ဆေးစစ်ချက်မရသေးတော့ ဘယ်လိုကြောင့်လဲဆိုတာ အတည်ပြုလို့ မရသေးပေမယ့် အရိုက်ခံရတာလို့ ယူဆကြတယ်” လို့ပြောပါတယ်။

တစ်ရက်အကြာ ပျောက်ဆုံးခဲ့သူ ဦးကော်လျာဟာ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဇိုတုန်ဒေသ၊ Sepi ကျေးရွာကလို့ သိရပြီး အောက်တိုဘာလ ၆ ရက်နေ့ ညနေ ၃ နာရီခန့်လောက်မှာ နေအိမ်ကနေ ထွက်ခွာခဲ့ပြီးနောက် ပျောက်ဆုံးသွားခဲ့တာလို့လည်း သိရပါတယ်။

နီးစပ်သူတွေအနေနဲ့ ပျောက်ဆုံးနေတဲ့ ဦးကော်လျာ အလောင်းကို မလေးရှားစံတော်ချိန် ည ၈ နာရီဝန်းကျင်ခန့်မှာ ပြန်တွေ့ခဲ့တာဖြစ်ပြီး ဘာကြောင့် သေဆုံးရတယ်ဆိုတာကိုတော့ အတိအကျ မသိရသေးဘူးလို့လည်း သိရပါတယ်။

လက်ရှိသေဆုံးသူ ဦးကော်လျာ အလောင်းကို ဆေးရုံမှာပို့ဆောင်ထားပြီး မိသားစုတွေဝင်တွေက အလောင်းကို ဒီကနေ့ညနေ ထုတ်နိုင်ဖို့ကြိုးစားနေကြပြီး မနက်ဖြန်မှာ အလောင်းကို သဂြိုလ်ကြဖို့စီစဉ်ထားတယ်လို့လည်း နီးစပ်တဲ့သူတွေ ပြောပြချက်အရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *