မလေးရှားနိုင်ငံမှာ စက်တင်ဘာ ၁ လအတွင်း မြန်မာနိုင်ငံသား ၅၀၁ ဦး ထက်မနည်း ဖမ်းဆီးခံရ

အောက်တိုဘာလ ၁ ရက်။

မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ (၁) လ အတွင်း တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုကြောင့် ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၅၀၁ ဦးထက်မနည်း ရှိခဲ့တယ်လို့ မလေးရှား – မြန်မာ လူမှုရေးအသင်းအဖွဲ့(MMA)ရဲ့ ဒီကနေ့ အောက်တိုဘာလ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စက်တင်ဘာလ ၁ လအတွင်း မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ လုပ်ငန်းခွင်အတွင်း နဲ့ နိုင်ငံသားတွေရဲ့ တိုင်ကြားမှုကြောင့် ဖမ်းဆီးခဲ့ နိုင်ငံခြားသား ၂၉၆၃ ဦးထဲမှာ မြန်မာနိုင်ငံသား ၅၀၁ ဦး ပါဝင်ပြီး လက်ရှိဖမ်းဆီးခံရတဲ့ စာရင်းဟာ MMA အဖွဲ့ရဲ့ စုစောင်းရသလောက်သာဖြစ်ပြီး ဒီထက်ပိုပြီး များနိုင်တယ်လို့ ဆိုထားပါတယ်။

အဖမ်းဆီးခံရချိန် အခက်ခဲရောက်နေသူတွေ ၊ တရားရုံးရင်ဆိုင်နေရသူတွေ၊ ရှေ့နေအခက်ခဲရှိသူတွေ၊ ထောင်ဝင်စာသွားတွေ့ရန် အခက်ခဲရှိသူတွေ လူဝင်မှုကြီးကြပ်ရေးကန့် လူတွေ့ ချင်သူတွေအနေနဲ့လည်း မလေးရှား – မြန်မာ လူမှုရေးအသင်းအဖွဲ့(MMA)ကို အကူညီတောင်းခံနိုင်တယ်လို့ ဆိုထားပါတယ်။

မလေးရှားနိုင်ငံမှာ နိုင်ငံခြားသားတွေ လုပ်ကိုင်နေတဲ့ လုပ်ငန်းခွင်တွေ ၊ နေထိုင်တဲ့ တိုက်ခန်းတွေကို အာဏာပိုင်အဖွဲ့က ရှောင်တခင်စစ်ဆေးမှုတွေ လုပ်ဆောင်နေတာကြောင့် မြန်မာနိုင်ငံသားတွေ အပါအဝင် အထောက်ထားမဲ့ နိုင်ငံခြားသားတွေ နေ့စဉ်နဲ့အမျှ အဖမ်းဆီးခံနေ ရတဲ့ကြောင်းလည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *