
အောက်တိုဘာလ ၁၁ ရက်။
ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့ပေါ် တနေရာကို အောက်တိုဘာလ ၁၀ ရက်နေ့ မနေ့ည ၈ နာရီလောက်မှာ စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူထိခိုက်သေဆုံးမှု ရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတစ်ဦးက “ ဗုံးကြဲခံရတာ မီးသတ်ရုံးအနီးဝန်းကျင်လောက်မှာ ကြဲသွားတာလို့ပြောတယ် နောက်ပြီး လူအထိအခိုက်သေဆုံးမှုရှိတယ်လို့လည်းသိရတယ် အရပ်သားလား ဆိုတာတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
မတူပီမြို့ကို ချင်းညီနောင် ( CB) အဖွဲ့ဝင် MRO/CDF – Matupi က ထိန်းချုပ်ထားတာဖြစ်ပြီး မနေ့ညက စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု လူထိခိုက်သေဆုံးမှုတွေနဲ့ ပက်သက်ပြီးတော့ တစုံတစ်ရာ ထုတ်ပြန်တာတော့ မရှိသေးပါဘူး။
စစ်ကော်မရှင်တပ်ဖွဲ့ဟာ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်မြို့နယ်ကိုလည်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၈ ရက်နေ့က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျောင်းသား ၃ ဦး နဲ့ မသန်စွမ်း အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပြီးနောက်ပိုင်း ကြားကာလ ပြည်သူ့အခြေပြု ကျောင်းတွေကို ယာယီ ပိတ်ထားလိုက်ရပါတယ်။