

အောက်တိုဘာလ ၁၆ ရက်။
နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးခွင့်ကာလ ကို အောက်တိုဘာ ၂၈ ကနေ စတင်နိုင်ပြီး ဒီဇင်ဘာ ၂၆ ရက်အထိ (ရက်ပေါင်း ၆၀ ) ခွင့်ပြုတယ်လို့အာဏာသိမ်းစစ် ကော်မရှင်လက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၁၅ ရက်စွဲနဲ့ထုတ်ပြန်လိုက်ပါတယ်။
မဲဆွယ်စည်းရုံးခွင့်ကာလ ကို အောက်တိုဘာ ၂၈ ကနေ ဒီဇင်ဘာ ၂၆ ရက် ည ၁၂ နာရီ အထိ မဲဆွယ်စည်းရုံးခွင့်ပေးထားပြီး ဒီဇင်ဘာ ၂၇ ရက် က Silent Day ဖြစ်ပါတယ်။
ဒီဇင်ဘာလ ၂၈ ရက်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲပထမပိုင်းမှာ မြို့နယ်ပေါင်း ၁၀၂ နဲ့ ဒုတိယပိုင်းမှာတော့ မြို့နယ်ပေါင်း ၁၀၀ မှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ အောက်တိုဘာ ၁၅ ရက်မှာ ပြုလုပ်တဲ့ NCA ၁၀ နှစ်ပြည့်အခမ်းအနားမှာ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောပါတယ်။
စစ် ကော်မရှင်ကျင်းပမယ့် ၂၀၂၅ ရွေးကောက်ပွဲမှာ ပြည်ထောင်စုအဆင့်ဝင်ရောက်ယှဉ်ပြိုင်မယ့် ၆ ပါတီ နဲ့ ပြည်နယ်နဲ့ တိုင်းအဆင့် ဝင်ရောက်ယှဉ်ပြိုင်မယ့် ၅၁ ပါတီ စုစုပေါင်း ၅၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
စစ်ကော်မရှင်က မြို့နယ် ၉ မြို့နယ်ရှိတဲ့ ချင်းပြည်နယ်မှာ ထန်တလန်၊ ဟားခါး၊ ဖလမ်း၊ တီးတိန် နဲ့ တွန်းဇံမြို့ (၅) မြို့နယ်မှာသာ ရွေးကောက်ပွဲပြုလုပ်မှာဖြစ်ပြီး ချင်းတော်လှန်ရေး အင်အားစုတွေဘက်ကလည်း စစ်ကော်မရှင်ကျင်းပမယ့် ရွေးကောက်ပွဲမှာ လုံးဝမပါဝင်ကြဖို့နဲ့ ပါဝင်သူတွေကို ထိရောက်စွာ အရေးယူသွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။
ချင်းပြည်နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီအလိုက် တင်သွင်းထားတဲ့ ကိုယ်စားလှယ် စာရင်းအရ လွှတ်တော် (၃) ရပ်လုံး ၂၈ နေရာ အတွက် ချင်းပြည်သစ်ကွန်ဂရက်ပါတီက ၂၈ ဦး၊ ပြည်ခိုင်ဖြိုးပါတီက ၂၈ ဦး၊ ဇိုမီးအမျိုးသားပါတီက ၂၀ ဦး၊ ခူမီးအမျိုးသားပါတီက ၁ ဦး၊ PPP ပါတီက ၉ ဦးလို့ သိရပါတယ်။


