စစ်အုပ်စုရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုကြောင့် ၄ နှစ်ကျော်အတွင်း ချင်းပြည်နယ်မှာ အရပ်သား ၁၀၁ ဦး သေဆုံးခဲ့

အောက်တိုဘာလ ၁ ရက်။

၂၀၂၁ ခုနှစ် ကနေ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ထိစစ်အုပ်စုရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်မှာ သေဆုံးသူလူဦးရေ ၁၀၁ ဦးအထိ ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း (AAPP) ရဲ့ အောက်တိုဘာလ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ၊ စက်တင်ဘာလ ၃၀ ရက်နေ့အထိ နိုင်ငံတဝန်း စစ်အုပ်စုရဲ့လေကြောင်း၊ လက်နက်ကြီး တိုက်မှုကြောင့် သေဆုံးသူဦးရေ ၃၀၂၃ ဦး သေဆုံးခဲ့တာကို အမည်နဲ့တကွ အတည်ပြုနိုင်သလို အတည်ပြုရန် လိုအပ်နေတဲ့ သေဆုံးသူ အနည်းဆုံး ၂၆၉၀ ဦးဝန်းကျင်ခန့်ကိုလည်း သီးခြားကောက်ယူစုဆောင်းနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

၄ နှစ်ကျော်အတွင်း စစ်အုပ်စုရဲ့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် သေဆုံးသူတွေထဲ အမျိုးသမီးက (၁၃၇၀) ဦးနဲ့ အမျိုးသား ၁၆၅၃ ဦး ဖြစ်ပြီး အသက် ၁၈ နှစ်အောက် ကလေးငယ် ၆၄၇ ဦး လည်း အသက်ဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ ၂၉ ရက်နေ့ နေ့လည်ပိုင်းကလည်း ချင်းပြည်နယ် ၊ ပလက်ဝမြို့ပေါ်ကို စစ်အုပ်စုက လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးတွေ အသုံးပြုပြီး လေကြောင်း တိုက်ခိုက်မှု လုပ်ခဲ့လို့ ဒေသခံအရပ်သား ၂ ဦး သေဆုံးခဲ့ပြီး ဆယ်နဲ့ချီတဲ့ အရပ်သားတွေလည်း ပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။

အရပ်သားပြည်သူတွေကို ဦးတည်တိုက်ခိုက်နေတဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ရေးနဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေစံချိန်စံညွှန်းတွေနဲ့အညီ တာဝန်ခံမှုစေရှိစေရေးအတွက် စစ်အုပ်စုရဲ့ အကြမ်းဖက်ကျူးလွန်မှုတွေကို စုံစမ်းစစ်ဆေးပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေမှုတွေကို အဆုံးသတ်ရန်နဲ့ ထိခိုက်ခံစားခဲ့ရတဲ့ ပြည်သူတွေအတွက် တရားမျှတမှု၊ ပြန်လည်ကုစားပေးလျောမှု၊ စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုနဲ့ ရုပ်ပိုင်းဆိုင်ရာပံ့ပိုးမှုတွေဖြစ်တဲ့ သူတို့ရဲ့ လုံခြံမှု၊ နေအိမ် နဲ့ အခြေခံလိုအပ်ချက်တွေရရှိရေး အထောက်အပံ့ပေးရန် တာဝန်ရှိပုဂ္ဂိုလ်၊ အစုအဖွဲ့အသီးသီး နဲ့ နိုင်ငံတကာက အလေးအနက်ထားပြီး အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း AAPP ကဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *