Headlines

စစ်ဘေးရှောင်နေရတဲ့ မြန်မာဒုက္ခသည်တွေကို လှူဒါန်းပေးဖို့ နှုတ်ဆက်ပွဲမှာ ပြောသွားတဲ့ မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆန်

အောက်တိုဘာလ (၄) ရက်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မှာ အောက်တိုဘာလ (၄) ရက်နေ့ က ကျင်းပတဲ့ ONE Fight Night ပွဲစဉ်မှာ မြန်မာ့ဂုဏ်ဆောင် Burmese Python ကချင်တိုင်းရင်းသား အောင်လအန်ဆန်က သူ့ရဲ့ အားကစားသမားဘ၀ ပြိုင်ပွဲရဲ့ နောက်ဆုံးပွဲအဖြစ် ဆွီဒင်ဖိုက်တာ ဇဘက်ဇရှန် ကာဒက်စတမ် ကို ဒုတိယအချီမှာပဲ အလဲထိုးအနိုင်ယူခဲ့ကာ ပြိင်ပွဲပြီးတဲ့နောက် အောက်လအန်ဆန်းက မြန်မာပြည်မှာ စစ်ဘေးရှောင်နေရတဲ့ ဒုက္ခသည်တွေကိုလှူဒါန်းပေးဖို့ ပရိတ်သတ်ကို အခုလို မေတ္တာရပ်ခံစကားပြောခဲ့ပါတယ်။

“ဒီနေရာမှာရှိတဲ့ လူတိုင်းကိုရော၊ မြန်မာပြည်မှာရှိတဲ့ လူတိုင်းကိုပါ ကျွန်တော် မေတ္တာရပ်ခံချင်ပါတယ်။ ကျေးဇူးပြုပြီးတော့၊ သင့်မှာ ပိုလျှံတဲ့ ငွေကြေးလေးတွေရှိမယ်ဆိုရင်၊ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူ (IDP) တွေအတွက် လှူဒါန်းပေးပါ။ IDP တွေကို ကျေးဇူးပြုပြီး ကူညီပေးကြပါခင်ဗျာ” လို့ သူပြောခဲ့တာဖြစ်ပါတယ်။

ဒီလိုမျိုး နှုတ်ဆက်ပွဲမှာ စွမ်းဆောင်ရည်ပြပြီး အနိုင်ရခဲ့တဲ့အတွက် ONE Championship ကနေပြီး အောင်လအန်ဆန်ကို အမေရိကန်ဒေါ်လာ ၅ သောင်း (ငါးသောင်း) ဆုကြေးငွေ ထပ်မံချီးမြှင့်ခဲ့ပါသေးတယ်။

အောင်ပွဲခံနေချိန်မှာပဲ ပရိသတ်တွေ အားလုံးကို အံ့အားသင့်စေမယ့် ဂုဏ်ပြုမှုကြီးတစ်ခု ထွက်ပေါ်လာပါတယ်။ ONE Championship တာဝန်ရှိသူတွေက အောင်လအန်ဆန်ဟာ ၎င်းတို့ရဲ့ လိုက်ဟဲဗီးဝိတ် နဲ့ မစ်ဒယ်ဝိတ်တန်း တို့မှာ ကမ္ဘာ့ချန်ပီယံနှစ်ထပ်ကွမ်း ဖြစ်ခဲ့တဲ့ သမိုင်းကို ပြန်လည်အသိအမှတ်ပြုပြီး Hall of Famer (ဂုဏ်ထူးဆောင်အဖွဲ့ဝင်) တစ်ဦးအဖြစ် တရားဝင်ကြေညာခဲ့တာပဲ ဖြစ်ပါတယ်။

အောင်လအန်ဆန်အနေနဲ့ ဒီပွဲမတိုင်ခင် ONE Championship မှာ (၁၉) ပွဲကစား၊ (၁၄) ပွဲနိုင်ပွဲ ရရှိထားသူဖြစ်ပြီး အခု ကာဒက်စတမ်ကို အနိုင်ရလိုက်တဲ့အတွက် စုစုပေါင်း နိုင်ပွဲ (၁၅) ပွဲ ကို ရရှိသွားခဲ့ပါပြီ။ သူ့ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ ကာဒက်စတမ်ကတော့ ONE Championship မှာ (၁၁) ပွဲ ကစားထားရာ၊ (၇) ပွဲနိုင်ပြီး (၄) ပွဲ ရှုံးထားသူဖြစ်ပါတယ်။

မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆန်ဟာ အလဲထိုးအနိုင်၊ ဆုကြေးငွေနဲ့ အမြင့်ဆုံးဂုဏ်ထူးဆောင်ဘွဲ့ကို တစ်ပြိုင်နက် ရယူပြီး သူ့ရဲ့ အားကစားသမားဘဝကို လှပစွာ နှုတ်ဆက်သွားနိုင်ခဲ့ပါပြီ။

Leave a Reply

Your email address will not be published. Required fields are marked *