
ေအာက်တိုဘာလ ၅ ရက်။
ဒီဇင်ဘာလ (၂၈) ရက်နေ့မှာ စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲပထမအသုတ်မှာ စစ်ကော်မရှင် ထိန်းချုပ်မြို့များဖြစ်တဲ့ ချင်းပြည်နယ်၊ ဟားခါးမြို့နဲ့ တီးတိန်မြို့များပါ၀င်ပြီး မြို့နယ် ၂ ခုပေါင်းမှာ မဲပေးပိုင်ခွင့်ရှိသူ ၃၉၈၉၉ ဦးရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်တဲ့ စာရင်းအရသိရပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ စာရင်းအရ ဟားခါးမြို့နယ်မှာ မဲပေးနိုင်သူ ၂၇,၄၇၅ ဦး၊ တီးတိန်မြို့နယ်မှာ ၁၂,၄၄၂ ဦးရှိတယ်လို့ဖော်ပြပါတယ်။
ဟားခါးမြို့နယ်မှာ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတုန်းက ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၃၉၆၉၆ ဦး ရှိခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်မှာကျင်းပမယ့် ရွေးကောက်ပွဲအတွက် ၂၇,၄၇၅ ဦး ရှိတယ်လို့ဖော်ပြတဲ့ အတွက် ရာခိုင်နှုန်းအားဖြင့် ၂၀၂၀ ရွေးကောက်ပွဲကာလမဲပေးပိုင်ခွင့်ရှိသူဦးရေနှင့်ယှဥ်လျှင် ၆၉.၂၀ ရာခိုင်နှုန်းရှိနေဆဲဖြစ်ပါတယ်။
တီးတိန်မြို့နယ်မှာ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၆၅,၉၆၂ ဦး ရှိခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ၁၂,၄၄၂ ဦးရှိတယ်လို့ဖော်ပြတဲ့အတွက် ရာခိုင်နှုန်းအားဖြင့် ၂၀၂၀ ရွေးကောက်ပွဲကာလမဲ ပေးပိုင်ခွင့်ရှိသူဦးရေ နှင့်ယှဥ်လျှင် ၈၁.၁၃% ရာခိုင်နှုန်းလျော့နည်းသွားပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲစာရင်းများကို စက်တင်ဘာ ၃၀ ရက်မှစတင် ကပ်ထားခြင်းဖြစ်ပြီး အောက်တိုဘာ ၁၃ ရက်အထိ (၁၄)ရက်ကြာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများနဲ့ ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ပထမအကြိမ်အဖြစ် ကပ်ထားကြေညာမယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။
ချင်းပြည်နယ်မှာ ပလက်ဝ၊ ကန်ပက်လက်၊ မင်းတပ် နှင့် မတူပီ မြို့နယ် တွေမှာ ရွေးကောက်ပွဲပြုလုပ်မှာ မဟုတ်ဘဲ ထန်တလန်၊ ဟားခါး၊ ဖလမ်း၊ တီးတိန် နှင့် တွန်းဇံမြို့နယ် ၅ မြို့နယ် တို့မှာသာ ရွေးကောက်ပွဲ ပြုလုပ်မည် ဖြစ်ပြီး တစ်ပြည်နယ်လုံးမှာ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် (၅) နေရာ၊ အမျိုးသား လွှတ်တော်တွင် FPTP စနစ်ဖြင့် ကိုယ်စားလှယ် (၃) နေရာ၊ PR စနစ် ဖြင့် (၆) နေရာ၊ ပြည်နယ်လွှတ်တော် တွင် FPTP စနစ်ဖြင့် ကိုယ်စားလှယ် (၅) နေရာ၊ PR စနစ် ဖြင့် (၉) နေရာ စုစုပေါင်း (၂၈) နေရာ အတွက် ရွေးကောက်ပွဲပြုလုပ်မှာ ယှဉ်ပြိုင်ကြရမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ချင်းပြည်နယ်မှာ ၀င်ရောက်ယှဥ်ပြိုင်မယ့် ပါတီအလိုက် တင်သွင်းထားတဲ့ကိုယ်စားလှယ် စာရင်းအရ လွှတ်တော် (၃) ရပ်လုံး အတွက် ချင်းပြည်သစ်ပါတီက ၂၈ ဦး၊ ပြည်ခိုင်ဖြိုးပါတီက ၂၈ ဦး၊ ဇိုမီးအမျိုးသားပါတီက ၂၀ ဦး၊ ခူမီးအမျိုးသားပါတီက ၁ ဦး၊ PPP ပါတီ က ၉ ဦးဖြစ်ပါတယ်။
နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့်ပြန် မလျှောက်ထားတဲ့ ၂၀၂၀ ရွေး ကောက်ပွဲ အနိုင်ရပါတီ NLD ပါတီအပါအဝင် ၂၀၂၀ ရွေး ကောက်ပွဲမှာ ယှဉ်ပြိုင်ခဲ့တဲ့ ချင်းပြည်နယ်နဲ့ ချင်းတိုင်းရင်းသားအခြေပြုပါတီ တွေဖြစ်တဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ချင်းတိုင်းရင်းသားပါတီ၊ ဇိုတိုင်းရင်းသား ဒေသဖွံ့ဖြိုးတိုးတတ်ရေးပါတီ၊ ခူမီး(ခမီ) အမျိုးသားပါတီ၊ အရှိုချင်းအမျိုးသားပါတီတို့ကို စစ်ကောင်စီက ဖျက်သိမ်းခဲ့ပါတယ်။

