
အောက်တိုဘာလ ၁၄ ရက်။
စစ်ကော်မရှင်ဟာ ၎င်းတို့၏ ရွေးကောက်ပွဲအကြိုကာလများတွင် အရပ်သားနေရာများအား ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ချင်းပြည်အနှံ့ ဆက်တိုက်လုပ်ဆောင်နေခြင်း သည် တရားမဝင်ရွေးကောက်ပွဲဖြစ်ခြင်းကို ပေါ်လွန်ပြသခြင်းဖြစ်ပြီး မည်သူမျှ ရွေးကောက်ပွဲတွင် လုံးဝ မပါဝင်ကြရန်နှင့် ပါဝင်သူများကို ထိရောက်စွာ အရေးယူမယ်လို့ ဟားခါးမြို့နယ်မှာ စစ်ရေးလှုပ်ရှားနေတဲ့ ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ CDF-Hakha တပ်ဖွဲ့က ဒီကနေ့ အောက်တိုဘာလ ၁၄ ရက်မှာသတင်းထုတ်ပြန်ပါတယ်။
ဟားခါးမြို့နယ်၊ ဗန်ဟားကျေးရွာက ကျောင်းကို အောက်တိုဘာလ (၁၃)ရက်နေ့က ကျောင်းသား/သူများ စာသင်ချိန် မနက် ၁၀နာရီခန့်တွင် စစ်ကော်မရှင်မှ ကြောက်မက်ဖွယ်ရာနှင့် ရက်စက်ကြမ်းကြုတ်စွာ လေကြောင်းတိုက်ခိုက်ခဲ့ရာ ကျောင်းသားတစ်ဦး(၈နှစ်)နှင့် ကျောင်းသူ တစ်ဦး(၁၂နှစ်)သေဆုံးရပြီး (၂၁)ဦး ဒဏ်ရာ (၂ဦးစိုးရိမ်) ရရှိဆုံးရှုံးခဲ့ရသည့်အတွက် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသလို ခံစားရသူ မိသားစုနှင့် ရွာသူရွာသားများနဲ့အတူ ထပ်တူဝမ်းနည်းကြေကွဲရတယ်လို့ CDF-Hakha တပ်ဖွဲ့က ဆိုပါတယ်။
ဗန်ဟားကျေးရွာသည် CDF-Hakha ၏ တပ်စခန်းမဟုတ်ကြောင်း၊ အရပ်သားပြည်သူ ကလေးများ ပညာသင်ကြားရာနေရာဖြစ်သည့် ကျောင်းကို ရည်ရွယ်ချက်ရှိရှိ စစ်ကော်မရှင်မှ ပစ်မှတ် သတ်မှတ်တိုက်ခိုက်ခြင်းသည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများနှင့် အခြေခံ လူ့အခွင့်အရေးဆိုင်ရာ နိယာမများ၊ လက်နက်ကိုင်ပဋိပက္ခဥပဒေများကို ဆိုးရွားစွာ ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်တယ်လို့ CDF-Hakha က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီမှ အရပ်သားများ၊ ပြည်သူ့အဆောက်အအုံများနှင့် ကျောင်းများ၊ ဆေးရုံများနှင့် ဘာသာရေးအဆောက်အအုံများ ကာကွယ်စောင့်ရှောက်မည့်အစား တိုက်ခိုက်ခြင်းကို ချက်ချင်းရပ်တန့်ရန် လိုအပ်ပြီး ဤကဲ့သို့ တိုက်ခိုက်မှုကို စီစဉ်သူ၊ ခွင့်ပြုသူနှင့် အကောင်အထည် ဖော်သူများကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းအဖွဲ့အစည်းများမှ ဖိအားပေးရန်ကိုလည်း CDF – Hakha Central Council အနေနဲ့ တိုက်တွန်းထားပါတယ်။
ဒါ့ပြင် စစ်ကော်မရှင်မှ ပြည်သူ့အာဏာကို ပြည်သူလူထုလက်သို့ ပြန်လည်အပ်နှင်းပြီး စစ်အာဏာရှင်စနစ်ကို အပြီးတိုင် ဖျက်သိမ်းသည်အထိ ပြည်သူနဲ့အတူ တိုက်ပွဲဝင်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

