
အောက်တိုဘာလ ၁၇ ရက်။
ချင်းပြည်နယ် ဇိုတုန်ဒေသက ဂန့်ဂေါ – အိုက်ကား လမ်းနဲ့ ဟားခါး-မတူပီလမ်း တွေမှာ ၂၀၂၅ခုနှစ် မိုးရာသီကာလတစ်လျှောက်လုံး မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် လမ်းမြေပြိုမှုတွေ၊ တွေ လမ်းပျက်စီးမှုအလွန်များပြားခဲ့လို့ ပြုပြင်ဆောင်ရွက်နိုင်ဖို့ ရန်ပုံငွေတွေ များစွာလိုအပ်နေတယ်လို့ ဇိုတုန်ဖက်ဒရယ်ကောင်စီက အောက်တိုဘာလ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အောက်တိုဘာလ ၁၀ ရက်နေ့က ဂန့်ဂေါ-အိုက်ကားလမ်းပိုင်း ၄၆ မိုင်မှာ တောင်ပြိုကြီးနေရာတွင် မြေပြိုကားလမ်းပိတ်ခဲ့ပြီး ၎င်းမြေပြိုကို အောက်တိုဘာလ(၁၅)ရက်နေ့တွင်မြေပြိုဖယ်ထားသော်လည်းကျောက်တုံးကြီးများ ဆက်တိုက်ကျနေသောကြောင့် မြေပြိုမဖယ်နိုင်၍ ရပ်နားခဲ့ရပါကြောင်း၊အောက်တိုဘာလ (၁၆)ရက်နေ့တွင် မြေပြိုထပ်ဖယ်ကာ နေ့လည် ၁၂ နာရီမှာ လမ်းပွင့်ပြီး ကားအချို့ဖြတ်သန်းသွားလာခဲ့ကြပါကြောင်း၊ညနေ ၁ နာရီမှာမြေထပ်ပြိုကာ ကျောက်ခဲများအဆက်မပြတ်ထပ်ကျ၍ မြေပြိုဖယ်လို့မရသဖြင့် ရပ်နားခဲ့ရပါကြောင်း၊ထပ်ပြီးမြေပြိုနိုင်ခြေရှိပါသဖြင့် လမ်းရှင်းထားပြီးလမ်းပွင့်ချိန်တွင် ဖြတ်သန်းသွားလာထားကြပါရန် လိုအပ်တယ်လို့ ဇိုတုန်ဖက်ဒရယ်ကောင်စီက အသိပေးထုတ်ပြန်ထားပါတယ်။
ဒါ့ပြင် ဟားခါး-မတူပီလမ်း မိုင်တိုင်(၈၀) မှ (၉၀) ကြား ဆရောချောင်း မှာလည်း မြေပြိုနေရာ (၈) နေရာကျော်မှာ မိုးရွာတိုင်း ရွှင့်ပျော်ရည်များကျကာ မြေုပြိုနေပြီး ဒါကြောင့် မြေပြိုများကို အကြိမ်ကြိမ်ရှင်းနေရတယ်လို့လည်း ဆိုပါတယ်။
၂၀၂၅ခုနှစ် မိုးရာသီကာလ တစ်လျှောက်လုံး မိုးအဆက်မပြတ်ရွာသွန်းသောကြောင့် ကားလမ်းမြေပြိုမှုများ၊ လမ်းပျက်စီးမှုများ အလွန်များပြားလွန်းပါကြောင်း၊သို့သော် ဇိုတုန်ဖက်ဒရယ်ကောင်စီအနေဖြင့် ဒီလမ်းမကြီးများကို မှီခိုနေကြသည့် ဒေသနှင့်မြို့နယ် အားလုံးအတွက် ကုန်စည်ပြတ်လပ်မှုမဖြစ်အောင် နှင့်ခရီးသည်များပုံမှန်သွားလာနိုင်အောင် ကြိုးစားဆောင်ရွက်ခဲ့ပြီး သို့သော် ရန်ပုံငွေလိုအပ်ချက် များစွာဖြင့်ဆောင်ရွက်ရသည့်အတွက် နောက်ထပ်ဆက်လက်ဆောင်ရွက်ရန် ရန်ပုံငွေများစွာလိုအပ်နေသောကြောင့် ဒီလမ်းမကြီးများကို မှီခိုသွားလာနေကြသော မြို့နယ်၊ဒေသ များအနေဖြင့် ပူပေါင်းပါဝင်ပေးကြဖို့ ဇိုတုန်ဖက်ဒရယ်ကောင်စီမေတ္တာရပ်ခံထားပါတယ်။
ဇိုတုန်ဒေသဖြစ်တဲ့ မတူပီမြို့နယ် ရေဇွာမြို့ကို CDF – Zotung ပါဝင်တဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ စစ်ကောင်စီလက်ထဲကနေ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

