
အောက်တိုဘာလ ၁၈ ရက်။
မိုးတွင်းကာလမှာ ကလေး-တီးတိန်လမ်း ပျက်စီး နေတာ ကြောင့် ကလေး-တီးတိန် လမ်းလွှဲ အဖြစ် အသုံးပြုသည့် ခိုင်ကမ်း-ပိမ်းပိ-တွီးဆောက်-ဆူဇန် လမ်းပိုင်းကို စက်တင်ဘာလ နောက်ဆုံးပတ် ကနေ စတင်ပြီး အရပ်ဘက်လူမူအဖွဲ့အစည်း/လူပုဂ္ဂိုလ်များမှ ဦးဆောင် ပြုပြင် ခဲ့တာကြောင့် လမ်းပိုင်းတလျှောက် အပျက်အစီး နည်းလာကာ လမ်းခရီးပိုမို မြန်ဆန် လာတယ် လို့ လမ်းပြုပြင်ရေး ဦးဆောင်သူ ထံမှ သိရှိရပါတယ်။
“မြေသားလမ်း ဖြစ်နေတော့ မိုးတွင်းမှာ အတော် ပျက်စီးခဲ့တယ်။ စက်တင်ဘာလ နောက်ဆုံးပတ် ကနေ ကျွန်ုပ်တို့ အရပ်ဘက်တွေက ဦးဆောင် အလှူခံပြီး JCB ငှားရမ်း ပြုပြင်ခဲ့တာပါ။ သက်ဆိုင်သူ အားလုံးက ကဏ္ဍ အသီးသီး ကနေ ကူညီ ပေးကြပါတယ်။ ကားသမားတွေကလည်း သတ်မှတ်နှုန်းထား အတိုင်း အလှူငွေ ထည့်ပေးကြတယ်။ မိုးရွာရင် လမ်းက ပျက်နေတုန်းပဲ။ အခုထိ လမ်းပြုပြင်တာ မပြီး နိုင်သေးဘူး။ အရင်က ထက်တော့ အများကြီး သက်သာ သွားပြီ” လို့ လမ်းပြုပြင်ရေး ဦးဆောင်သူက Chin World Media ကို ပြောပါတယ်။
JCB စက်ကြီးကို တစ်နာရီ ကျပ် ၂ သိန်း နဲ့ ငှားရမ်း လုပ်ကိုင်ရကြောင်း၊ ရရှိတဲ့ အလှူငွေ နဲ့ ကုန်ကျစရိတ် ကာမိမှု မရှိသေးကြောင်း၊ လက်ရှိတွင် ကုန်တင်ကားများ ဖြတ်သန်း သွားလာခြင်း မပြုနိုင်သေးကြောင်း၊ အရင်က တနေကုန် သွားခဲ့ရသည့် ခရီးသည်တင် ကားများ အနေဖြင့် ကလေး-တီးတိန်ကို ၄ နာရီ ခန့်ဖြင့် ရောက်ရှိ နေပြီ ဖြစ်ကြောင်း၊ အရင်က ည အိပ်ခဲ့ရသော ကလေး-ရိဒ် ခရီးသည်တင်ကားများ တရက်တည်းဖြင့် အရောက် သွားလာနိုင်ပြီ ဖြစ်ကြောင်း လမ်းပြုပြင်ရေး ဦးဆောင်သူထံမှဆက်လက် သိရှိရပါတယ်။
“အစိုးရ ဘတ်ဂျက် မလာဘူးလား လို့ လာပြောတဲ့ လူတွေ ရှိတယ်။ လမ်း အဆင်မပြေတာကြောင့် ကုန်ဈေးနှုန်းတွေတက်တာ၊ နာရေး ကိစ္စကြုံရင် နှောင့်နှေးတာ၊ ခရီးသည်တွေ သောင်တင်တာ တွေက အရေးပေါ် ကိစ္စတွေ ဖြစ်နေတယ်။ ဘတ်ဂျက် လာရင် ပိုကောင်းအောင် ပြုပြင် လိမ့်မယ်။ လောလောဆယ်တော့ အရေးပေါ်ကိစ္စတွေ အတွက် လမ်း အသုံးပြုတဲ့ ပြည်သူတွေက ကိုယ်ထူကိုယ်ထ လုပ်မှ အဆင်ပြေမယ် ဆိုပြီး အခုလို အားလုံး ပူးပေါင်း ဆောင်ရွက်ခဲ့ရတာပါ” လို့လည်း လမ်းပြုပြင်ရေး ဦးဆောင်သူများ ထံမှ သိရှိရပါတယ်။
၂၀၂၅ ခုနှစ် မေလ ၁၉ ရက်နေ့ မနက်မှာ စစ်ကော်မရှင်တပ် ခိုင်ကမ်းမြို့ကနေ ချင်းတောင်သို့ စစ်ကြောင်းထိုးခဲ့ပြီး နောက်ပိုင်း ကလေး-သိုင်းငင်းလမ်းကို ပိတ်ပစ်ခဲ့တာကြောင့် ကလေးမြို့ကနေ တီးတိန် နှင့် ရိဒ် ဘက်သွားမည့် ခရီးသည်များဟာ ခိုင်ကမ်း-ပိမ်းပိ-တွီးဆောက်-ဆူဇန် မြေသားလမ်းကို အသုံးပြုခဲ့ရပြီး ကုန်တင်ကားများဟာ ကလေး-ဝေဘူလ-ဗားရ်တံတား လမ်းကို အသုံးပြု ကုန်သွယ် ကြကာ ဗားရ်တံတား က တဆင့် သက်ဆိုင်ရာ ဒေသ အသီးသီးကို သွားခဲ့ရ ပါတယ်။