

အောက်တိုဘာလ ၃၁ ရက်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ကလေး – ဂန့်ဂေါလမ်း ပေါ်က တော်လှန်ရေးအဖွဲ့တွေ နှစ်နဲ့ချီထိန်းထားတဲ့သံဖိုကျေးရွာကို စစ်ကော်မရှင်တပ်က ဒီကနေ့ အောက်တိုဘာလ ၃၁ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်လောက်မှာ စတင်ဝင်ရောက်နေပြီဖြစ်ကာ ကလေးမြို့မှဂန့်ဂေါမြို့အထိ တောက်လျှောက် ထိန်းနိုင်အောင် ထိုးစစ်ဆင် နေတယ်လို့ သိရလို့ ဒေသခံသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
ဒေသခံသတင်းရင်းမြစ်တစ်ဦးက “ သံဖိုဝင်ပြီလို့သိရတယ် လက်ရှိမှာ တိုက်ပွဲဆက်ဖြစ်နေတာမျိုးတော့ မရှိသေးဘူး တခြားအခြေအနေတွေတော့ မသိရသေးဘူး စစ်ကော်မရှင်တပ်ဖွဲ့က ဂန့်ဂေါအထိ ပေါက်အောင်ထိုးမဲ့ ပုံ ရှိနေတယ်” လို့ပြောပါတယ်။
စစ်ကော်မရှင်တပ်ဖွဲ့ဟာ တော်လှန်ရေးထိန်းချုပ်နယ်မြေတွေကို အင်အားအမြောက်များ သုံးပြီး လျင်လျင်မြန်မြန် စစ်ကြောင်းထိုးဝင်ရောက် ထိန်းချုပ်နေသလို လက်ရှိမှာလည်း စစ်ကော်မရှင်တပ်ဖွဲ့ဟာ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကလေး – ဂန့်ဂေါ ကားလမ်း ပေါ်က ကမ်းပါးနီးစခန်းဆီကို လျင်မြန်စွာ ဦးတည်သွားလာနေတာဖြစ်တယ်လို့ သိရပါတယ်။
ကလေးတောင်ပိုင်း ကလေး – ဂန့်ဂေါ ကားလမ်းမတလျောက် ကျေးရွာတွေဖြစ်တဲ့ သာယာကုန်းကနေ ကမ်းပါးနီအထိ တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားတာဖြစ်ပြီး လက်ရှိမှာ စစ်ကော်မရှင်တပ်ဖွဲ့က အင်အားအမြောက်အများနဲ့ စစ်ကြောင်းထိုးပြီး ကလေး – ဂန့်ဂေါ လမ်းတ လျှောက်က နေရာအများစုကို ပြန်လည်ထိန်းချုပ်လာနေတာလည်းဖြစ်ပါတယ်။
စစ်ကော်မရှင်တပ်ဖွဲ စစ်ကြောင်းထိုးတိုက်ခိုက်နေတာကြောင့် ကလေး – ဂန့်ဂေါ ကားလမ်းမတလျှောက်က ကျေးရွာပေါင်း ၃၆ ရွာခန့်က လူဦးရေ ၃ သောင်းကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ်စားနပ်ရိက္ခာ အကူအညီတွေလည်း လိုအပ်နေကြတယ်လို့ သိရပါတယ်။
စစ်ကော်မရှင်တပ်ဖွဲ့က ၎င်းတို့ရွေးကောက်ပွဲ မတိုင်ခင်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကလေး – ဂန့်ဂေါလမ်းနဲ့ ကလေး – တမူးလမ်းမကြီးတွေကို ပြန်ထိန်းချုပ်နိုင်ဖို့ စစ်အင်အားအမြောက်အများနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေကြလို့လည်း သိရပါတယ်။

