
အောက်တိုဘာလ ၂၉ ရက်။
စစ်ကော်မရှင်တပ်စစ်ကြောင်းထိုးနေတဲ့ စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ် တောင်ပိုင်းက ကလေး – ဂန့်ဂေါကားလမ်းတလျှောက်က ကျေးရွာပေါင်း ၃၆ ရွာခန့်က အရပ်သားပြည်သူ ၃ သောင်းကျော်ဟာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ် စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့တွေဆီကနေ သိရပါတယ်။
စစ်ဘေးရှောင်ကူညီရေးအဖွဲ့တစ်ခုဖြစ်တဲ့ Lighthouse အဖွဲ့ရဲ့ တာဝန်ခံတစ်ဦးက “ဒီကနေ့အထိ စကစ ကတော့စစ်ကြောင်းဆက်လက်ထိုးနေတယ် တိုက်ပွဲတွေလည်း ပြင်းထန်နေတယ် ကလေး – ဂန့်ဂေါလမ်းဘေးမှာရှိတဲ့ ကျေးရွာတွေက အရပ်သားပြည်သူ အနည်းဆုံး ၃ သောင်းကျော်ဟာ စစ်ဘေးရှောင်နေကြရတယ် လတ်တလော စစ်ဘေးရှောင်တွေ အရေးပေါ်စားနပ်ရိက္ခာအကူအညီတွေ အထူးလိုအပ်နေကြတယ် ကျနော်တို့ကလည်း တက်စွမ်းသလောက် ကူညီပေးနေပါတယ် ကူညီမှုတွေကတော့ အင်မတန် လိုအပ်နေပါသေးတယ်” လို့ပြောပါတယ်။
ကလေး – ဂန့်ဂေါလမ်းမဘေးရှိ ကျေးရွာတွေဖြစ်တဲ့ ထိုမာ၊ သာယာကုန်း၊ ကျွန်းချောင်း နဂါးပွတ်၊ မြို့ကြီးကုန်း၊ အရှေ့စံသာ၊ အနောက်စံသာ၊ သုံးအိမ်စု၊ လေးအိမ်စု ၊ စီးစံ ၊ ရှားတော၊ မြောင်းစုံ၊ ထောက်ကြန့်၊ ကြာအင်း၊ စည်သာ၊ နတ်ချောင်း၊ နတ်မြောင်း၊ အင်းစိန်၊ ချောင်းခွ၊ ဟားခါးလေး၊ ရေစို၊ ငဖား ၊ အောင်ချမ်းသာ ၊ ဟဲလုပ်၊ ခွေကျိမ်၊ သံဖို၊ ရန်ကြီးအောင်၊ ခုံတိုးမြို့သာ ၊ မြောက်စည်း၊ ကျော်ရွာ၊ မှန်တော်၊ အောင်သာယာ၊ အောင်မင်္ဂလာ၊ ရှားဖို၊ တင်သား နဲ့ ဆည်တော ရွာတို့က ဒေသခံအရပ်သား ၃ သောင်းကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့တွေဖက်က ပြောပါတယ်။
စစ်ကော်မရှင်တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ လောက်ကစလို့ ကလေးတောင်ပိုင်းကို အင်အားအမြောက်များဖြည့်တင်းပြီး စစ်ကြောင်းထိုးခဲ့တာဖြစ်ပါတယ်။
စစ်ကော်မရှင်တပ်ဖွဲ့က ၎င်းတို့ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်ခင် တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကလေး – ဂန့်ဂေါ လမ်း နဲ့ ကလေး – တမူးလမ်း တွေကို ပြန်ထိန်းချုပ်နိုင်ဖို့ အသည်းသန် ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့လည်း သိရပါတယ်။

