
စက်တင်ဘာလ ၂၂ ရက်။
ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ ( ဒိုင်ရ်) Chinland Defense Force-Daai ( CDF – Daai ) တည်ထောင်တဲ့ ၄ နှစ်ပြည့်တဲ့ နေ့ မနေ့ စက်တင်ဘာလ ၂၁ ရက်နေ့မှာ CDF – Mindat နဲ့ အာရက္ခတပ်တော် (AA) ကို ကျေးဇူးတင်တဲ့အကြောင်း CDF – Daai ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
CDF – Daai ဖြစ်ပေါ်လာစေရေးအတွက် ပထမဆုံး အပတ်စဉ် (၁) နဲ့ အပတ်စဉ် ၂ တို့တွင် စစ်ပညာသင်ကြားပေးခဲ့တဲ့ CDF – Mindat ကို အထူးကျေးဇူးတင်တဲ့အကြောင်း နဲ့ CDF – Daai ကို ကျစ်လစ်ခိုင်မာပြီး အင်အားကောင်းမွန်လာစေရေးအတွက် စစ်သင်တန်းပေးခြင်း၊ လက်နက်ခဲယမ်းထောက်ပံ့ပေးခြင်း၊ ရိက္ခာထောက်ပံ့ပေးခြင်းနှင့် ရှေ့တန်းစစ်မြေပြင် အတွေ့အကြုံတွေ ရရှိနိုင်အောင် လက်တွဲခေါ်ပေးပြီး ကူညီပေးတဲ့ အာရက္ခတပ်တော် (AA)၊ အာလဖာ (၃) စစ်ဒေသကို အထူးကျေးဇူးတင်တဲ့အကြောင်းနဲ့ CDF – Daai အနေနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ မဟာမိတ်ဆက်ဆံရေး ဆက်လက်တည်ဆောက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
၄ နှစ်တာကာလအတွင်း ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ ( ဒိုင်ရ်) CDF – Daai ကို အဖက်ဖက်က ကူညီပေးခဲ့ကြတဲ့ ပြည်တွင်းပြည်ပရှိ အလှူရှင်တွေကိုလည်း အထူးကျေးဇူးတင်တဲ့ကြောင်း နဲ့ တော်လှန်ရေးအရှိန်မပျက် တိုက်ပွဲဝင်နိုင်အောင် ဆက်လက်ကူညီပံ့ပိုးပေးကြဖို့ကိုလည်း တိုက်တွန်းထားတဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
တော်လှန်ရေးတွင် အသက်ပေးလှူသွားတဲ့ သူရဲကောင်းတွေရဲ့ သစ္စာကိုတိုင်တည်ပြီး CDF – Daai ရဲ့ တော်လှန်ရေးရည်ရွယ်ချက်ဖြစ်တဲ့ အများပြားပြည်သူ မျော်လင့်တဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်ရေး၊ ချင်းအမျိုးသားတည်ဆောက်နိုင်ရေး၊ လုပ်ငန်းများ အောင်မြင်ပြီးစီးတဲ့ထိ ညီအစ်ကို တောလှန်ရေး အင်အားစုတွေ နဲ့ ပူးပေါင်းပြီး မဆုတ်မနစ် ဆက်လက်တိုက်ပွဲဝင် သွားမှာဖြစ်တယ်လို့လည်း CDF – Daai က ထုတ်ပြန်ထားပါတယ်။
ချင်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ် ၄ မြို့နယ်အတွင်း(မင်းတပ်၊ကန်ပက်လက်၊မတူပီ၊ပလက်ဝမြို့နယ်များ) ပြန့်ကျဲနေထိုင်နေကြတဲ့ ဒိုင်ရ်လူမျိုးနွယ်စုတွေကို စုစည်းပြီး ဒိုင်ရ်ဒေသန္တရကောင်စီ ကို ဖွဲ့စည်းပြီး ဒိုင်ရ်လူထု ခေတ်အဆက်ဆက်ကြိုးပမ်းလာခဲ့ကြတဲ့ အုပ်ချုပ်ရေးယူနစ်တစ်ခုအတွင်း စုစည်းနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်မှု အတိုင်းတာတစ်ခုအထိ အောင်မြင်မှုရခဲ့ပြီး ဒိုင်ရ်ဒေသအားလုံး အုပ်ချုပ်ရေးယူနစ်တစ်ခုအောက် စုစည်းမှု အောင်မြင်သည်အထိ ဆက်လက်ကြိုးပမ်းသွားမှာဖြစ်သလို ချင်းအမျိုးသားတည်ဆောက်ရေး၊ ချင်းပြည်တည်ဆောက်ရေးတို့တွင်လည်း ချင်းတော်လှန်ရေးအင်အားစုတွေနဲ့အတူ လက်တွဲဆောင်ရွက်သွားမှာဖြစ်တယ်လို့ CDF – Daai ကထုတ်ပြန်ထားပါတယ်။