


စက်တင်ဘာလ ၂၁ ရက်။
အာဏာသိမ်းစစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲဟာ အရှေ့တောင်အာရှနိုင်ငံများအသင်း ( ASEAN) ရဲ့ ဘုံသဘောတူညီချက် (၅) ရပ်ကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်သလို တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ဆန္ဒနဲ့လည်း ဆန့်ကျင်နေတဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)ပါဝင်တဲ့ တိုင်းရင်းသားလူမျိုးများကောင်စီ ( Multi Ethnic Councils – MEC) နဲ့ ဖက်ဒရယ်ယူနစ် အဖွဲ့အစည်းများက ဒီကနေ့ စက်တင်ဘာလ ၂၁ ရက်နေ့မှာ သဘောထားထုတ်ပြန်ပါတယ်။
ချင်းအမျိုးသားတပ်ဦး – CNF ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ – KNPP ၊ ကရင်အမျိုးသားအစည်းအရုံး – KNU ၊ မွန်ပြည်သစ်ပါတီ (အာဏာရှင်တိုက်ဖျက်ရေး) – NMSP (AD) ၊ တအောင်းပြည်ကောင်စီ – TLC ၊ ပအိုဝ်းအမျိုးသားကောင်စီ – PNFC ၊ မွန်ပြည်နယ်ဖက်ဒရယ်ကောင်စီ – MSFC ၊ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ – KSCC ၊ အမျိုးသမီးများအဖွဲ့ချုပ် ( မြန်မာနိုင်ငံ) -–WLB ၊ လားဟူဒီမိုကရေတစ်အစည်းအရုံး – LDU ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်တော်လှန်ရေးအင်အားစုများ၊ မန္တလေးနိုင်ငံရေး စင်္ကြဖြစ်မြောက်ရေးအဖွဲ့ ( OFMPP) ဆိုတဲ့ တိုင်းရင်းသားလူမျိုးများကောင်စီ ( MEC) နဲ့ ဖက်ဒရယ်ယူနစ် အဖွဲ့အစည်း တို့က အခုလိုပူးတွဲထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းစစ်အုပ်စုအနေနဲ့ ၎င်းတို့ကိုယ်တိုင် တဖက်သတ် ရေးဆွဲပြဌာန်းခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းချက်တွေကို ချိုးဖောက်ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့တာကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာလည်း ပျက်ပြယ်ပြီးဖြစ်သလို ရွေးကောက်ပွဲကိုလည်း ကျင်းပဖို့ အခွင့်အာဏာမရှိဘူးလို့ ဆိုပါတယ်။
နိုင်ငံရေးထွက်ပေါက်အနေဖြင့် တရားမဝင် အတုယောင်ရွေးကောက်ပွဲကို ကျင်းပရန် ကြိုးစားခြင်းသည် ဒီမိုကရေစီ ကျင့်စဉ်ကို ချိုးဖောက်ပြီး ပြည်သူလူထုရဲ့ နိုင်ငံရေးစိတ်ဆန္ဒကို ဆန့်ကျင်ပြီး အချုပ်အခြာအဏာကို မတရား ရယူဖို့ ကြိုးပမ်းခြင်း သာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံကို အသက်သွင်းပြီး စစ်အာဏာရှင် သက်ဆိုးရှည်စေဖို့ ရည်ရွယ်လုပ်တဲ့ ရွေးကောက်ပွဲရလဒ်က တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေနဲ့ ဖက်ဒရယ်ယူနစ်စနစ် အဖွဲ့အစည်းတွေလိုလားတဲ့ ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး ဖက်ဒရယ်ချဉ်းကပ်မှု ( Bottom – Up Federalism Approach) အရ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မှာမဟုတ်သလို ဒီမိုကရေစီအရေး၊ လူ့အခွင့်ရေး၊ အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့ ပိုမိုခက်ခဲလာစေမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
တိုင်းရင်းသားလူမျိုးများကောင်စီ ( MEC) အနေနဲ့ ဖက်ဒရယ်ယူနစ် အဖွဲ့အစည်းများအနေဖြင့် ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး ဖက်ဒရယ် ချဉ်းကပ်မှုဖြင့် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးကို ရည်မှန်းထားသည်နဲ့အညီ အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ဒီမိုကရက်တစ် အစိုးရတစ်ရပ် ပေါ်ပေါက်ရေးအတွက် ဖက်ဒရယ်အသွင်ကူးပြောင်းရေးကာလဆိုင်ရာ အခြေခံဥပဒေ ရေးဆွဲရေး လုပ်ငန်းတွေကို အစဉ်တစိုက်ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်အုပ်စုက ၎င်းတို့လိုချင်တဲ့ ရွေးကောက်ပွဲရလဒ်ကို ပုံဖော်ရယူနိုင်ရေး တရားမဝင် အတုယောင်ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ အပိုင်းလိုက် ရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပဖို့ ပြင်ဆင်နေတဲ့ကြောင်းလည်း သိရပါတယ်။
တိုင်းရင်းသားလူမျိုးများကောင်စီ ( MEC) ကို ၂၀၂၄ ခုနှစ် ၊ မေလ (၂၁ – ၂၂ ) ရက်နေ့ တွင်ကျင်းပပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှ စတင်ပြီး ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး ဖက်ဒရယ်အခြေခံချဉ်းကပ်မှုဖြင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်သွားဖို့ သဘောတူခဲ့ကြတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။