သူကြီးဟောင်း အဖြစ်မှ အမတ်လောင်း

ဘကြီး ဦးကန့်လန့် မြို့တက်ရင် မထင်တဲ့ဟာတွေ ပါလာ တတ်သည်။ တောထဲကနေရတဲ့ အသီးအရွက်တော့ မဟုတ်။ သိစရာ၊ မှတ်စရာတွေ ဖြစ်သည်။ ဦးကန့်လန့် က တကယ့် နာမည် အရင်းတော့ မဟုတ်။ နာမည် အရင်း က ချင်း နာမည်ဖြစ်သည်။ ဦးကပ်လန့် ဖြစ်သည်။ စကားပြောရင် ကန့်လန့်ကျတာ များတော့ ဦးကန့်လန့် ဟု ခေါ်ကြရာ နာမည်ရင်းပင် ပျောက်သွားသည်။

ဒီတခေါက် မြို့တက်လာတော့ ကိုယ်လို လူငယ်တွေ တသိုက် သူ့ကို လက်ဖက်ရည်တိုက် ပြီး စကား နှိုက်ခဲ့ ရပြန်ပြီ။ ဦးကန့်လန့် ကတော့ အနှိုက်မခံ ကိုယ့်ဘက်ကို ပြန်လာ နှိုက်လိုက်သည်။

“ဒီရက်ပိုင်း ဘာ သတင်း ထူးလဲဗျ”

“ဟ၊ အဘ ကလည်းဗျာ။ ဖုန်းလိုင်းလည်း မရ၊ အင်တာနက်လည်း မရနဲ့။ ဖုန်းသာ ကိုင်တာ ဘာ သတင်းပုလင်းမှ မမြင်ရပါဘူးဗျာ”

“ခင်ဗျာတို့ လူငယ်တွေကတော့ ဗျာ။ မပြောချင်ဘူး။ နွေဦးတော်လှန်ရေး စတော့ ဓာတ်ခဲထည့်တဲ့ ရေဒီယိုလေး ဆောင်ထား ဘာညာနဲ့။ ဈေးကွက် ပျောက်သွားတဲ့ စက်ဟောင်းတွေ ဈေးကြီးပေးပြီး အလုအယှက် ဝယ်ကြတယ်။ အခုကော၊ ဘယ်မှာလဲ နင်တို့ ရေဒီယိုတွေ”

ဆွံ့အ သွားမိတာ အမှန်။ တိတ်တိတ် နေခြင်းသည် ဝန်ခံခြင်း မည်၏ တဲ့။ ပြောရင်း သူ့ လွယ်အိတ် ထဲကနေ တရုတ်လုပ် ရေဒီယို အစုတ် တလုံး ထုတ်လာခဲ့သည်။

“ဟေ့ အထင်သေးတဲ့ အကြည့်နဲ့ မကြည်နဲ့။ အဲတာ ငါ့ ခရီးဆောင် ရေဒီယိုကွ။ ပျက်လည်း မနှမျောဘူး။ သုံးထောင် နဲ့ ဝယ်ထားတာ။ ရွာမှာ အကောင်းစား စားပွဲတင် ရေဒီယို တစ်လုံး၊ အိတ်ဆောင် တလုံး ရှိသေးတယ်။ ရေဒီယို ရှိနေသရွေ့ ငါနဲ့ သတင်းနဲ့ မပြတ်ဘူးကွ”

ဒီနေ့တော့ တာထွက်မှာတင် ဦးကန့်လန့်က အသာစီး နေခဲ့သည်။ စကား ဘယ်လိုစရမှန်း မသိ၊ တိတ်ဆိတ်မှုက စားပွဲဝိုင်းကို ခဏသာ နေရာယူ လိုက်သည် အထိ။ သို့သော် ဦးကန့်လန့်ပဲ စကား စလာ ခဲ့သည်။

“ဟေ့ ဒီ တခေါက် ရွေးကောက်ပွဲမှာ လွှတ်တော် အမတ်လောင်း တွေက ဆယ်တန်း ပြီးတဲ့ လူဖြစ်မှ ရမယ် ဆိုပဲ။ ဆယ်တန်း မအောင်လို့ ၉ တန်း အောင်လက်မှတ် နဲ့ နှစ်ပါးသွားတဲ့ ကိုယ်လိုလူတွေတော့ ဒုက္ခ ရောက်ပြီ”

“အဘ က ဆယ်တန်းပြီးအောင် တက်တယ် မလား”

“တက်တယ်။ မအောင်ဘူး။ ငါတို့ ခေတ်တုန်းက အခု အမတ်လောင်းတွေ လိုအပ်တဲ့ အထက်တန်း ပြီးဆုံးကြောင်း လက်မှတ် ဆိုတဲ့ဟာကြီး မရှိဘူး။ ယူချင်ရင် တော့ ၉ တန်း အောင်လက်မှတ် ထုတ်ပေးတယ်”

“ဒါဆို၊ အဲလိုကြီးက တော့လွန်တာပေါ့”

“မလွန်ဘူး။ စစ်တပ်က ဆယ်တန်း မအောင်တဲ့ လူလည်လူရှုပ်တွေ ဖြုတ်ထုတ် ချင်တာ။ ဘာမှ မတတ်ရင်နေ အထက်တန်းပြီးဆုံးကြောင်း လက်မှတ်လေး ကိုင်ခဲ့ရတဲ့ နင်တို့လို လူငယ်တွေကို ညာပေါင်းချင်တာ နေမှာပေါ့”

“မဆိုင်လိုက်တာ။ အဘ ကလဲ၊ ကိုယ် အမတ်လောင်း ဖြစ်ခွင့် မရတိုင်း တို့လူငယ်တွေကို လာမဲတယ်”

“ဟဲ့ အမတ်လောင်း မပြောနဲ့၊ ငါက ဆယ်အိမ်ခေါင်းတောင် လိုက်မလုပ်တဲ့ လူကွ”

“အဘရယ်၊ ဆယ်အိမ်ခေါင်း နဲ့ အမတ်လောင်းက တော့ ကွာပါတယ်ဗျာ”

“ငါက တူတယ်လို့ ပြောလို့လားကွ”

“မပြောပါဘူး”

“ငါ့လို ကန့်လန့် တိုက်တတ်တဲ့ လူကို အမတ်လောင်း မပြောနဲ့၊ ဆယ်အိမ်ခေါင်းတောင် ဘယ်သူမှ မရွေးဘူးကွ။ ဒါပေမယ့် အမတ်လောင်း လုပ်မယ့် ကောင်တွေက တစ်နှစ် နှစ်နှစ် လောက်တော့ ရွာသူကြီး လုပ်သင့်တယ်ကွ”

“ဘာဖြစ်လို့လဲဗျ”

“တချို့ အမတ်လောင်း လုပ်ချင်တဲ့ ကောင်တွေဗျာ၊ မဲဆန္ဒနယ် တခုလုံး မပြောနဲ့။ ကျေးရွာ အုပ်စု တခုမှာ အုပ်ချုပ်ရေးမှူး အရွေးခံရင်တောင် အနိုင်ရမယ့် ကောင်တွေ မဟုတ်ဘူးဗျာ”

“အဲတာတော့ အဘရာ၊ ဒီရွာ၊ ဒီအုပ်စုက မကြိုက်လည်း ကြိုက်တဲ့ ဒေသတော့ ရှိမှာပေါ့။ တရွာမပြောင်း သူကောင်း မဖြစ် လို့ ပြောကြသေးတာပဲ”

စကားဝိုင်းက တမျိုးလေးနဲ့ ပြန်စည်လာသည်။ တအိအိ တက်လာသော မိုးတိမ်တို့သည် နေရောင်ကို တစ ပြီး တစ ဝါးမြိုလာသည်။ ဦးကန့်လန့်က လည်း ကောင်းကင်ကို ကြည့်လိုက် နာရီကို ကြည့်လိုက် လုပ်နေပြီး စကား ဆက်ပြောလာသည်။

“တရွာပြောင်းလို့ သူကြီး ဖြစ်ရင်လည်း ကောင်းတာပေါ့။ တနှစ် နှစ်နှစ် လောက် ဖြစ်ဖြစ် ကျေးရွာ အုပ်ချုပ်ရေးမှူး လုပ်ဖူးတဲ့ သူကြီးဟောင်းတွေပဲ အမတ်လောင်း လုပ်သင့်တယ် လို့တော့ ထင်တာပဲ”

“အဘကတော့ဗျာ၊ ရှင်းပါအုံး”

“အခုကျတော့ အမတ်လောင်းက ဒေသခံ ဖြစ်ရမယ် လည်း ပြောရော၊ အမတ်လောင်း လုပ်မယ့် ကောင်တွေက ညတွင်းချင်း ပုံစံ ၁၀ ပြောင်း၊ ဒေသခံ လာဖြစ်နေတာ မုန်း လွန်းလို့ ဟေ့။ တကယ့် ဒေသခံတွေက ဒေသထဲမှာ တချိန်လုံး ခံနေတာ။ သူတို့က တည လောက် လာခံ ပြီး ဒေသခံ လာဖြစ်သွားတာ ငါရင်နာတယ်”

“အဘ ကလည်း၊ သူတို့ကလည်း ဒေသ အတွက် စေတနာ ရှိလို့ အရွေးခံဖို့ အမတ်လောင်း လုပ်ကြတာလေ”

“သူတို့ စေတနာ ရှိချင်လည်း ရှိမှာပေါ့။ ဒါပေမယ့် သူတို့က ဒေသကို ကိုယ်စားပြုမယ့် ကိုယ်စားလှယ်တွေ ဖြစ်ကြမှာလေ။ ဒေသမှာ ငါတို့ ခံရတဲ့ ဟာတွေ ကိုယ်တိုင်မှ မခံရ ဘဲနဲ့ကွာ။ ငါတို့ရဲ့ ခံစားချက် နဲ့ သူတို့ရဲ့ စေတနာ ကြားမှာ ခြားနားချက် က နက်ရှိုင်းလွန်း ပါတယ်”

“အဘ ပြောလာတော့ လည်း ဝမ်းနည်း သလိုလို၊ ငိုချင် သလိုလို ကြီးဟ”

“မင်းတို့ နားလည်ရင် ငိုသင့်တယ်ဗျ။ နိုင်ငံရဲ့ လူဦးရေ အများစုက ကျေးလက်နေ ပြည်သူတဲ့။ တောသား ဖြစ်တဲ့ အများစုကြီးရဲ့ ကံကြမ္မာကို မြို့ပေါ်မှာ မိန့်မိန့်ကြီး ထိုင်တဲ့ကောင်တွေက စိတ်ကူးရာ စီစဉ်တဲ့ မူဝါဒနဲ့ ဘယ်လို ပြောင်းလဲမှာလဲကွ။ ငါ့ကိုသာ ရွေးကောက်ပွဲ ကော်မရှင် လာခန့် လို့ကတော့ အထက်တန်း အောင်လက်မှတ် မတောင်းဘူး။ အမတ်လောင်း လုပ်ချင်ရင် ကျေးလက်မှာ သူကြီးဟောင်း ဖြစ်ကြောင်း လက်မှတ် ပဲ တောင်း ပစ်လိုက်မှာ”

စကားပြောတာ တုံးတိတိ ရပ်လိုက်ပြီး မတ်တတ် ထ လိုက်သည်။ အားလုံးကို ဝေ့ဝိုက်ကြည့်ပြီး စကား ဆက်ပြောခဲ့သည်။

“ကျန်တာ မင်းတို့ပဲ ဆွေးနွေးကြတော့။ နေစောင်းပြီ။ ခြေကြော၊ လက်ကြော ကိုက်လာပြီကွ။ နောက် နာရီဝက်ဆို မိုးရွာတော့မှာ။ မိုးမရွာခင် ရွာပြန်မှ တော်ကာကျမယ်”

Leave a Reply

Your email address will not be published. Required fields are marked *