
စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲဟာ သန်းနဲ့ချီတဲ့ မြန်မာပြည်သူတွေရဲ့ ခံစားချက်နဲ့ အသက်ပေါင်း များစွာ ပေးဆပ်ခဲ့ရတဲ့ အလောင်းတွေအပေါ်မှာ လုပ်မယ့် ရွေးကောက်ပွဲဖြစ်တဲ့အတွက် တရား၀င် အဖြစ် အသိအမှတ်မပြုဖို့ ၆၀ ကြိမ်မြောက်ကျင်းပတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အစည်းအေ၀းမှာ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ အမှုဆောင်ဒါရိုက်တာ ဆလိုင်းဇအုပ်လိန်း ကပြောကြားခဲ့ပါတယ်။
ဆလိုင်းဇအုပ်လိန်းက “ဒီလိုလုပ်တာဟာ အခြေအနေကို ပိုဆိုးစေပြီး ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေကို ပိုမိုပြင်းထန်လာစေကာ နှစ်ပေါင်းများစွာ ပိုပြီး ဆင်းရဲဒုက္ခရောက်စေမှာပါ။ ဒါကြောင့် ဒီရွေးကောက်ပွဲကို တရားဝင်အဖြစ် အသိအမှတ်မပြုပါနဲ့” လို့ ပြောကြားခဲ့ပါတယ်။
စစ်ကောင်စီဟာ အာဆီယံရဲ့ သဘောတူညီတဲ့ အချက်တွေထဲက အခြေခံအကျဆုံးဖြစ်တဲ့ အကြမ်းဖက်မှုတွေရပ်တန့်ဖို့ဆိုတဲ့ ပထမဆုံးအချက်ကိုတောင် အကောင်အထည်မဖော်နိုင်တဲ့အပြင် အဲဒီသဘောတူညီချက် ငါးချက်ထဲမှာလည်းရွေးကောက်ပွဲအကြောင်း ဘာတစ်ခုမှထည့်သွင်းထားခြင်းမရှိကြောင်း၊ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း အာဆီယံရဲ့ အချက်တွေကို တစ်ခုမှ အကောင်အထည်ဖော်နိုင်ခြင်းမရှိကြောင်း ပြောကြားခဲ့ပါတယ်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့မှာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံအထူးထိပ်သီးအစည်းအဝေးမှာမြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အကြမ်းဖက်မှု ချက်ချင်းရပ်စဲရန်၊ အပြုသဘောဆောင်သော ဆွေးနွေးမှုများပြုလုပ်ရန်၊ ဆွေးနွေးမှုဖြစ်စဉ်အတွက် ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးဖို့ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်တစ်ဦးကို ခန့်အပ်ရန်၊ လူသားချင်းစာနာမှုအာဆီယံမှပေးအပ်ရန်၊ အထူးကိုယ်စားလှယ်နဲ့အဖွဲ့ဟာ မြန်မာနိုင်ငံကိုလာရောက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံရန် စတဲ့ သဘောတူညီချက်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဆလိုင်းဇအုပ်လိန်းက “စစ်ကောင်စီကို အရေးယူကိုင်တွယ်ရပါမယ်။ အဖွဲ့ဝင်နိုင်ငံတွေမှာ ဒီအာဏာသိမ်းမှု မအောင်မြင်စေရေး ကူညီပေးဖို့ တာဝန်ရှိပါတယ်။ ဒါဟာ အတွင်းရေးမှူးချုပ်ကိုယ်တိုင်က သူ့ရဲ့မစ်ရှင်ဟာ ဒီရွေးကောက်ပွဲကို မအောင်မြင်အောင် လုပ်ဖို့ဖြစ်တယ်လို့ ပြောကြားခဲ့ဖူးလို့ပါ။ ငါးနှစ်နီးပါး ကြာပြီးတဲ့နောက်မှာတောင် စစ်တပ်က ရွေးကောက်ပွဲကတစ်ဆင့် သူ့ကိုယ်သူ တရားဝင်အောင် ကြိုးပမ်းနေတာကို ကျွန်တော်တို့ တွေ့နေရတုန်းပါပဲ” လို့ပြောပါတယ်။
သူကဆက်ပြီး “ဒီလိုရွေးကောက်ပွဲတွေ လုပ်ခွင့်ပေးလိုက်မယ်ဆိုရင် အကြမ်းဖက်မှုတွေ ပိုမိုတိုးပွား လာပြီး ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေလည်း ပိုများလာပါလိမ့်မယ်။ အရပ်သားထောင် ပေါင်းများစွာကို သတ်ဖြတ်ပြီး ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ခဲ့တဲ့သူတွေဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်စရာ ဘာတစ်ခုမှ မရှိသင့်ပါဘူး။ အဖွဲ့ဝင်နိုင်ငံတွေမှာ သင့်တော်တဲ့ နိုင်ငံတကာစံနှုန်းတွေနဲ့ လူသားချင်း စာနာမှုတွေ ဆက်လက်တည်ရှိနေစေဖို့ တာဝန်ရှိပါတယ်။ ဒီလိုလုပ်ဆောင်မှုတွေကို ဒီကောင်စီကနေ စတင်ရပါမယ်” လို့ပြောပါတယ်။
ဒီဇင်ဘာလ ၂၈ ရက်မှာ အာဏာသိမ်းစစ်ကောင်စီက လုပ်မယ့် ပါတီစုံရွေးကောက်ပွဲနဲ့ပတ်သက်ပြီး CHRO အပါအ၀င် နိုင်ငံတကာ၊ ဒေသတွင်းနဲ့ မြန်မာနိုင်ငံက အရပ်ဘက်အဖွဲ့အစည်းပေါင်း ၂၀၆ ဖွဲ့က ရွေးကောက်ပွဲအတု လို့ဆိုကာ ကုလသမဂ္ဂအနေနဲ့ လက်မခံဖို့ စက်တင်ဘာလ (၄) ရက်နေ့မှာကုလသမဂ္ဂရုံးကို အိတ်ဖွင့်စာပေးပို့ခဲ့ပါတယ်။